"ယုံ" ရင် "ကြည်တယ်"
မင်္ဂလာပါမိတ်ဆွေအပေါင်းတို့ခင်ဗျာ
ကျန်းမာခြင်းသုခနဲ့ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ကမ္ဘာတစ်ဝှန်းလုံးမှာ မိမိတို့ရဲ့ကျန်းမာရေးကို စက္ကန့်နဲ့အမျှစိုးရိမ်နေကြရတဲ့အချိန်ဖြစ်လေတော့ ကျန်းမာခြင်းသုခနဲ့ပြည့်စုံပါစေကြောင်းပဲဆုတောင်းပေးလိုက်ခြင်းဖြစ်ပါတယ်။ "ကျန်းမာခြင်းသုခနဲ့ပြည့်စုံနိုင်ကြပါစေ" ဆိုတဲ့သီချင်းစာလေးလိုပဲ ကမ္ဘာသူ ကမ္ဘာသားအပေါင်း၊ မြန်မာပြည်သူပြည်သားအပေါင်း ကျန်းမာခြင်းသုခနဲ့ပြည့်စုံကြပါ၊ စိုးရိမ်ပူပန်နေကြရခြင်းကနေ လျင်မြန်စွာလွတ်မြောက်ကြပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ မေတ္တာပို့ဆုတောင်းနေတာနဲ့တင် စာတွေရှည်ကုန်ပါပြီ။ ရေးချင်တာက "ယုံကြည်မှု"ဆိုတဲ့အကြောင်းအရာ၊ ရေးနေတာက "ဆုတောင်းမေတ္တာ" ဖြစ်သွားမှာစိုးလို့ ယုံကြည်မှုကိုဆက်သွားလိုက်ပါအုံးမယ်။ လူအများကအဲဒီ "ယုံကြည်မှု" ဆိုတာကို ဘယ်လိုယူဆထားသလဲတော့မသိဘူး။ ကိုယ်ဖတ်ဖူးထားတာလေးတွေနဲ့ရေးမှာဖြစ်လို့ အမြင်မတူခဲ့သည်ရှိသော် အငြင်းအခုံလုပ်မှာမဟုတ်သလို ဆွေးနွေးလိုတာလေးတွေကိုလည်း ဆွေးနွေးသွားနိုင်ပါတယ်။ မဆွေးနွေးရင်လည်းရတာပါပဲ။
လူအချင်းချင်းပဲဖြစ်ဖြစ် လူမဟုတ်တဲ့အရာတွေနဲ့ပဲဖြစ်ဖြစ် အပြန်အလှန်ဆက်ဆံကြတဲ့အခါ အဲဒီ "ယုံကြည်မှု" ဆိုတာမပါခဲ့ရင် ဘယ်သူမှ ဘယ်အရာမှ တစ်စုံတစ်ရာအကျိုးတရားကို ရရှိခံစားကြရမှာမဟုတ်ပါဘူး။ အဘယ်အရာကိုမဆို "ယုံ" မှ "ကြည်" ပါတယ်။ "ယုံကြည်"ရင် "အကုန်ကြည်"ပါတယ်။ "မယုံ" ရင် "မကြည်" ကြပါဘူး။ "မယုံမကြည်"ဆိုရင် "ဘာမှမကြည်"တော့ပါဘူး။ ဗေဒင်ဆရာကိုယုံကြည်တယ်ဆိုရင် အကုန်မှန်နေပေမယ့် မယုံမကြည်ဖြစ်နေမယ်ဆိုရင် အကုန်မှားနေတတ်ပါတယ်။ လူနာ က ဆေးပေးကုသသူကို မယုံကြည်ရင် ဆေးစွမ်းမထက်တတ်ပါဘူး။ ကုန်ကုန်ပြောရရင် ဘုရားကို ယုံကြည်တယ်ဆိုရင် ဘုရားဟောကြားခဲ့တာတွေ ဘုရားရဲ့စကားတွေက အကုန်မှန်ပေမယ့် မယုံမကြည်ဖြစ်နေတယ်ဆိုရင်တော့ သံသယနဲ့အပြစ်ဆိုနေကြတတ်သေးတာပဲမဟုတ်လား။ ကိုယ်တိုင်ကိုးကွယ်နေတဲ့ ဘုရားကိုတောင် မယုံမကြည် သံသယဝင်သေးရင် လူအချင်းချင်းဆိုရင်တော့ပိုတောင်ဆိုးအုံးမယ်လေ။ လူတစ်ယောက်ကို မယုံကြည်တော့ဘူးဆိုရင် ဘယ်လိုပဲနေနေ ဘာတွေပဲလုပ်လုပ် မယုံကြည်တတ်တော့ဘူးမဟုတ်လား။ သံသယဝင် မယုံကြည်ရင် ဘာမှအကျိုးမရှိတတ်တာကို နားလည်ကြပါလိမ့်မယ်။ ရေးလိုတာက အလုပ်ပဲဖြစ်စေ၊ ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်စေ လုပ်မယ်ဆိုရင် ဆက်ဆံမယ်ဆိုရင် ယုံယုံကြည်ကြည် လုပ်ကိုင်ဆက်ဆံသင့်ပြီး မယုံကြည်ရင်တော့ မဆက်ဆံမလုပ်ကိုင်သင့်ပါဘူး။ မယုံကြည်ရင်နဲ့ လုပ်ကိုင်ဆက်ဆံရင် အကျိုးမရှိတဲ့အပြင် အကျိုးတောင်ပျက်စီးစေတတ်ပါသေးတယ်။ ဘယ်အရာမဆို "ယုံကြည်"ရင် လုပ်ကိုင်ဆက်ဆံသင့်ပြီး "မယုံကြည်"ရင် မလုပ်ကိုင် မဆက်ဆံသင့်ပါကြောင်ရေးသားရင်း ရပ်နားလိုက်ပါတယ်။