တိုးတက်စေချင်ရင်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
မနေ့ကစီမံခန့်ခွဲမှုလုပ်တဲ့သူတိုင်းဟာလည်း မန်နေဂျာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့ ရေးတင်လိုက်ပါတယ်။ ကိုယ်ရဲ့အယူအဆတွေသာဖြစ်နေလို့ မှားချင်လည်းမှားနိုင်သလို မှန်ချင်လည်း မှန်နေနိုင်ပါတယ်။ စီမံခန့်ခွဲတယ် ဆိုတာ လူတိုင်းနဲ့မလွတ်နိုင်ဘူးဆိုတာကိုလည်း ရေးသားခဲ့ပါတယ်။ တကယ်လည်း စီမံခန့်ခွဲမှုလွတ်တယ် မလွတ်ဘူးဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ အနည်းဆုံးကတော့ ကိုယ့်ရဲ့ နေ့စဉ် လှုပ်ရှားလုပ်ကိုင်နေတာတွေ ကို အဆင်ပြေပြေလုပ်ကိုင်နိုင်ဖို့အတွက် စီမံခန့်ခွဲနေကြရပါတယ်။ မိသားစုဆိုတဲ့အငယ်ဆုံးသော လူ့အသိုင်း အ၀ိုင်း အဖွဲ့အစည်းလေးမှာ စီမံခန့်ခွဲသူတစ်ယောက် အမှန်တကယ်ရှိနေသင့်ပါတယ်။ စီမံခန့်ခွဲသူမရှိခဲ့ရင် မိသားစုအတွက် ၀င်ငွေတိုးတက်ရေးအပါအ၀င် အခြားသောအရာများတွင်လည်း တိုးတက်ဖို့ မလွယ်ကူတတ်ပါဘူး။ မိသားစုဆိုတာက အမိုးတစ်မိုးအောက်တည်းမှာ အတူတကွနေထိုင်ကြတဲ့လူတွေကို ခေါ်ဆိုနိုင်မယ်ထင်ပါတယ်။ တစ်ဦးတစ်ယောက်တည်း ရပ်တည်မှုကို တစ်ယောက်တည်း ရှိနေတာကိုတော့ မိသားစုလို့ခေါ်နိုင်မယ်မဟုတ်ပါဘူး။ မိသားစုမှာ မိသားစုဝင်တိုင်းက ကိုယ့်အတွက်ပဲ ကိုယ်စီမံနေကြတဲ့ စီမံခန့်ခွဲသူတွေချည်းဖြစ်နေပြန်ရင် လည်း တိုးတက်ဖို့ မလွယ်ကူတော့ပြန်ပါဘူး။ အဓိကစီမံခန့်ခွဲသူက ညံ့ဖျင်းနေသလို တွဲဖက်တွေကလည်း ညံ့ဖျင်းနေမယ်ဆိုပြန်ရင်လည်း တိုးတက်ဖို့ မလွယ်ကူပြန်ပါဘူး။ မိသားစုကိုတိုးတက်စေချင်တယ်ပြောပြီး ငြိမ်းချမ်းမှုမရှိ အမြဲတစေရန်ဖြစ်နေကြမယ်ဆိုရင်လည်း တိုးတက်ဖို့ ခက်ခဲနေမှာဖြစ်တဲ့အပြင် စိတ်ချမ်းသာမှု ဆိုတာနဲ့ဝေးကွာနေမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့မိသားစု စီးပွားရေးကို တိုးတက်စေချင်တယ်ဆိုရင်တော့ ညီညီ ညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ကြရမှာပဲဖြစ်ပါတယ်။ ဒါ့ပြင် စီမံခန့်ခွဲသူရဲ့ နောက်ကို ညီညီညွတ်ညွတ် လိုက်ပါ ဆောင်ရွက်ကြရမှာပဲဖြစ်ပါတယ်။ ငွေကြေးတိုးတက်ချမ်းသာခြင်းမရှိသေးခဲ့ရင်တောင် စိတ်ချမ်းသာမှု ကတော့ အပြည့်အ၀ခံစားကြရမှာသေချာပါတယ်။ အမြဲရန်ဖြစ်နေတတ်တဲ့ အိမ်ထောင်စု နဲ့ ငြိမ်းချမ်းနေတဲ့ အိမ်ထောင်စု နှစ်စုကို မြင်ယောင်ကြည့်မယ်ဆိုရင် ပိုပြီးသိသာပါလိမ့်မယ်။
မိသားစုကို စီမံခန့်ခွဲသူ တစ်ယောက်ကသာ အရေးပါတာမဟုတ်ပါ။ မိသားစုဝင်တိုင်းကအရေးပါပါတယ်။ မိသားစုတစ်စုကို ချိန်းကြိုးတစ်ကြိုးနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ချိန်းကြိုးမှာ ချိန်းဆစ်တိုင်းကအရေးကြီးပါတယ်။ ချိန်းဆစ်တစ်ဆစ် က ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘူးဆိုရင် ဒီချိန်းကြိုးကြီးတစ်ကြိုးလုံး ရပ်တန့်သွားမှာပဲ ဖြစ်ပါတယ်။ မိသားစုတစ်စုလုံးမှာရှိတဲ့ တာဝန်တွေကိုလည်း သူ့တာဝန် ငါ့တာဝန် ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက်လွှဲချနေကြမယ်ဆိုရင် ချိန်းဆစ်ပျက်စီးတာနဲ့အတူတူပဲဖြစ်ပါလိမ့်မယ်။ မညီမညွတ်ဖြစ်လာတာပဲ ဖြစ်ပါတယ်။ မိသားစုဆိုတဲ့နေရာမှာ အဓိကအားဖြင့်တော့ လင် နဲ့ မယား က ညီညွတ်မှု ရှိရမှာဖြစ်ပါတယ်။ မိသားစုကို ဦးဆောင်နေရတဲ့ အဖေ အမေ တို့ကမှ ညီညွတ်မှု မရှိခဲ့ရင် သားသမီးများကို ထိန်းသိမ်းနိုင်ရန် မလွယ်ကူတာအမှန်ပဲဖြစ်ပါလိမ့်မယ်။ အဖေ နဲ့ အမေဆိုတာက မိသားစုလှည်းကြီးကို ဆွဲနေကြရတဲ့ သူတွေပဲ ဖြစ်ပါတယ်။ အဖေက တစ်ဖက်ကိုဆွဲ အမေက တစ်ဖက်ကိုဆွဲမယ်ဆိုရင် မိသားစုလှည်းကြီးက နေရာရွေ့နိုင်မှာ မဟုတ်ပါဘူး။ ဒါအပြင် လှည်းပေါ်မှာပါလာတဲ့သူတွေကလည်း တစ်ယောက်တစ်လမ်း ဦးတည်ချက်မတူပဲ ဆွဲချင်ရာ ဆွဲနေကြမယ်ဆိုရင်တော့ မိသားစုလှည်းကြီးက ဘယ်မှ မရောက်တဲ့အပြင် တစ်စစီပျက်စီးမှုပဲဖြစ် ပေါ်လာနိုင်ပါတယ်။ ဦးတည်ချက် တူညီစွာနဲ့ အဖေ နဲ့ အမေ တို့က မိသားစုလှည်းကြီးကို ဆွဲနေကြသော်လည်း နောက်ပါ မိသားစုများက ဆွဲချင်ရာ ဆွဲနေကြပြန်ရင်လည်း အဆင်မချော ခရီးမပေါက် ဘယ်မှ ခရီးမရောက် ဖြစ်နိုင်ပါတယ်။ အဖေနဲ့အမေတို့ရဲ့ ဦးတည်ချက်အတိုင်း နောက်လိုက်မိသားစုအားလုံးက ပံ့ပိုးကူညီပြီး တွန်းပေးကြမယ်ဆိုရင်တော့ အလျင်အမြန်ပဲ ခရီးတွင်မှာပဲဖြစ်ပါတယ်။
