စကားပြောရမယ်

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



0dfe9v1ju5.png


အရင်ရက်က PAL, NEO တွေရေးတင်ခဲ့လေတော့ ဒီနေ့ အပြောင်းအလဲလုပ်တဲ့အနေနဲ့ စကားပြောရမယ် ဆိုတဲ့ ခေါင်းစဉ်လေးရေးတင်လိုက်ပါတယ်။ လူရယ်လို့ဖြစ်လာလို့ လူ့လောကထဲရောက်လာချိန်မှာ ကျွန်တော်တို့ အနေနဲ့စကားမပြောပဲ နေလို့မရပါ။ စကားမပြောတတ်ခင်အချိန်က စကားတွေကို မပီကလာ ပီကလာနဲ့ တွတ်တီး တွတ်တာ ကြိုးစားပြောဆိုခဲ့ကြ ရမှာပါ။ ဒီလိုနဲ့ တဖြည်းဖြည်း ကျောင်းတက်ရမယ့် အရွယ်ရောက်လာတော့လည်း သူငယ်ချင်းအပေါင်းအသင်း တွေနဲ့ အလုအယက် စကားပြောဆိုကြတာပဲ မဟုတ်လား။ စကားနိုင်လုပြောဆိုကြတာတွေတောင် ရှိလိမ့်အုံး မယ်။ အသက်အရွယ်အတော်ရလာတဲ့အထိ စကားနိုင်လုပြောဆိုနေကြတုံးပဲဆိုတာကို ငြင်းလို့မရဘူးထင်တယ်။ ဒီလိုနဲ့ အလုပ်ခွင်၊ လုပ်ငန်းခွင်ဝင်တဲ့အရွယ် ရောက်လာပြန်တော့လည်း မပြောင်းမလဲ ကိုယ့်စကားအနိုင် ရဖို့ ကြိုးစားပြောဆိုနေကြတာက လူအများစုပဲ ဖြစ်မယ်ထင်ပါတယ်။ ပြောင်းလဲသွားတဲ့ လူတွေလည်းရှိနိုင်ပေမယ့် လူနည်းစုပဲဖြစ်မယ်။ အများစုကတော့ မပြောင်းမလဲ စကားနိုင်လုဖို့ကြိုးစားနေကြဆဲပဲဖြစ်တာကို မြင်ရပါတယ်။ အဲဒီလို စကားနိုင်လုနေတတ်တဲ့သူ တွေကို လူအများရှေ့မှာ၊ စင်ပေါ်မှာတင်ပြီး စကားပြောဆိုခိုင်းမယ်ဆိုရင်တော့ အဆင်ချောမွေ့မယ်မထင်ပါဘူး။ စကားဆိုတာက လူတွေနဲ့ ပေါင်းသင်းဆက်ဆံနေရတာဖြစ်တဲ့အတွက် မပြောပဲ နေလို့ကို မရနိုင်ပါဘူး။ စကားဆိုတာ ပြောကိုပြောကြရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် စကားပြောဆိုတဲ့အခါ ကျွန်တော်တို့တစ်တွေ ဘယ်လိုပြောဆိုနေကြတာလဲ။ ကိုယ့်စကားတစ်ခွန်းကြောင့် လူချစ်လူခင်ပေါများသွားစေသလား ဒါမှမဟုတ် ကိုယ့်ကို အမြင်ကတ်မုန်းတီးသွားတဲ့သူတွေများလာတာလားဆိုတာကိုတော့ ဆန်းစစ်ကြည့်မိသူ နည်းပါတယ်။ စကားနဲ့ပတ်သက်လို့လည်း အရင်ကတည်းက မကြာခဏ Post ရေးခဲ့ဘူးပါတယ်။ ပြောသင့် မပြောသင့် အခြေအနေ အချိန်အခါ နေရာဒေသ စတာတွေကို ကြည့်ပြီး စကားပြောဆိုနိုင်ဖို့ စတဲ့အကြောင်းတွေကို ထပ် မရေးတော့ပါဘူး။


rmqlkom175.png


လူအများနဲ့ဆက်ဆံတဲ့အခါမှာပဲဖြစ်ဖြစ် လုပ်ငန်းသဘောသဘာဝအရပဲဖြစ်ဖြစ် လူအချင်းချင်း စကားပြောရ တယ် မဟုတ်ပါလား။ စကားတွေကို ပြောဆိုပြီး အသက်မွေးဝမ်းကြောင်းနေရတဲ့သူတွေမဟုတ်ကြပေမယ့် လည်း နေ့စဉ် အချိန်နဲ့အမျှ စကားတွေကို ပြောဆိုနေကြရပါတယ်။ စကားမပြောရပဲနဲ့ တစ်ယောက်တည်း နေမယ်ဆိုရင် အဲဒီလိုလူတွေ ရူးတောင် ရူးသွားနိုင်တယ်လို့ထင်မှတ်မိပါတယ်။ သာမန်လူတွေကိုပြောတာပါ။ သူတော်စင်တွေလို အကျင့်တရားကောင်းမွန်ပြီး တောထွက်တစ်ယောက်တည်းနေနိုင်တဲ့သူတွေကိုတော့ မပြော ပါဘူး။ အဲဒီလိုသူတော်စင်တွေအနေနဲ့က လူ့လောကကို စိတ်ကုန်နေပြီဖြစ်လို့ သံသရာ ၀ဲဂယက်ထဲကနေ ရုန်းထွက်လိုတဲ့အတွက် အကျင့်ကောင်း၊ အကျင့်မြတ်တွေကျင့်ကြံနိုင်လို့ အဲဒီလိုလူတွေ စကားမပြောတာကို တော့ ထည့်ပြောလို့ မဖြစ်ပေဘူး။ သူတို့လို သံသရာလွတ်ကြောင်း အကျင့်ကောင်းတွေကို ကျင့်ကြံလိုသူတွေ လည်းပဲ စကားမပြောမဆို နေနိုင်ပါတယ်။ ကျွန်တော်တို့လိုသာမန်လူတွေအဖို့ လူ့လောက လူမှုကိစ္စ လူ့အရှုတ်အထွေးထဲမှာ နေထိုင်နေသေးသမျှတော့ စကားဆိုတာ ပြောကိုပြောနေရမှာဖြစ်ပါတယ်။ တကယ်တော့ စကားပြောဆိုခြင်းဆိုတာက ပျော်စရာတစ်ခုပဲဖြစ်တယ်လို့ ထင်ပါတယ်။ စကားမပြောမဆို နှုတ်ဆိတ်နေခြင်းက လူတွေရဲ့စိတ်ကို နောက်ကျိရှုတ်ထွေးစေတတ်တယ်လို့လည်း မြင်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ကတော့ စကားတွေကို ပြောဆိုပါတယ်။ စကားပေါလွန်းလို့ လေအိုးလို့ခေါ်ချင်လည်း ခေါ်ကြ မှာဖြစ်ပေမယ့် တတ်နိုင်ပါဘူးလေ။ စကားကတော့ ပြောနေရမှာပါပဲ။


