စည်းလုံးမှု ပိုစေကြောင်း
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
အမြဲလိုလိုပြောနေခဲ့ရတဲ့စကားတစ်ခွန်းသာဖြစ်ပါတယ်။ ကိုယ်တိုင်လည်း စည်းလုံးခြင်းမပျက်ယွင်းစေဖို့ အမြဲကြိုးစားခဲ့ပါတယ်။ ထပ်ပြီးတော့ စည်းလုံးကြပါလို့ ပြောစရာမလိုပေမယ့် ဒီထက်ပိုပြီး စည်းလုံးစေချင်တဲ့တွက် မပြောချင် မရေးချင်တော့ပေမယ့်လည်း ရေးရပြန်ပါပြီ။ အခုလည်း မစည်းလုံးကြလို့လား ဆိုတော့ အဲဒီလိုတော့မဟုတ်ပါဘူး။ စည်းလုံးပြီးသားဆိုတာ သိနေပါတယ်။ ပိုပြီး စည်းလုံးစေချင်လို့ တွန်းအားလေးတစ်ခုအနေနဲ့ ထပ်မံရေးသားခြင်းသာ ဖြစ်ပါတယ်။ ဖတ်တာမဖတ်တာက တော့ စာဖတ်သူများရဲ့အလုပ်သာဖြစ်ပါတယ်။ ဖတ်ပါလို့ အတင်းပြောဆို တိုက်တွန်းလို့ မဖြစ်သလို မဖတ်ပါနဲ့လို့ တားဆီးဖို့လည်းမဖြစ်နိုင်ပါဘူး။ ဒီတော့ ကိုယ့်စိတ်ကြိုက်ပဲလုပ်ကြပါ။ ဒီစကားလုံးကို မြန်မာပြည်မှာ ခေတ်အဆက်ဆက် ပြောခဲ့ကြတာလည်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ခုချိန်ထိလည်း ပြောနေရဆဲ တိုက်တွန်းနေရဆဲပဲဖြစ်ပါတယ်။ အဖွဲ့အစည်းပဲဖြစ်စေ၊ မိသားစုပဲဖြစ်စေ စည်းလုံးမှုမရှိရင် ဘယ်လိုတွေဖြစ်မလဲ ဆိုတာကို စဉ်းစားကြည့်ကြစေချင်ပါတယ်။ မည်သူတစ်ဦးတစ်ယောက်တည်းကို ဦးတည်ရေးသားခြင်းမဟုတ်ပါ။ ကျွန်တော်အပါအ၀င်အားလုံးကို တိုက်တွန်းခြင်းသာဖြစ်ပါတယ်။ မစည်းလုံးတော့ဘာဖြစ်မလဲလို့များမေးခဲ့မယ် ရင် ဘာမှကို မဖြစ်တော့တာပါ လို့ပဲပြန်ဖြေရပါလိမ့်မယ်။ ဘာမှလည်း လုပ်လို့ရတော့တဲ့အတွက် ဘာမှလည်း မဖြစ်တော့တာကို ဆိုလိုချင်တာပါပဲ။ အဖွဲ့အစည်းဆိုတာက တစ်ဦးတည်း တစ်ယောက်တည်း တစ်ဦးကောင်း တစ်ယောက်ကောင်းဆောင်ရွက်နေလို့ ရတာမဟုတ်ပါ။ တစ်ဦးတည်းကောင်းနေ တော်နေ တတ်နေလို့ မဖြစ်ပါ။ အဖွဲ့အစည်းမှာ ပါဝင်ပတ်သက်နေတဲ့လူတွေအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ခဏတိုင်းလည်း ရေးတင်ခဲ့ဖူးလို့ စည်းလုံးကြပါဆိုတဲ့စကားနဲ့ စာရေးမတင်ခဲ့တာအတော်တောင်ကြာခဲ့ပါပြီ။ အဖွဲ့အစည်း တည်တံ့ တိုးတက်ရေး ဟာ ခေါင်းဆောင်တစ်ယောက်တည်းအပေါ်မှာ မူတည်နေတာမဟုတ်ပဲ အဖွဲ့အစည်းမှာရှိနေတဲ့ လူအားလုံးရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာလည်း မူတည်တယ်ဆိုတာလည်း ခဏတိုင်းရေးတင်ခဲ့ဖူးပါတယ်။ အခုရေးတင် တာကလည်းပိုမိုစည်းလုံးခြင်းကို လိုလားတဲ့အတွက်ဖြစ်ပါတယ်။