မိသားစုကို ချစ်ကြသလားလို့မေးခဲ့မယ်ဆိုရင်တော့ ချစ်ပါတယ်လို့ပဲ ဖြေမယ့်သူတွေချည်းပဲလို့ထင်ပါတယ်။ ဒါပေမယ့် ချစ်ပါတယ်ဆိုပြီး ပါးစပ်ကနေပြောနေရုံနဲ့တော့ ချစ်ရာမရောက်ပါဘူး။ ကိုယ့်မိသားစုကို လေးစားမှ တန်ဖိုးထားမှ ချစ်ရာရောက်ပါလိမ့်မယ်။ လေးစားပါတယ် တန်ဖိုးထားပါတယ်ဆိုပြီးလည်း ပြောကြပါလိမ့်မယ်။ တကယ်လေးစား တကယ်ချစ်ခင်တယ်ဆိုရင် မိသားစုဝင်တစ်ယောက်ချင်းစီကို ကောင်းကောင်းမွန်မွန်နဲ့ အပြန်အလှန်ဆက်ဆံကြရမှာဖြစ်သလို အကြီးအကဲများဖြစ်ကြတဲ့ အဖေ အမေ အဖိုး အဖွား စတာတွေကိုရဲ့ ဆုံးမစကားလေးတွေနဲ့ လုပ်ဆောင်ချက်လေးတွေကို ပံ့ပိုးကူညီပြီး နေထိုင်ရမှာဖြစ်ပါတယ်။ အဖေ အမေက ဆုံးမစကားပြောဆိုတာကို မကြိုက်နှစ်သက်တတ်ရင်တော့ မိသားစုကို ချစ်ပါတယ်၊ တန်ဖိုးထားပါတယ်၊ လေးစားပါတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုဆိုလို့ အမှား အမှန်ကို ဝေဖန်အကြံပြုဆွေးနွေးမှုတွေ မလုပ်ရဘူး လို့ ဆိုလိုတာမဟုတ်ပါဘူး။ အဖေ အမေတို့နဲ့ လုပ်ငန်းတွေမှာ အမှားအယွင်းတွေကို သေချာသိနေတယ်ဆိုရင် ဝေဖန်အကြံပြု ဆွေးနွေးကြရမှာပဲဖြစ်ပါတယ်။ မိခင် ဖခင်တို့ကလည်း သားသမီးများက ဝေဖန်အကြံပြုဆွေးနွေး တာတွေကို သေချာစဉ်းစားပြီး အမှန်ကို လက်သင့်ခံသင့်ပါတယ်။ ငါအဖေပဲ ငါအမေပဲ ငါလုပ်ချင်ရာလုပ်မယ် ဆိုတဲ့အတွေးအခေါ်နဲ့ ဦးဆောင်လုပ်ကိုင်နေရင်လည်း မိသားစု မစည်းလုံးနိုင်သလို စိတ်ချမ်းသာ ပျော်ရွှင် အောင်မြင်ဖို့ဆိုတာလည်း မလွယ်ကူတော့ပါဘူး။ မိသားစုအတွက် လုပ်ငန်းကို ဦးဆောင်လုပ်ကိုင်နေသူက အဖေပဲဖြစ်ဖြစ်၊ အမေပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ အရေးကြီးတာက ဦးဆောင်လုပ်ကိုင်နေသူ အဖေ ဒါမှမဟုတ် အမေ ရဲ့ လမ်းညွန်မှုကိုလိုက်နာပြီး ကိုယ့်အလုပ်တာဝန်ကျေပွန်နေဖို့ပဲ အရေးကြီးပါတယ်။
