တကယ်လုပ်ဖို့လိုတယ်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
တကယ်လုပ်ဖို့လိုတယ်
ရှေးတုံးက လူသားမျိုးနွယ်တွေဟာ ပညာရပ်တစ်ခုလေ့လာနိုင်ဖို့အတွက် ဝေးကွာလှတဲ့ခရီးကိုသွားကြရပြီး နှစ်ပေါင်းအနည်းငယ်ကြာသည်တိုင်အောင် ဆရာဖြစ်သူထံမှာ အချိန်ယူပြီး သင်ကြားကြရတယ်ဆိုတာ လူအများ နားလည်ပြီးဖြစ်ပါလိမ့်မယ်။ ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ ပညာသင်ကြားဖို့အတွက် အခက်တွေ လည်း နည်းပါးသွားတာကိုမြင်နိုင်ပါတယ်။ ယနေ့ခေတ်လို ကာလမှာ ပညာသင်ချင်တယ်ဆိုရင် အိမ်ကနေ ဘယ်မှမသွားပဲနဲ့ ကွန်ပျူတာ အင်တာနက်လေးတွေနဲ့တောင် သင်ယူနိုင်၊ လေ့လာနိုင်တဲ့ခေတ်ကိုရောက်လာပါ ပြီ။ အဲဒီလို ပညာကို အလွယ်တကူရရှိလာတဲ့အတွက် တကယ်တတ်ကျွမ်းနားလည်တယ်ဆိုတဲ့သူတွေလည်း နည်းပါးလာတယ်လို့မြင်ပါတယ်။ ဆရာဖြစ်သူနဲ့ လက်ပွန်းတတီးနေထိုင်ပြီး နှစ်ချီသင်ရတဲ့ပညာတွေကို နှစ်လ သုံးလအတွင်း သင်ကြားပေးကြတာဖြစ်လေတော့ ဆရာကို လေးစားမှုရော ပညာကို တန်ဖိုးထားမှုတွေပါ နည်းပါးသွားတယ်လို့လည်း ထင်ပါတယ်။ ပညာတွေတော့ သင်ကြပါတယ်။ လက်မှတ်တွေလည်း အများကြီး ကိုင်ဆောင်ထားနိုင်ကြပါတယ်။ ဒါပေမယ့် လက်တွေ့ အသုံးချနယ်ပယ်ရောက်တဲ့အချိန်မှာတော့ ဘာမှ ရေရေ ရာရာ သိခြင်း တတ်ခြင်း နားလည်ခြင်း မရှိဖြစ်နေတတ်တာကိုလည်း တွေ့ရပါတယ်။ ဒါက ကိုယ်လုပ်တဲ့အလုပ် ကိုယ်သင်ကြားတဲ့ပညာရပ်ကို မလေးစားခြင်းပဲဖြစ်မယ်လို့လည်း ထင်တယ်။ တကယ်လုပ်ခဲ့တယ်ဆိုရင် တကယ်တတ်ကျွမ်းလာကြရမှာပဲမဟုတ်လား။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် ဆိုတဲ့ စကားလို ပဲ။ တကယ်မလုပ်ကြတဲ့အတွက် တကယ့်လက်တွေ့မှာ တကယ်မတတ်တာ တွေ့ရပါတယ်။
လူငယ် လူရွယ်အများစုကလည်း သေချာသင်ယူလေ့လာခြင်းမပြုကြတော့ပဲ ခေတ်ပေါ်ပစ္စည်းတွေနဲ့သာ အချိန်ကုန်နေတတ်ကြပါတယ်။ ခေတ်ပေါ်ပစ္စည်းတွေကို အသုံးကျအောင် အသုံးချမယ်ဆိုရင်တော့ အလွန် ကောင်းမွန်တဲ့ အခွင့်အရေးတွေကို ရရှိတတ်ပေမယ့် အသုံးကျအောင် အသုံးမချတတ်ရင်တော့ ငွေကုန်လူပန်း ရန်များ မျက်စိကန်းပဲ အဖတ်တင်မယ်။ ဒါအမှန်ပါပဲ။ ဘာသာစကားသင်တန်းတွေတက်တယ်။ လက်မှတ်တွေ ရှိတယ်။ တကယ်မတတ်ဘူး။ ကွန်ပျူတာသင်တန်းဆင်းလက်မှတ်တွေရှိတယ်။ စာတောင်ဖြောင့်အောင် မရိုက်နိုင်ဘူး။ စာရင်းကိုင်လက်မှတ်တွေရနေတယ်။ ဂဏန်းတောင်မပေါင်းနိုင်ဘူး။ ဒီလိုတွေဘာကြောင့်ဖြစ်နေ သလဲဆိုတော့ ပေါ်ပင်အနေနဲ့ သူများတက်လို့လိုက်တက်တယ်၊ အိမ်က ဆူပူပြီးတက်ခိုင်းလို့ တက်တယ်။ ကိုယ်တိုင်က စိတ်မ၀င်စားတော့ တကယ်မလုပ်ဘူး။ တကယ်မလုပ်တော့ တကယ်မတတ်ဘူး။ ရှင်းပါတယ်။ ဘယ်အရာကိုမှ ကျွမ်းကျင်မှုဘူး။ ဒါဆို ကျွမ်းကျင်အောင် ဘယ်လိုလုပ်ရမလဲ။ လွယ်ပါတယ်။ ကိုယ်တကယ် စိတ်ဝင်စားတဲ့အရာကို