အဖွဲ့အစည်းတစ်ခုမှာ အဓိကကျတဲ့ စည်းလုံးညီညွတ်ရေးကို မဖော်ဆောင်နိုင်တာက အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ ညံ့ဖျင်းမှုလို့လည်း ခံယူထားပါတယ်။ လူတိုင်း လူတိုင်းကို တိုးတက်စေလိုတဲ့ဆန္ဒနဲ့ ခေါင်းဆောင်ကြီးဖြစ်တဲ့ ကိုဟင်နရီအောင် က လက်တွဲခေါ်ဆောင်နေခဲ့တာ တစ်နှစ်ကျော်ကာလကို ရောက်လာ ခဲ့ပြီပဲဖြစ်ပါတယ်။ ဒါကိုလည်း အခုလက်ရှိအဖွဲ့သားများ သိရှိပြီးသားပဲဖြစ်ပါတယ်။ အဖွဲ့အစည်းကို ကောင်းစေချင်တဲ့စေတနာ၊ ချစ်ခင်တွယ်တာနေတဲ့စိတ်တွေနဲ့ အဖွဲ့တိုးတက်ရေးအတွက် အကြံပြုကြပါ၊ ဆွေးနွေးကြပါလို့ပြောနေကြတာက တစ်ယောက်နဲ့တစ်ယောက် အပြစ်ရှာကြပါ၊ စောင့်ကြည့်ကြပါလို့ ဆိုလိုခြင်းမဟုတ်ပါဘူး။ ဒါကိုလည်း နားလည် ကြပါလိမ့်မယ်။ နားလည်ပေမယ့်လည်း လက်တွေ့လုပ်ဆောင်မှ အကောင်အထည်ပေါ်မှာဖြစ်ပါတယ်။ လက်တွေ့က တစ်ဦးနှင့်တစ်ဦး ဖေးမကူညီမှုမျိုးမဖြစ်စေပဲ စကားအချေအတင်ပြောကြရမယ့် အခြေအနေကို ဘာကြောင့် ရောက်သွားကြသလဲဆိုတာကိုတော့ လူတိုင်း လူတိုင်း စဉ်းစားသင့်တယ်လို့ ပြောလိုပါတယ်။ အပြစ်ပြောခြင်းကို လူတွေက လက်မခံနိုင်ဘူးဆိုတာကိုလည်း မကြာခဏ ရေးခဲ့ဖူးပါတယ်။ ကျွန်တော့်ကို အပြစ်ပြောတာ အပြစ်တင်တာကို ကျွန်တော် မကြိုက်သလိုပဲ အခြားသူတွေကလည်း သူတို့ကို အပြစ်တင်တာ အပြစ်ပြောတာ ကြိုက်ကြမယ်မဟုတ်ပါ။ အပြစ်တင်တာ အပြစ်ပြောတာကို သဘောကျ နှစ်ခြိုက်သူများ ရှိတယ်ဆိုရင် အောက်မှာ comment ပေးသွားနိုင်ပါတယ်။ ကျွန်တော်မှားနေရင် လာပြောနိုင်ပါတယ်။ မှားနေကြောင်းသေချာရင် ချက်ချင်းပြင်ပါမယ်။ လူအများရှေ့ ပြောဆိုခြင်းထက် နှစ်ကိုယ်ကြားပြောဆိုနိုင်ရင် ပိုကောင်းပါတယ်။ ကျွန်တော့်အယူအဆတွေက ပျော့တယ်လို့ထင်ကောင်း ထင်နေကြပါလိမ့်မယ်။ မာစရာရှိရင်လည်း မာမှာပါပဲ။ သူ့နေရာနဲ့သူ ပျော့သင့်တဲ့နေရာ မာသင့်တဲ့နေရာဆိုတာရှိနေတာပါပဲ။ အဖွဲ့အစည်းမဟုတ်ပဲ လက်ဝှေ့ကြိုးဝိုင်းပေါ်မှာ ဆိုရင်တော့ ပျော့နေလို့ မဖြစ်တာ သေချာပါတယ်။ မလိုအပ်ရင် ခြင်တောင်မသတ်ပေမယ့် လိုအပ်ရင် ဆင်လည်းသတ်ရမှာပါပဲ။