မိသားစုကို ဦးစီးဦးဆောင်ပြုပြီး စီမံခန့်ခွဲနေသူက ညံ့ဖျင်းနေခဲ့မယ်ဆိုရင်၊ မိသားစုဝင်တွေအချင်းချင်း မညီမညွတ်ဖြစ်နေခဲ့မယ်ဆိုရင်၊ အိမ်တွင်းမှာ သူခိုးလို့ခေါ်ဆိုနိုင်တဲ့ ငွေယိုပေါက်တွေမျိုးစုံရှိနေခဲ့မယ်ဆိုရင်၊ အိမ်အနီးအနားပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေ ဆွေမျိုးသားချင်းတွေနဲ့ မတည့်ခဲ့ရင် အောင်မြင်ဖို့ အသာထား စိတ်ချမ်းသာမှုရှိဖို့ကိုပင် မလွယ်ကူနိုင်ပါ။ အဖေက အရှေ့ဆို အမေက အနောက်၊ သမီးက တောင်ဆို သားကမြောက် ကိုယ်လိုရာ ကိုယ်ဆွဲ လုပ်ချင်ရာလုပ်နေကြမှာဖြစ်တဲ့အတွက် ဘယ်လိုမှ အောင်မြင်ဖို့မလွယ်ကူနိုင်တော့ပါဘူး။ မိသားစုထဲကနေ ကံကောင်းတဲ့သူတစ်ယောက်က ကြီးပွားအောင်မြင် သွားခဲ့မယ်ဆိုရင်လည်း ကိုယ့်မိသားစုကို လှည့်ကြည့်မှာမဟုတ်ပါဘူး။ မိသားစုဆိုတာနဲ့ ဝေးလေကောင်းလေလို့ တောင်သတ်မှတ်နေပေမယ့် တကယ့်အရေးကြုံတဲ့အချိန်မှာတော့ အဖေ အဖေ အစ်ကို ညီ တို့ကို တမ်းတပြီး အကူအညီတောင်းချင်ကြမှာပါ။ အကြံဥာဏ်ယူလိုကြမှာပါ။ ဒီတော့ကာ အခြေခံ မိသားစုဆိုတဲ့ အသေးငယ်ဆုံး လူ့အသိုင်းလေးကို တိုးတက်စေဖို့ ကြိုးစားသင့်သလို၊ အေးချမ်းသာယာတဲ့ မိသားစုဘ၀လေးတွေကိုလည်း ပိုင်ဆိုင်နိုင်အောင် ကြိုးစား ဖန်တီးသင့်တယ်လို့ ထင်ပါတယ်။ အေးချမ်းတဲ့ သာယာတဲ့ အပူအပင်မရှိတဲ့ ဘ၀ကို ပိုင်ဆိုင်လိုကြတာ လူတိုင်းပဲဖြစ်ပါလိမ့်မယ်။ ပိုင်ဆိုင်ချင်ရုံနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ အေးချမ်းသာယာချင်ပါတယ်ဆိုပြီး ရန်တွေချည်းပဲဖြစ်နေလို့ မရနိုင်ပါဘူး။ အပူအပင်မရှိလိုဘူးဆိုပြီး စိတ်ပူရမယ့်အရာတွေကိုပဲ ဖန်တီးနေလို့မဖြစ်နိုင်ပါဘူး။ ကိုယ့်မိသားစု တိုးတက်စေချင်တယ်ဆိုရင် မိသားစုဝင်တိုင်းက တစ်စိတ်တည်း တစ်ဝမ်းတည်းဖြစ်ကြပါ။ ခေါင်းဆောင်သူ လျှောက်တဲ့ဘက်ကို လိုက်လျှောက်နိုင်အောင်ကြိုးစားကြပါ။ ဆန့်ကျင်ဘက်လမ်းတွေ မတူညီတဲ့လမ်းတွေကို မရွေးကြဘူးဆိုရင် သေချာပေါက် တိုးတက်အောင်မြင်နိုင်မှာဖြစ်ပါကြောင်း ရေးသားရင်းနဲ့ ရပ်နားလိုက်ပါတယ်။
ရေးသားသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
8-Nov-2018 ကြာသပတေးနေ့(Thursday)