jrxsugf812.png


စကားပြောနေရတယ်ဆိုပေမယ့် တစ်ခါတစ်ရံမှာတော့လည်း နှုတ်ဆိတ်နေရတဲ့အချိန်တွေ ရှိနေတတ်ပါတယ်။ သူတစ်ပါးအကျိုး၊ ကိုယ့်အကျိုး တစ်ခုမှမရနိုင်ဘူးထင်ရင်တော့ သိပ်ပြီး စကားမပြောပါဘူး။ ရောက်ရာ ပေါက်ရာ ပြောချင်ရာပြောနေပေမယ့် အဲဒီလိုပြောနေတဲ့စကားလုံးတွေက စိတ်ကိုတော့ ပေါ့ပါးလန်းဆန်းစေတယ်လို့ ထင်ပါတယ်။ သူတစ်ပါးအကျိုးစီးပွားပျက်ရာပျက်ကြောင်း၊ သူတစ်ပါးထိခိုက်စေနိုင်တဲ့စကားမျိုးကိုတော့ တတ်နိုင်သမျှ ရှောင်ရှားပြောဆိုရတာပေါ့။ ရှောင်မရရင်တော့ ပြောသင့်ပြောရတာပါပဲ။ မပြောသင့်ရင်လည်း မပြောသင့်တဲ့အကြောင်းတော့ ပြောရတာပါပဲ။ ဘယ်သူနဲ့မှ စကားမပြောချင်ရင် ဘယ်တော့မှ အောင်မြင်တဲ့သူ တစ်ယောက် ဖြစ်လာမယ်မထင်ပါဘူး။ ဒီတော့ အောင်မြင်ချင်တဲ့သူတွေအနေနဲ့ စကားဆိုတာကို မပြောချင်လည်းပြော၊ ပြောချင်လည်း ပြောရမှာပါ။ နိုင်ငံရေးသမား၊ စီးပွားရေးသမား၊ လူမှုရေးသမား ဘယ်သူပဲ ဖြစ်ဖြစ် စကားပြောကို ပြောနေရတယ်မဟုတ်လား။ နေမကောင်းလို့ ဆေးခန်းသွားပြလို့ ဆရာဝန်က သူစမ်းသပ် စရာအလုပ်တွေကို စမ်းသပ်၊ ပြီးတော့ လိုအပ်ရင် ဆေးထိုး ဆေးစားဖို့ပေးပြီး ဘာစကားတစ်ခွန်းမှ မပြောပဲနဲ့ လူနာကို ပြန်လွှတ်ကြည့်ပါလား။ အဲဒီဆေးခန်းကို နောက်တစ်ခေါက် ထပ်သွားလိမ့်မယ်မထင်ဘူးဗျို့။ တကယ်လို့များ ဆရာဝန်လုပ်သူက ဘာလုပ်လိုက်သလား၊ ဘယ်လိုနေသင့်တယ်၊ ဘာတွေကိုစား၊ ဘာတွေတော့မတဲ့ဘူး၊ ဒီရက်ပိုင်းမှာ ဘာတွေကိုရှောင်၊ ဒီဆေးတွေကို တစ်နေ့ ဘယ်နှစ်ကြိမ်သောက် ဆိုတာကို သေသေချာချာရှင်းပြ ပြောပြမယ်ဆိုရင်တော့ အဲဒီ ဆရာဝန်ဆီကို နောက်တစ်ခေါက်ထပ်သွားဖို့ ၀န်လေးနေမယ် မဟုတ်လောက်ပါဘူး။ ဒီတော့ ကျွန်တော်တို့ဟာ စီးပွားရေးသမားပဲဖြစ်ဖြစ် နိုင်ငံရေးသမားပဲ ဖြစ်ဖြစ် တရားသမားပဲဖြစ်ဖြစ် လူမှုရေးပရဟိတလုပ်ငန်းသမားပဲဖြစ်ဖြစ် စကားပြောကို ပြောနေရမှာ ဖြစ်တဲ့အကြောင်း တွေးမိသမျှ ရေးချမိကြောင်း ရေးရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

11-7-2019 ကြာသပတေးနေ့(Thursday)