အစ ကနေ အဆုံးထိ လုပ်ပါလို့ပဲ ပြောရမှာပဲ။ ဟိုမရောက် ဒီမရောက် အသိက ဘ၀မှာ အလွန်ဒုက္ခပေးတတ်ပါတယ်။ တကယ်လို့ ကိုယ်က စာရင်းကိုင်ပညာကို စိတ်ဝင်စားတယ်ဆိုရင် LCCI လိုပညာ မျိုးကို အစကနေ အဆုံးထိရောက်အောင် သင်ကြားတာ၊ ကွန်ပျူတာပညာကို စိတ်ဝင်စားတယ်ဆိုရင်လည်း IT နယ်ပယ်က ကျောင်းတွေမှာ အစ ကနေ အဆုံးထိတက်ရောက် သင်ကြားရမှာပဲဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ပဲနဲ့ ကွန်ပျူတာလေးနည်းနည်းလောက်သင်လိုက် LCCI လေးပြေးတက်လိုက် Speaking လေးသွားလိုက်လုပ်တာက ဘာမှ ကျွမ်းကျွမ်းကျင်ကျင်ဖြစ်လာမယ်မဟုတ်ပါဘူး။
ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်တာမရှိဘူးဆိုရင် အများသူကာနဲ့ ယှဉ်ပြိုင်နိုင်ဖို့၊ လက်တွေ့ လုပ်ငန်းခွင်ဝင် နိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲသွားတတ်ပါတယ်။ လုပ်ငန်းခွင်ဝင်ချင်တဲ့အချိန်ကျမှ လိုအပ်တာကို သေချာပြန် သင်ယူနေရတာက ထပ်ပြီးအချိန်ကုန်သလို ငွေတွေလည်း ကုန်တတ်ပါတယ်။ ဟိုဟာလည်း သိသလိုလို ဒီဟာလည်းတတ်သလိုလိုဖြစ်တတ်တာ အဲဒီလိုတွေ ဟိုနည်းနည်း ဒီနည်းနည်း လျောက်လုပ်မိလို့ပဲဖြစ်ပါတယ်။ အဲဒါကတော့ ကိုယ်တွေ့ပါပဲဗျာ။ တောင်မရောက် မြောက်မရောက်နဲ့ ဟိုဟာလုပ် ဒီဟာလုပ်နဲ့ အချိန်ကုန်ခဲ့တဲ့ အတွက် အခုအချိန်မှာ ဘာကျွမ်းကျင်လည်းမေးရင် အတော်ဖြေရခက်တဲ့အဖြစ်ကို ရောက်သွားပါတယ်။ ဒါကို အခုခေတ်လူငယ်လေးတွေ သိထားသင့်သလို ကိုယ်သွားချင်တဲ့လမ်းကြောင်းနဲ့ ရည်မှန်းချက်ပန်းတိုင်ကိုလည်း သေချာချမှတ်ဆောင်ရွက်ထားသင့်တယ်လို့ အကြံပြုလိုပါတယ်။ နောက်တစ်ခုက မိဘတွေရဲ့ ပဲ့ကိုင်ထိန်း ကျောင်းနိုင်မှုနဲ့ မှန်ကန်တဲ့အသိအမြင်ရှိမှုကလည်း လူငယ် လူရွယ်တွေအတွက် အရေးပါတတ်ပါတယ်။ သူငယ်တန်းကနေ ဆယ်တန်းအထိ ကလေးတွေက သူ့ဟာနဲ့သူဟုတ်တုတ်တုတ်ပဲ။ ရည်မှန်းချက်လေးတွေက လည်း ရှိတတ်သဗျ။ အဲ ဆယ်တန်းလည်း အောင်ပြီးသွားရော ဘာလုပ်ရမှန်းမသိဖြစ်ကုန်တော့တာပဲ။ တစ်သက်လုံးသင်လာခဲ့တဲ့ပညာတွေက ဆယ်တန်းအောင်တဲ့အမှတ်နဲ့ ဖြတ်ပစ်လိုက်တာဖြစ်တော့ အမှတ်နည်း တဲ့ လူငယ်လူရွယ်တွေအတွက် ရွေးစရာ မရှိဖြစ်သွားတတ်တယ်။ အမှတ်ကောင်းကောင်းနဲ့အောင်မြင်တဲ့ လူငယ်တွေအတွက်တော့ ရွေးချယ်စရာတွေရှိနေတယ်ပေါ့။ ဒါပေမယ့်လည်း လူငယ်တွေက မရွေးလိုက်ရပဲ မိဘတွေကပဲ ရွေးသွားကြတာများပါတယ်လေ။ ရေုးလိုတဲ့လိုရင်းကတော့ လူငယ် လူရွယ်တွေ အနေနဲ့ ကိုယ်ကျွမ်းကျွမ်းကျင်ကျင်တတ်လိုတဲ့အရာ တစ်ခုကိုပဲ အာရုံစိုက်ပြီး အစကနေ အဆုံးထိ တကယ်တတ်အောင် သင်ယူကြပါလို့ အကြံပြုရေးသားရင်း ရပ်နားလိုက်ပါတယ်။
ရေးသားသူ (Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
5-7-2019 သောကြာနေ့(Friday)