စကားပြောသော နှုတ်ခမ်းများ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ဘ၀နေမှုထိုင်မှုအတွက် လူတွေက ရုန်းရ ကန်ရ ရှာရ ဖွေရနဲ့ အချိန်တွေကုန်မှန်းမသိ ကုန်လာခဲ့ပါတယ်။ အခုလည်း မအားလပ်တဲ့ကြားက အချိန်လု စာရေးဖို့ကြိုးစားမိတယ်။ စာမရေးရတာကလည်း အတော်ကြာ လာခဲ့ပြီဆိုတော့ ဦးနှောက်ကလည်း စာရေးဖို့ အင်အားဖြစ်မလာဘူး။ အတော်ညှစ်ထုတ်စဉ်းစားရေးနေရတာ တောင် အတွေးက မ၀င်ဖြစ်နေတယ်။ စာရေးမယ်ကြံလိုက် အာရုံပျက်လိုက် စာရေးမယ်ကြံလိုက် အာရုံပျက်လိုက် ဖြစ်နေတော့ စာတစ်ပုဒ်ကိုတောင် ဖြောင့်အောင်မရေးဖြစ်ခဲ့တာကြာပေါ့။ ဒီစာမှာလည်း စကား ပြောဆိုတာနဲ့ ပတ်သက်ပြီးပဲ ရေးလိုပါတယ်။ နေ့တိုင်းစကားတွေပြောနေတာပဲ စကားပြောတာများ အဆန်းလုပ်ရေးနေသလားလိုမေးချင်စိတ်ပေါက်လာကြပါလိမ့်မယ်။ အဲဒီလို နေ့တိုင်းစကားတွေပြောနေကြရလို့ စကားပြောဆိုတဲ့ နှုတ်ခမ်းကထွက်လာတဲ့ စကားတွေအကြောင်းကိုပဲ ရေးချင်တာဖြစ်ပါတယ်ဗျ။ စကားတွေကတော့ နေ့စဉ် နေ့တိုင်း ပြောဆိုနေကြတာပါပဲ။ ကျွန်တော်တို့လူမျိုးစရိုက်အနေနဲ့ လူအများရှေ့မှာ စကားပြောခိုင်းမယ်ဆိုရင် ပွဲလယ်မတင့်ဖြစ်နေကြရတာက လူအများစုပဲဖြစ်ပါလိမ့်မယ်။ လက်ဖက်ရည်ဝိုင်းမှာ စကားပြောဆို အကုန်ပြောလို့ ဖြစ်တယ်။ ဒါပေမယ့် မတ်တပ်ရပ်၊ မိုက်ခွက်ကြီးကိုင် ပြောဆိုရင်တော့ ဒုက္ခနဲ့ လှလှတွေ့နေရသလို အလွန်အေးနေတဲ့ ရာသီမှာတောင် ဇောချွေးတွေသပ်ချရလောက်အောင် ထွက်နေတတ် ကြတာ မြင်ဖူးကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ လူမျိုးအများစုက ဖာသိဖာသာနေတတ်တဲ့ အကျင့်ကြောင့်လား လူအများရှေ့ထွက်စကားပြောဆိုဖို့ကျတော့ ရွံ့နေတတ်ကြတယ်။ ဘယ်အကြောင်းကြောင့် ရယ်လို့တော့သေချာမပြောတတ်ဘူး။ စကားပြောဆိုခြင်းနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကို ရေးချင်စိတ်ပေါက်လို့ အခုလိုရေးချတာပါပဲ။
လူ့ဘ၀ဆိုတာကြီးကို ဘာမှန်းသေချာမသိပဲနဲ့ နေ့စဉ်နဲ့အမျှ စားဝတ်နေရေး ဆိုတဲ့ အရေးသုံးပါးအတွက် ရုန်းကြ ကန်ကြ ရှာဖွေကြရင်းနဲ့ သေရွာကို သွားနေကြတဲ့ အူလယ်လယ် ခရီးသွားဧည့်သည်တွေချည်းပါပဲဗျာ။ ဘ၀တစ်ခုမှာ ရှင်ခြင်း နဲ့ သေခြင်း ဘယ်လောက်ခရီးအကွာမှာ ရှိသလဲလို့ ပုံသေတွက်ချက်နိုင်တဲ့ ပုံသေနည်းမရှိတော့လည်း ခက်ပေသားပဲဗျာ။ ပုံသေနည်းသာရှိရင် ထည့်တွက်ပြီး ဘယ်အချိန်မှာ ဒီဘ၀ကို စွန့်ခွာသွားရမလိုဆိုတာ သိနေနိုင်တာပေါ့။ ခုတော့ ဒီပုံသေနည်းကို ဘယ်ပညာရှင်ကမှ မတီထွင်နိုင်သေးဘူး။ နောင်လည်း တီထွင်နိုင်မယ်မဟုတ်ပါဘူး။ ပုံသေနည်းမရှိတော့ မသိနိုင်တော့ဘူး။ မသိနိုင်တော့လည်း လုပ်ချင်ရာလုပ်ပြီး အူလည်လည်နဲ့ပဲ ဘ၀ကို ဖြတ်သန်းနေကြရဆဲပါပဲ။ ပုံသေနည်းရှိလို့ တွက်ချက်နိုင်ရင် ကောင်းတာလေးတွေ ပိုပြီးလုပ်ဖြစ်မယ်ထင်တယ်။ လူအများနှင့်ပေါင်းသင်းဆက်ဆံရန်အတွက် အလွယ်ကူဆုံး နည်းလမ်းတစ်ခုက စကားအပြောအဆိုပဲဖြစ်ပါတယ်။ နေ့စဉ် အချိန်နဲ့အမျှ စကားတွေကို ပြောဆိုနေကြရပါတယ်။ စကားအပြောအဆို ကျွမ်းကျင်လိမ္မာတဲ့အတွက် မိတ်ဆွေအပေါင်းအသင်းများ တိုးပွားလာနိုင်သလို စကားအပြေအဆို မကျွမ်းကျင်လို့ ရန်သူတွေလည်း များပြားလာနိုင်ပါတယ်။ စကားနဲ့ မိတ်ဆွေဖွဲ့နိုင်သလို စကားနဲ့ ရန်သူဖြစ်နိုင်ပါတယ်။ ကိုယ်ပြောလိုက်တဲ့စကားကို နားလည်သင့်သလို တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင်ရှောင်ရှားပြောဆိုနိုင်ရပါမယ်။ မိမိတွင်သာ အတ္တရှိသည်မဟုတ်ပဲ လူတိုင်းတွင် အတ္တရှိကြောင်း သတိပြုနိုင်ရပါမယ်။ စကားပြောနေတဲ့နှုတ်ခမ်းလေးတွေရဲ့ တကယ့်အလှက နှုတ်ခမ်းလေးတွေက ထွက်လာတဲ့ စကားလုံးလေးတွေပဲဖြစ်မယ်ထင်ပါတယ်။
လူအချင်းချင်း ပေါင်းသင်းဆက်ဆံကြရာတွင် စကားပြောဆိုခြင်းထက် သာလွန်သော အရည်အချင်းတစ်ခုက စကားပြောဆိုနေသူအားတက်စေရန်အတွက် စိတ်ပါလက်ပါ စိတ်ဝင်စားစွာ နားထောင်ပေးခြင်းပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းက စကားပြောဆိုလိုတတ်ကြပါတယ်။ နားထောင်ရမှာ အင်မတန်ပျင်းတတ်ကြပါတယ်။ စကားပြောကောင်းသူတစ်ယောက်ဖြစ်စေဖို့အတွက်ကလည်း ကောင်းကောင်းနားထောင်တတ်ဖို့လိုပါတယ်။ အပြစ်စကားပြောဆိုသူပဲဖြစ်ဖြစ်၊ ဒေါသစကားကိုပဲဖြစ်ဖြစ် သေသေချာချာ ကောင်းကောင်းမွန်မွန် ဂရုတစိုက်နဲ့ နားထောင်ပေးရင် အလွယ်တကူ ဒေါသ ပြေပျောက်စေနိုင်ပါတယ်။ ဒါ့ကြောင့် စကားပြောလိုသူကို စကားပြောခွင့်ပေးပြီး ကောင်းကောင်းနားထောင်ပေးလိုက်ခြင်းဟာ လူမှုဆက်ဆံရေးအတွက် အလွန်ကောင်းမွန်တဲ့ အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်။ စကားပြောဆိုနေသော နှုတ်ခမ်းများထက် တိတ်တဆိတ်နဲ့ ငြိမ်သက်ကောင်းမွန်စွာ နားထောင်နေတဲ့ နားများက ပိုပြီးအရည်အချင်းရှိပါတယ်။ ဒီတော့ နားထောင်တတ်တဲ့အရည်အချင်းကို သေချာလေ့ကျင့်မွေးမြူအပ်ပါတယ်။ ဈေးဝယ်သူတစ်ယောက်ရဲ့ ပြောဆိုတဲ့စကားတွေကို သေချာစွာ နားထောင်ခြင်းမရှိပဲ ကြားဖြတ်ပြောကြားတတ်တဲ့ ဈေးရောင်းသူတွေကို ဘယ်သူမှ မနှစ်ခြိုက်တတ်ကြောင်းကိုလည်း သိရှိရပါတယ်။ လူမှုနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ် ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အခြားသူပြောတဲ့စကားတွေကို ကောင်းကောင်း နားထောင်ပေးခြင်းက အလွန်အကျိုးများကြောင်း သိနိုင်ပါတယ်။ ဇွတ်ငြင်း၊ ဇွတ်ပြော၊ ဇွတ်ငြင်းခုံနေခြင်းက အကျိုးမဲ့တွေကိုသာ ဖြစ်ပေါ်စေနိုင်ပါတယ်။
စကားပြောနေတဲ့ နှုတ်ခမ်းတွေကိုတော့ အလှတရားတွေဆင်မြန်းပြီး မလှလှအောင် နည်းအမျိုးမျိုးနဲ့ လိမ်းချယ်၊ ပြုပြင်နေတတ်ကြပေမယ့် လှပတဲ့နှုတ်ခမ်းကနေ ထွက်လာတဲ့စကားလုံးတွေကတော့ လှပခြင်းမရှိပဲ နားထောင်ရ ခက်ခဲတဲ့စကားလုံးတွေဖြစ်မနေသင့်တာကို မေ့လျော့နေတတ်ကြပါတယ်။ လှပတဲ့နှုတ်ခမ်းလေးတွေက ထွက်ပေါ်လာတဲ့စကားလုံးတွေဟာလည်း ချိုမြိန် လှပတဲ့ စကားလုံးလေးများ ဖြစ်သင့်ပါတယ်။ အောင်မြင်ကျော်ကြားနေတဲ့ လူတွေသာမက သာမန်လူများပင်လျှင် သူတို့ပြောဆိုနေတဲ့စကား များကို ကောင်းကောင်းနားထောင်တတ်တဲ့သူကို အလိုရှိကြပြီး ငြင်းခုံတတ် ကြားဖြတ်ပြောတတ်တဲ့သူ များကိုတော့ အလိုမရှိတတ်ကြတာကို သတိပြုဆင်ခြင်နိုင်မယ်ဆိုရင် လူမှုပေါင်းသင်းဆက်ဆံရေးမှာ အောင်မြင်သူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ မိမိပြောစကားများကို ကောင်းကောင်းနားထောင်ပေးမယ့်သူ မရှိလျှင် ရောဂါဖြစ်ပွားနိုင်ပါတယ်။ ကောင်းကောင်းနားထောင်တဲ့သူတစ်ယောက်ကို ရှာပြီး စကားပြောဆိုတတ် ကြသလို ကောင်းကောင်းနားထောင်တတ်တဲ့သူကိုလည်း လူအများစုက သဘောကျနှစ်ခြိုက်တတ်ကြပါတယ်။ ဒါ့ကြောင့် စကားပြောနေတဲ့ နှုတ်ခမ်းများကို ကောင်းကောင်း နားထောင်ပေးတဲ့နားများဖြစ်မယ်ဆိုရင် ပိုမို အောင်မြင်နိုင်ပါလိမ့်မယ်။ လှပတဲ့နှုတ်ခမ်းလေးများက ထွက်လာတဲ့စကားလေးတွေဟာလည်း လှပတဲ့ စကားလုံးလေးတွေဖြစ်သင့်ပါကြောင်း အကြံပေးရင်း ရပ်နားလိုက်ပါတယ်။
ရေးသားသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
2-Feb-2019 စနေနေ့(Saturday)