စိတ်ကူးတည့်ရာ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
စိတ်ကူးတည့်ရာ ရေးမယ်ဗျာ။ ဖတ်ချင်သူများ အားပေးပါ။ ကျွန်တော်တို့ရွှေမြန်မာများဟာ ဗုဒ္ဓဘာသာတရားကိုလက်ကိုင်ထားပြီး စာနာမှု၊ နားလည်မှု၊ မေတ္တာတရား၊ မဟုတ်တာ မမှန်တာမလုပ်ဘူး ဆိုတာတွေကို လက်ကိုင်ထားတယ်လို့ကြွေးကြော်ကြပါတယ်။ ဂုဏ်ယူကြပါ တယ်။ ဒါပေမယ့်လည်း အများစုကတော့ ကာယကံ မြောက်အဖြစ်တော့ လိုက်နာတဲ့သူနည်းပါးတာကို တွေ့ကြရမယ်ထင်ပါတယ်။ ကာယကံမြောက်ဆိုတာထက် ၀စီကံလေးတွေနဲ့ပဲ ကျေနပ်နှစ်သိမ့်နေတတ်၊ ကြွေးကြော်နေတတ်၊ ဂုဏ်ယူနေတတ်ကြပါတယ်။ လက်တွေ့အသုံးချမှသာ အကျိုးတရားရရှိမှာဖြစ်တာကို တော့ မေ့လျော့နေကြလေသလားတော့မသိပါ။ လက်တွေ့ကျင့်သုံးမှုအားနည်းတာကိုမြင်ရပါတယ်။ စာနာမှု၊ နားလည်မှု၊ မေတ္တာတရားဆိုတာတွေက ဘယ်လိုအချိန်တွေမှာ အသုံးချကြရတာလဲဆိုတာ ကိုယ်တိုင်သိသင့် ပါတယ်။ ကိုယ်တိုင်သိ၊ ကိုယ်တိုင်ကျင့်မှ ကိုယ်တိုင်အကျိုးခံစားရမှာဖြစ်ပါတယ်။ သူများကျင့်ကြံထားတဲ့အကျင့် သီလက ကိုယ့်အတွက်ဘာအကျိုးမှ ဖြစ်ထွန်းလာမယ်မဟုတ်ပါဘူး။ သူများပိုင်ဆိုင်ထားတဲ့အရာကို ကိုယ့်ရထားတဲ့အရာလို့မှတ်ယူနေရင်တော့ ဒုက္ခ နဲ့ လှလှ တွေ့နိုင်ပါတယ်။ အခြားသူရဲ့ ငွေကြေးတွေကို ကိုယ့်ငွေကြေးလို့မှတ်ယူနေလို့ ရနိုင်မရနိုင် အလွယ်တကူ စဉ်းစားကြည့်နိုင်ပါတယ်။ ကိုယ့်စိုက်တဲ့အပင်က အသီးကို ကိုယ်တိုင်ပဲရိတ်သိမ်းကြရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့ မကြာခဏပြောတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ရိတ်သိမ်းကြရမယ်ဆိုတာကို နားမလည်ကြတာပဲလားတော့မဆိုနိုင်ပါ။ ကိုယ်လုပ်ခဲ့တဲ့ အကြောင်းတစ်ခုအတွက် အကျိုးခံစားရတဲ့အချိန်ကျမှ ငါ့မှာမှ ဖြစ်ရလေခြင်းဆိုကာ ငြီးတွားနေတတ်ပါတယ်။ မကောင်းဆိုးမခံလိုပါက မကောင်းမှုများတတ်နိုင်သမျှ မပြုလုပ်ကြရန်လိုမယ်ထင်ပါတယ်။
လူတိုင်းက ချမ်းသာကြီးပွားလိုကြတယ်။ ဒါကအပြစ်တစ်ခုမဟုတ်ပါဘူး။ ချမ်းသာချင်ကြတော့ ချမ်းသာရာ ချမ်းသာကြောင်း၊ ကြီးပွားရာ ကြီးပွားကြောင်းတွေကို ရှာကြံလုပ်ကိုင်ကြတယ်။ ဒါကို အပြစ်တစ်ခုလို့ သတ်မှတ် နေကြမယ်မဟုတ်ပါဘူး။ အချို့သောလူတွေကတော့ သူများတွေရဲ့ ကဲ့ရဲ့ပြစ်တင်မှာကို မလိုလားတဲ့အတွက် ချမ်းသာလိုတဲ့ဟန်ပန်၊ ကြီးပွားလိုတဲ့ဟန်ပန်မပြတတ်ကြတာကို မြင်တွေ့ရပါတယ်။ ဒါကတော့မှားတယ်လို့ပဲ ပြောရမယ်ထင်ပါတယ်။ လူတွေရဲ့အပြစ်တွေကို လျှောက်ပြောပြီး မရမကလိုက်ရှာနေမယ်ဆိုရင် အပြစ်လွတ်တဲ့ သူက လောကမှာ မရှိသလောက်ဖြစ်နေတာကို မြင်ရပါလိမ့်မယ်။ ကိုယ်ကလွဲပြီးရင်ပေါ့လေ။ လူဆိုတာက ကိုယ့်အပြစ်ကို မြင်နိုင်ခဲတယ်ဗျ။ ဝေဖန်ပေးကြပါလို့ပြောတတ်ကြတယ်။ ဝေဖန်တဲ့အခါမကြိုက်ကြပြန်ဘူး။ သွန်သင်ပေးပါလို့ပြောတတ်ကြတယ်။ သွန်သင်တဲ့အခါမှာတော့ ရန်သူလိုသတ်မှတ်တာခံရတတ်ပြန်ပါတယ်။ ဒီတော့ အခြားသူတွေရဲ့ အပြစ်အနာအဆာကို ကြည့်နေမယ့်အစား ကိုယ့်အပြစ်တွေကိုပဲ ရှာပြီး တတ်နိုင်သလောက် ပြုပြင်ဖာထေးတဲ့အကျင့်ပဲလုပ်တော့တယ်။ ဒါက ဘေးအန္တရာယ်ကင်းပြီး စိတ်လည်း ချမ်းသာပါတယ်။ သူများတွေကိုအပြစ်မမြင်တော့ပေမယ့် ကိုယ့်ကိုလူတိုင်းက အကောင်းထင်မယ်လို့တော့ မှတ်ယူထားလို့မရပါဘူး။ မလိုမုန်းထားသူဆိုတာက မြတ်စွာဘုရားတောင်မှ ရှိနေတတ်သေးတယ်မဟုတ်လား။ အသက်အရွယ် အတွေ့အကြုံတွေက လူတွေကို ပြုပြင်သွားတတ်ကြပါတယ်။ အသက်အရွယ်ရလာလေလေ အတွေ့အကြုံများလာလေလေ နှုတ်ဆိတ်ပြီး အပြစ်မမြင်တတ်တော့လေလေပါပဲ။ လောကရဲ့ သဘောသဘာဝ အရ ယနေ့မိတ်ဆွေဖြစ်နေပေမယ့် မနက်ဖြန် ရန်သူဖြစ်သွားနိုင်ပါတယ်။ ယနေ့ရန်သူဖြစ်နေပေမယ့် မနက်ဖြန်မှာ မိတ်ဆွေဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ရဲ့ အပြုအမူ၊ အပြောအဆိုတွေကပဲ တစ်ဖက်သားရဲ့စိတ်ကို ပြောင်းလဲသွားစေတတ်တာပါ။
ဘယ်အရာ၊ ဘယ်နေရာမဆို အဓိကကျတဲ့အချက် နဲ့ သာမညလောက်သာဖြစ်နေတဲ့အချက်တွေကို ကွဲကွဲပြားပြားနားလည်အောင် လေ့ကျင့်ထားသင့်ပါတယ်။ ငယ်ရွယ်စဉ်အသက်အရွယ်မှာတော့ ကိုယ့်ကို မုန်းတဲ့ ရန်သူတွေ များနေတတ်တာကို သတိပြုဆင်ခြင်သင့်ပါတယ်။ ဘာ့ကြောင့်ငယ်ရွယ်စဉ်မှာ ရန်သူများရသလဲဆို မှန်တယ်ထင်ရင် ဟောဟော ဒိုင်းဒိုင်းနဲ့ ပြောတတ်ဆိုတတ်ကြတယ်၊ လုပ်တတ်ကိုင်တတ်ကြတယ်။ ဒီအခါမှာ မလိုလားအပ်တဲ့ အမုန်းပွားမှုတွေ၊ အငြင်းပွားမှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ကြရတာကြောင့်ပဲဖြစ်ပါတယ်။ ငါမှန်တယ်ဆိုတိုင်း နေရာတကာ အခြားသူတွေကို အပြစ်မတင်မိဖို့လိုမယ်ထင်ပါတယ်။ တကယ်တော့ အပြစ်တင်တယ်ဆိုတာက ကောင်းကျိုးမရတာကများပါတယ်။ ကိုယ်တိုင်မွေးထားတဲ့သားသမီးတောင်မှ အပြစ်စကားပြောကြားမိရင် မချေမငံဆက်ဆံခံရတတ်ပါတယ်။ ဒီတော့အချစ်မမြင်တဲ့ အပြစ်တင်စကားကို မပြောလေ ကောင်းလေဖြစ်မယ်ထင်တယ်။ အပြစ်တင်ခြင်းဆိုတာက မိတ်ပျက်စေတဲ့ မကောင်းဆိုးဝါး တစ်ကောင်သာဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အပြစ်တင်တယ်ဆိုတာ တစ်ဖက်သားရဲ့မာန တနည်းအားဖြင့်ဆိုရင် မနေ့ကရေးခဲ့တဲ့ အတ္တကို သွားထိခိုက်တတ်လို့ပါ။ ကိုယ့်မာန ကိုယ့်အတ္တကိုထိရင် အများစုက မခံနိုင်ကြဘူးဆိုတာ အမှန်ပဲဖြစ်ပါတယ်။ ဗဟုသုတ ဗဟုသတဆိုပြီး ရေးလာခဲ့တာလည်း စုံသလောက်ဖြစ်နေတယ်။ တကယ်တမ်းကတော့ ဗဟုသုတဆိုတာ စုထားရမယ့်အရာတစ်ခု မဟုတ်ပါဘူး။ ဗဟုသုတဆိုတာ ကိုယ့်ဘ၀မှာ လက်တွေ့ အသုံးချရတဲ့အရာသာဖြစ်ပါတယ်။ အဲဒီလိုလုပ်တာကိုလည်း ပညာလို့သတ်မှတ်ကြပါတယ်။ အပေါင်းအသင်းမိတ်ဆွေများ အလွယ်တကူပျက်စီးစေတာက ဘာမှ မဟုတ်တဲ့ စကားလေးတစ်ခွန်း၊ အပြုအမူလေးတစ်ချက်ကြောင့်ဖြစ်တတ်ပါတယ်။ အဲဒီလို ဘာမှမဟုတ်ဘူးလို့ထင်ရတဲ့ အရာလေးတွေကနေ အလွန်ကြီးကျယ်တဲ့ ပြဿနာတွေဖြစ်လာကြတာပါပဲ။ ယမ်းမှုန့်လေးတစ်ခုက မပေါက်ကွဲ စေတတ်ပေမယ့် ယမ်းမှုန့်တွေအများကြီးစုထားခဲ့မယ်ဆိုရင်တော့ အလွန်ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်စေသလိုပါ ပဲ။
ဘာရယ်မဟုတ်ပဲနဲ့ ရေးထားတဲ့စာတွေဖြစ်လို့ စိတ်ကူးတည့်ရာလို့ခေါင်းစီးပေးလိုက်ပါတယ်။ ဒါပေမယ့်လည်း သတိမူရင် မြူတောင်မြင်တယ်လို့ဆိုကြပါတယ်။ သတိမူသူများအနေနဲ့တော့ အကျိုးမယုတ်စေနိုင်ဘူးလို့လည်း ထင်ပါတယ်။ ဘယ်အရာကိုပဲလုပ်လုပ် သတိနဲ့လုပ်ကြမယ်ဆိုရင် အမှားအယွင်းဆိုတာ အလွန်ရှားသွားမယ်လို့ လည်းထင်ပါတယ်။ ကျွန်တော်တို့ဟာ အခြားသူများအား သွန်သင်ဆုံးမရန် အလွန်အားသန်တတ်ကြပြီး ကိုယ်တိုင်ကမူ နေချင်သလိုနေ၊ စားချင်သလိုစား၊ လုပ်ချင်သလိုလုပ်နေတာကို ပြုပြင်ရန်အတွက် တစ်ခါမျှ မစဉ်းစားကြပါဘူး။ အခြားသူတွေကို ဆုံးမသွန်သင်ခြင်းဟာ အလွန်ကောင်းမွန်တဲ့ စိတ်ကူး ကြံစည်ချက်တစ်ခု ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အခြားသူကိုမပြုပြင်ခင်မှာ ကိုယ်တိုင်အရင်ပြုပြင်ထားသင့်တယ်လို့လည်း ထင်ပါတယ်။ တကယ်လို့များ ကိုယ်တိုင်ပြုပြင်နေပြီဆိုရင်တော့ ကျွန်တော်တို့ဟာ ထိုက်သင့်တဲ့ တန်ဖိုးတစ်ခုကို ပိုင်ဆိုင်လာပြီလို့လည်း ယုံကြည်ထားလိုက်စေချင်ပါတယ်။ ကိုယ်တိုင်က ဘက်စုံမဟုတ်တောင် ထိုက်သင့်တဲ့ ထူးချွန်မှုတွေကို ပိုင်ဆိုင်ချင်တယ်လို့ဆိုရင် အခုချက်ချင်းပဲ ပြုပြင်မှုကို စတင်သင့်ပါတယ်။ ကျွန်တော်တို့ အများစုဟာ ကိုယ်အိမ်ဝန်းထဲက အမှိုက်တွေကို မရှင်းလင်းနိုင်သေးပဲနဲ့ အခြားသူတစ်ယောက်ရဲ့ဝန်းထဲက အမှိုက်တွေရှုတ်နေတာကို ကဲ့ရဲ့အပြစ်တင် နေမယ်ဆိုရင် မှန်တယ်လို့ မထင်မိပါ။ အများစုသောလူတို့သည် လူဟူသောသတ္တ၀ါဟာ ဆင်ခြင်တုံတရားတွေနဲ့ ပြည့်စုံတယ်၊ အကြောင်းအကျိုး အကောင်းအဆိုးတွေကို လက်ခံယုံကြည်နိုင်တယ်လို့ထင်ခဲ့ရင် အဲဒါမှားနေတယ်လို့ယူဆမိပါတယ်။ လူဆိုတာက ကိုယ့်ရဲ့အတ္တကို ထိခိုက်တယ်ဆိုရင် ဆုံးမတာပဲဖြစ်ဖြစ်၊ အပြစ်တင်တာပဲဖြစ်ဖြစ် အကြောင်းအကျိုးကို မဆင်ခြင်နိုင်တော့ပဲ ကန့်လန့်တိုက်တတ်ကြတာကို အမြဲလိုလိုမြင်ဘူးနေသောကြောင့်ဖြစ်ပါတယ်။ စိတ်ကူးတည့်ရာဆိုတဲ့အတိုင်း ခေါင်းထဲပေါ်သမျှ လျှောက်ရေးနေမယ်ဆိုရင်တော့ သေချာတာက အဆီအငေါ်မတည့်တဲ့ စာတွေ ၀တ္ထုတစ်ပုဒ် လောက်ရေးမိနေမှာဖြစ်လို့ တော်လောက်ပါပြီဗျာ။
သူတစ်ပါးကို ဆုံးမပြုပြင်ရန်ထက် မိမိကိုယ်မိမိ ဆုံးမခြင်းက အန္တရာယ်ကင်းသလို အကျိုးလည်းများပါတယ်
အဓိက နဲ့ သာမည ကို အမြဲတမ်း ကွဲကွဲပြားပြားမြင်နိုင်ပါစေ
သူတစ်ပါးကို အပြစ်တင်စကားမပြောမိစေရန် ထိန်းချုပ်ခြင်းဖြင့် မိတ်ဆွေ တိုးပွားစေရန် ကြိုစားသင့်ပါတယ်
အကြောင်းကြောင့် အကျိုးဖြစ်ပေါ်ရခြင်းဖြစ်တာကြောင့် အကြောင်းကောင်းအောင်ကြိုးစားပါ
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
23-Oct-2018 အင်္ဂါနေ့(Tuesday)