စီးပွားအောင်မြင်မှု
ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear steemians families.

လူ့လောကမှာ လူရယ်လို့ဖြစ်လာတော့ ကျွန်တော်တို့အနေနဲ့ စီးပွားရှာကြရပါတယ်။ အောင်မြင်တဲ့သူတွေရှိ သလို မအောင်မြင်တဲ့သူတွေလည်းရှိပါတယ်။ ဒီတော့ စီးပွားရေးဆိုတာရဲ့ အဓိပ္ပါယ်ကို စဉ်းစားကြည့်မိတော့ စီးပွားရှာတယ်ဆိုတာက မရရှိသေးတဲ့ စည်းစိမ်ဥစ္စာတွေကို ရရှိအောင်ကြိုးစားတာရယ် ရရှိပြီးသားစည်းစိမ်ဥစ္စာ တွေကိုလည်း ဆက်လက်တိုးပွားများပြားလာအောင်ကြိုးစား လုပ်ဆောင်ရတာပဲလို့ နားလည်သဘောပေါက်မိ တယ်။ ဒီနေရာမှာ “ကြိုးစား” တယ်ဆိုတိုင်း အောင်မြင်မှု မရရှိနိုင်ပါ။ ဘာမှနားမလည် ပါးမလည်ပဲနဲ့ သေလောက်အောင် ကြိုးစားနေလည်း အောင်မြင်မှုရဖို့ဆိုတာ မရှိသလောက်ကို နည်းပါးပါလိမ့်မယ်။ ဒါဆိုရင် ဘယ်လိုကြိုးစားသင့်သလဲဆိုတော့ နည်းသိ လမ်းသိ တတ်ကျွမ်းနားလည်ပါမှ အောင်မြင်မှုရဖို့လွယ်ကူနိုင်ပါ မယ်။
အဲဒီလို စီးပွားဥစ္စာတွေကိုရှာကြ ဖွေကြတဲ့အခါမှာ လိုအပ်တဲ့အချက်တွေ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကနေ ယနေ့ထိတိုင်အောင် မှန်ကန်နေတဲ့ အရာတွေ ရှိခဲ့ပါတယ်။ လိုက်နာရင် တကယ်ဖြစ်မှာဖြစ်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။ အဲဒါက ဘာတွေလည်းဆိုတော့ -
(၁) ကိုယ်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရဲ့ အကြောင်းကို ကျွမ်းကျွမ်းကျင်ကျင် နားလည်တတ်မြောက် ထားရပါမယ်။
(၂) ဘယ်လိုအခက်အခဲမျိုးတွေကိုပဲတွေ့တွေ့ မဆုတ်မနစ်တဲ့ ဇွဲ လုံ့လ ၀ီရိယတွေရှိရပါမယ်။
(၃) ကိုယ့်လုပ်ငန်း ကိုယ့်စီးပွားရေးအတွက် နည်းပညာဆိုတာရှိရပါမယ်။ ကိုယ်လုပ်ကိုင်နေတဲ့ လုပ်ငန်းမှာ ဘာနည်းပညာမရှိရင်လည်း မဖြစ်ပါဘူး။

နည်းမှန် လမ်းမှန် နည်းလမ်းတကျနဲ့ ကြိုးစားလို့ အောင်မြင်လာပြန်ရင်လည်း ရေရှည်အောင်မြင်တာနဲ့ ခဏတာ အောင်မြင်တာတွေဖြစ်တတ်ပါတယ်။ ဘာ့ကြောင့် ရေရှည်အောင်မြင်ပြီး ဘာ့ကြောင့် ခဏတာပဲ အောင်မြင်မှု ရသလဲဆိုတာက ကြိုးစားလို့အောင်မြင်ပြီးလို့ ရရှိလာတဲ့ စည်းစိမ်ဥစ္စာတွေကို ဆက်လက်တိုးပွားအောင်မလုပ်ပဲ ဖြုန်းတီးပစ်လိုက်တဲ့အတွက်ဖြစ်ပါလိမ့်မယ်။ ငွေကြေးစည်းစိမ်ဥစ္စာတွေကို အချို့က လုပ်ငန်းတိုးတက်ဖို့အတွက် ရင်းနှီးသင့်တာကိုလည်းရင်းနှီး ကူညီသင့်တဲ့သူတွေကိုလည်း ကူညီ၊ လှူသင့် တန်းသင့်တာတွေကိုလည်း လှူတန်းပြီးတော့ ကိုယ်ကျင့်သီလတွေလည်း တိုးတက်ကောင်းမွန်ပြီး ကောင်းမှု ကုသိုလ်တွေကို တိုးပွားများပြားလာအောင်လုပ်ကြတယ်။ အချို့ကတော့ ရရှိလာတဲ့ စည်းစိမ်ဥစ္စာနဲ့ ငါ မှ ငါ မာန်မာနတက်သွားပြီး အသုံး နဲ့ အဖြုန်းကွဲပြားမှုမရှိတော့ပဲ ကောင်းမှုကုသိုလ်လည်း မလုပ်ပဲ မကောင်းမှုကိုဖြစ်ပေါ်စေတဲ့ အကုသိုလ်အလုပ်တွေနဲ့ အချိန်ဖြုန်းနေတဲ့အတွက် ခဏတာသာ အောင်မြင်မှုရရှိပြီး ပျက်စီးသွားရတာပဲဖြစ်ပါတယ်။ ကိုယ်ကျင့်သီလတွေကို တည်ဆောက်ဖို့လည်း သတိမရတော့ပါဘူး။ မရသေးတဲ့စည်းစိမ်ဥစ္စာကို ရရှိလိုစိတ်နဲ့ အသေအလဲ ကြိုးစားပြီးကာမှ ရလာတဲ့ စည်းစိမ်ဥစ္စာတွေကိုတော့ မထိန်းတတ် မသိမ်းတတ် မသုံးတတ်ရင် ရေရှည်အောင်မြင်ဖို့ မဖြစ်နိုင်ပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။
စီးပွားဥစ္စာ တိုးတက်ကြပြီး ကောင်းမှုကုသိုလ် တိုးပွားကြပါစေ...
ရေးသားသူ နှင့် ဒီဇိုင်း (Author and Design)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
14-8-2019 ဗုဒ္ဓဟူးနေ့(Wednesday)