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စကားအချေအတင်ပြောခြင်းကလည်း ပြဿနာဖြစ်စေနိုင်ပါတယ်။ ဒါလည်း ကျွန်တော်မကြာခဏရေးခဲ့ဖူးပါတယ်။ သိလွန်းလို့ တတ်လွန်းလို့ ရေးခဲ့ခြင်းမဟုတ်ပါဘူး။ ဒါပေမယ့် လူပေါင်းများစွာ အလွှာပေါင်းစုံကို ဆက်ဆံခဲ့ဘူးတာကြောင့် လူတွေရဲ့ သဘောသဘာဝအနည်းငယ်ကို သိခဲ့ရ တဲ့အတွက် ရေးတင်ခဲ့ခြင်းသာဖြစ်ပါတယ်။ စကားအချေအတင်ပြောကြမယ်ဆိုရင် တော်ရုံနဲ့ ဘယ်သူမှ အလျော့မပေးတတ်ကြတာကိုပဲ မြင်ရတတ်ပါတယ်။ အလွယ်တကူအလျော့ပေး နောက်ဆုတ်သွားသူကနည်းပါး လှပါတယ်။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အပြိုင်စကားနိုင်လုပြောတော့တာပါပဲ။ အလျော့ပေးဖို့လည်း မစဉ်းစားတော့ပါဘူး။ ဒါတွေကို အမြဲလိုလိုမြင်တွေ့နေရပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ တတ်နိုင်သမျှ စကားအချေအတင်မပြောတော့ပါဘူး။ ကိုယ်မှန်တယ်ထင်ရင်တောင်မှ ဇွတ်မပြောတော့ပါဘူး။ အမှန်ကိုသိစေ နိုင်လောက်အောင်သာ သွားပြောပြပေးပါတယ်။ မှားနေရင်တောင် ဖေးမကူညီပေးရာရောက်ပါတယ်။ လက်တွဲ ခေါ်ဆောင်ရာ ရောက်ပါတယ်။ ဒါကစည်းလုံးညီညွတ်ရေးကို ဦးတည်လိုက်တဲ့ ရည်ရွယ်ချက်လည်း ဖြစ်ပါတယ်။ မင်းဘာလဲ ငါဘာလဲ မင်းမှန်တယ် ငါမှန်တယ် ဆိုတာတွေက စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေနိုင်ပါတယ်။ ဒါကြောင့် မင်းမှားတယ် ဆိုတာတွေကိုလည်း မပြောလိုပါဘူး။ ကြားနေ၀ါဒလည်းမဟုတ်ပါ။ ပြောစရာရှိရင်တော့ ပြောရမယ့်သူကို တိုက်ရိုက်ပြောပါမယ်။ ဆွေးနွေးစရာရှိရင်လည်း တိုက်ရိုက်ဆွေးနွေးပါမယ်။ အလကားသက် သက်တော့(စခြင်း နောက်ခြင်းမှလွဲပြီး) စည်းလုံးညီညွတ်ရေးကို ပျက်စီးစေမယ့်စကားလုံး အသုံးအနှုန်းကို မရေး၊ မပြောလိုပါ။ ဒါက စည်းလုံးညီညွတ်ရေးဆိုတာအပေါ်မှာ ကျွန်တော့်ရဲ့ ခံယူချက်သာဖြစ်ပါတယ်။ လူတိုင်း ဒီလိုလုပ်ရမယ်လို့ မဆိုလိုပါဘူး။ တစ်ဦးအပေါ်တစ်ဦး ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အပြန်အလှန် လေးလေးစားစား ဆက်ဆံကြမယ်ဆိုရင် ပြဿနာဆိုတာနည်းပါလိမ့်မယ်။ စည်းလုံးမှုလည်း တိုးတက်လာမယ်။ ဒီလိုခံယူထားပါတယ်။
တစ်လှေတည်းစီးပြီး တစ်ခရီးတည်းသွားနေတဲ့ လူတွေအချင်းချင်းပဲဖြစ်ပါတယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ တစ်လှေတည်းမှာ အတူတူ ခရီးဆက်သင့်တယ်လို့လည်း မြင်မိပါတယ်။ တစ်လှေတည်းမှာ ဦးတည်ရာအတူတူ ခရီးထွက်နေကြတာချင်းလည်း အတူတူ ဖြစ်လေတော့ စည်းလုံးမလား? စကားတွေ အချေအတင်ပြော ငြင်းခုံနေကြမလား? အဖြေကို တွေးကြည့်စေချင်ပါတယ်။ အဆိပ်ငွေ့တွေဖုံးလွှမ်းနေတဲ့ အခန်းတစ်ခန်းထဲကို ရောက်နေကြမယ်ဆိုရင် ဘယ်သူမဆို အခန်းကိုစွန့်ခွာပြီး ထွက်ပြေးကြမှာပဲဖြစ်ပါတယ်။ အဲဒီလိုထွက်ပြေးသွားကြမယ်ဆိုရင် ထွက်ပြေးတဲ့သူတွေကို အပြစ်တင်လို့ဖြစ်မယ်မထင်ပါဘူး။ အသက် အန္တရာယ်ထိခိုက်စေတော့မှာပဲဖြစ်လို့ပါပဲ။ လူတိုင်းလည်း အဲဒီလိုပဲ ထွက်ပြေးကြမှာပဲဖြစ်ပါတယ်။ အန္တရာယ်ရှိ တဲ့ နေရာတစ်ခုကို စွန့်ခွာထွက်ပြေးကြမယ်ဆိုရင် ဘယ်သူကမှလည်း အပြစ်တင်နေကြမယ်မထင်ဘူး။ ငါတို့နဲ့ အတူတူအသေခံပါလားလို့ ဘယ်လိုလူကမှ ပြောလိမ့်မယ်မထင်ပါဘူး။ ရောဂါအန္တရာယ်တွေ ဖိစီးနှိပ်စက်လို့၊ သဘာဝရဲ့ ဘေးအန္တရာယ်တွေကျရောက်နေလို့ စတဲ့ အသက်အန္တရာယ်ထိခိုက်စေမယ်၊ အကျိုးစီးပွားတွေ ပျက်စီးစေမယ့် ပတ်ဝန်းကျင်ကို စွန့်ခွာကြတာ ထွက်ပြေးကြတာကို သေခါနီးလူကလွဲပြီး ဘယ်သူမဆို လုပ်ကြ မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ MSC လှေကြီးပေါ်မှာရော အဆိပ်ငွေ့များရဲ့လွှမ်းခြုံမှုတွေ၊ လှေမှောက်တော့မယ့် ဘေးအန္တရာယ်တွေ၊ အကျိုးစီးပွား ပျက်ရာပျက်ကြောင်းတွေနဲ့များ ကြုံတွေ့နေကြရပြီလား? အဲဒီလိုတော့ မကြုံသေးဘူးထင်ပါတယ်။ အကျိုးစီးပွား ပျက်ရာပျက်ကြောင်းလည်း မရှိသေးဘူးထင်ပါတယ်။ MSC လှေကြီးကို ပစ်ပြေးကြမယ့်သူတွေကိုလည်း မမြင်မိသေးပါဘူး။ ဒါဆိုရင် ဒီထက်ပိုပြီး လှေကြီးနဲ့အတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကိုယ့်ကောင်းကျိုး ရွာကောင်းကျိုးလေးတွေကို ပိုမို လုပ်ဆောင်သင့်တယ်လို့ထင်ပါတယ်။ လူတိုင်းက လှော်တက်ကိုကိုင်ပြီး တက်ညီ လက်ညီ နဲ့ ၀ိုင်းဝန်းလှော်ခတ်ကြပါမှ ခရီးတွင်မှာဖြစ်ပါတယ်။ လှော်တက်ကိုပစ်ချပြီး တစ်ယောက်တစ်ပေါက်နဲ့ လှေကိုမလှော်ပဲ လေပေါနေကြမယ်ဆိုရင်တော့ လှေကြီးက မျှောချင်ရာ မျောနေတော့မှာပါ။ ပန်းတိုင်ကို ရောက်ဖို့ဆိုတာကတော့ စဉ်းစားလို့ကို မရနိုင်တော့ပါဘူး။ တစ်ဦးနဲ့ တစ်ဦး ဖေးဖေးမမ ကူညီယိုင်းပင်းကြမယ်ဆိုရင် မစည်ပင် မဖွံ့ဖြိုးမှာကို စိုးရိမ်စရာမရှိဘူးလို့ထင်ပါတယ်။ တစ်ဦးအမှားကို တစ်ဦးက စောင့်စားပြီး အပြစ်ရှာမနေကြပဲနဲ့ တစ်ဦးအမှားကို တစ်ဦး အပြန်အလှန်ကူညီဖေးမသင့်တယ်လို့ပဲ ထင်ပါတယ်။ ဒါကကျွန်တော်ရဲ့ စည်းစည်းလုံးလုံးဖြစ်စေချင်တဲ့ သဘောထားသာဖြစ်ပါတယ်။ သဘောထားများ မတိုက်ဆိုင်ခဲ့ရင် အောက်က ကွန်မန့်မှာ ကောင်းသော ဝေဖန်အကြံပြုချက်လေးတွေကို ဖတ်ရှုလိုပါကြောင်း ရေးသားရင်း ရပ်နားခွင့်ပြုပါဗျာ။
ရေးသားသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
2-Nov-2018 သောကြာနေ့(Friday)