ငြင်းခုံကြဆဲ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ပညာလို့ဆိုကြတဲ့ခေတ်ကာကြီးက ခုမှ ရုတ်တရက် ပေါ်လာတာမှမဟုတ်ပဲ။ ရှေးနှစ်ပေါင်းသိန်းသန်းချီကတည်းက ပညာဆိုတာ ဖြစ်ပေါ်တည်ရှိလာခဲ့တာပဲမဟုတ်လား။ ပညာကြောင့်ပဲ လူတွေဟာ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲ တိုးတက်လာကြတာပါ။ ရှေးအရင်ကတည်းက ပညာကိုနားလည်တတ်ကျွမ်းသူတွေက ပညာကို နားမလည် မတတ်ကျွမ်းသူကို နိုင်ထက်စီးနင်းပြုလာခဲ့ကြတယ်။ ရှေးအချိန်တွေတုံးကတော့ လက်နက်တွေ၊ လူအင်အားတွေနဲ့ စစ်တွေတိုက်ပြီး နယ်တွေချဲ့၊ ကျူးကျော်၊ အနိုင်ကျင့်ခဲ့ကြပေမယ့် ခုခေတ်မှာ လက်နက်ကိုင်ကျူးကျော်တဲ့အလုပ်ကို ပညာတတ်တဲ့လူမျိုးတွေက သိပ်မလုပ်ကြတော့ဘူးလို့ ထင်တယ်။ လက်နက်နဲ့ပစ်တာက ပြဿနာအများကြီးဖြစ်နိုင်တယ်။ ပညာရှိတဲ့လူမျိုးတွေရဲ့ လက်နက်တွေအကြောင်းကို နားလည်းမလည် မသိလည်းမသိခဲ့ကြတော့ ကျူးကျော်ခံရတာအပြင် ဘာမှန်းမသိပဲနဲ့တောင် သေဆုံးခဲ့ရတယ်။ ဆရာကြီးဦးအောင်သင်းက ပြောဖူး ဟောဖူးတာလေးတစ်ခုကို မှတ်မိတယ်။ မဟာဗန္ဓုလစစ်သူကြီးက သတ္တိအရာမှာတော့ အလွန်ပြောင်မြောက်ကြောင်း လက်ခံကြပါတယ်။ ဓနုဖြူမှာ စစ်တိုက်တော့ မဟာဗန္ဓုလ စစ်သူကြီးက ရွှေထီးကြီးတစ်ဝင်းဝင်းနဲ့ ခန့်ခန့်ငြားငြားနဲ့ပေါ့။ ဟိုတစ်ဖက်က အုံးကနဲ ထုလိုက်တာ ဘုံးကနဲသေရော။ ဒီလိုဖြစ်တာ ဘာလို့လဲတဲ့။ ငါတို့မှ သူတို့လက်နက်အကြောင်းမသိတာ။ ငါတို့မှ သူတို့ပညာကိုမသိတာ။ ငါတို့မှ သူတို့လိုနည်းပညာမှမရှိတာ။ သူတို့ကထုတယ်။ ငါတို့က ပြန်ထုစရာမရှိဘူး လို့ ဟောခဲ့ ပြောခဲ့ဘူးတယ်။ ပညာကိုမသိလို့ နည်းပညာမရှိလို့ ခံခဲ့ရတာ။ ခုကော ကျွန်တော်တို့ နိုင်ငံမှာ နည်းပညာတွေ သူများနိုင်ငံတွေလို နည်းပညာလေးတွေ ရနေပြီလား။ ကြေးစည်ထုသလိုပဲ နေမှာပါ။
ဆရာကြီးဦးအောင်သင်းက ပညာသာ အမိ၊ ပညာသာ အဖလို့ ပြောခဲ့ပါတယ်။ ပညာမတတ်ရင် တကယ်လည်း လက်တွေ့ခံစားကြရ ပါတယ်။ ပညာတွေတတ်အောင်သင်ကြတာလည်း တွေ့မြင်ကြားနေရပါတယ်။ နိုင်ငံခြားပညာတော်သင်သွား၊ ပြန်လာရင် စောင့်ကြွားကြွားနဲ့ ဖြစ်လာတာပဲအဖတ်တင်တာတွေပဲ များနေသလား။ Share လုပ်ဖို့ အင်မတန်နှမြောနေတုံးပဲ။ ဆရာစားချန်နေကြတုံးပဲ။ ချန်ရင်း ချန်ရင်းနဲ့ ဘာမှကို မကျန်ဖြစ်နေပြီ။ ကိုယ်တတ်တာ ကိုယ်သိတာလေးတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ အကျိုးရှိရှိ Share လုပ်သင့်ပါတယ်။ ပညာကို သေရာယူသွားကြတဲ့ လူတွေ အများကြီးပဲ။ သေရွာမှာ ပညာတွေကို ဆက်အသုံးချလို့ ရ မရ တော့မသိဘူး။ မြန်မာပြည်က ပညာရှိတွေကတော့ ငြင်းကြခုံကြတုံးပါပဲ။ သဘာဝဘေးအန္တရာယ်ဖြစ်လာနိုင်တယ်ဆိုတော့လည်း အယူအဆမတူတာတွေကို စုစည်းပြီး ဖြစ်နိုင်တာလေးတွေကို ပြည်သူလူထုကိုချပြသင့်ပေမယ့် အဲဒီလိုမလုပ်ပဲ ငါ့အယူအဆမှန်တယ်ဆိုတာ ဖြစ်စေချင်နေတဲ့ပုံပါပဲ။ သူများနိုင်ငံတွေမှာ သဘာဘေးအတွက် အမြင်မတူ၊ အယူအဆမတူရင် အားလုံးစုပေါင်းပြီး ဖြစ်နိုင်ချေအားလုံးကို ချပြဆွေးနွေး ပြည်သူတွေကို ချပြကြ သတိပေးကြတယ်လို့ ဆိုပါတယ်။ ဒီမှာတော့ ငြင်းဖို့ ခုံဖို့ပဲ အားသန်နေကြတုံးပါပဲထင်ပါတယ်။ မတူညီတဲ့အချက်အလက်တွေနဲ့ မတူညီတဲ့ လမ်းကြောင်းကနေ အယူအဆတွေ အတွေးအခေါ်တွေကို စဉ်းစားဖို့ထက် လှေနံဓားထစ်ပဲ စိတ်ပါနေတုံးပဲလို့လည်း ထင်ပါတယ်။
သူမှန် ငါမှန် အငြင်းသန် ရန်ဖြစ်နေခြင်း အမြန်ကင်း ညီညွတ်တိုင်ပင် ပျော်ပျော်ရွှင်ရွှင် လက်တွဲနိုင်ကြပါစေ......
စာရေးသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
30-4-2019 အင်္ဂါနေ့(Tuesday)