ဆီလျှော်အောင် ဖန်တီး
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ယနေ့ခေတ်ကာလသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကလို လက်နက်ကိုင်ကာ နယ်ချဲ့ကျူးကျော်တဲ့လုပ်ရပ် တွေကို မလုပ်ကြတော့ဘူးဆိုတဲ့အကြောင်းကို ရေးသားခဲ့ဘူးပါတယ်။ တကယ်လည်း လက်နက်တွေကိုင်ပြီး စစ်တွေအတင်းတိုက်ပြီး နယ်မြေကျူးကျော်စစ်ပွဲတွေဆင်နွဲနေတဲ့ ခေတ်ကာလမဟုတ်တော့တာ မြင်ရပါတယ်။ အဲဒီလို လက်နက်တွေကိုင် စစ်တိုက်တာတွေက ဆုံးရှုံးမှုတွေများပြားသလို လူ့အသက်ပေါင်းများစွာကိုလည်း စတေးပစ်လိုက်ကြရတယ်။ ဒါဆိုရင် နယ်ချဲ့တာတွေ ကျူးကျော်တာတွေမလုပ်ကြတော့ဘူးလားလို့ ထင်စရာ မေးစရာ ဖြစ်လာပါတယ်။ လက်နက်တွေကိုင် လူအင်အားတွေသုံး စစ်ပွဲတွေနဲ့ နယ်မြေကျူးကျော်တာတွေ အစား အခြားအရာတစ်ခုနဲ့ အစားထိုးပြီး နယ်မြေကျူးကျော်တာတွေကို လိမ္မာပါးနပ်စွာနဲ့ လုပ်ကိုင်လာကြပါ တယ်။ အဲဒီလိုနည်းစနစ်ပြောင်းပြီးတော့ နယ်မြေသိမ်းပိုက်တာတွေ ကျူးကျော်တာတွေလုပ်လာတဲ့ အကျိုးရလာဒ် ကတော့ စစ်လက်နက်တွေ၊ လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ မဆုံးရှုံးတော့ပဲ အလွယ်တကူ နယ်မြေသိမ်းလာနိုင်တဲ့အပြင် အသိမ်းခံရတဲ့သူတွေကတောင် ကျေးဇူးရှင်တွေအဖြစ် မြင်နေအုံး မလားတောင် မသိနိုင်ဘူး။ မသိမသာနဲ့ တဖြည်းဖြည်းချင်း နယ်မြေသိမ်းမှန်းမသိ သိမ်းသွားလိုက်ကြတာ သိမ်းလို့ သိမ်းမှန်းတောင် မသိလိုက်ကြရဘူး။ အဲဒါက ဘာလဲဆိုရင်တော့ စစ်တိုက်ပြီး နယ်မြေသိမ်းတာအစား စီးပွားရေးစစ်နဲ့ နယ်မြေတွေကို သိမ်းလာကြတာတွေ၊ နယ်မြေ ကျူးကျော်လာကြတာပဲဖြစ်ပါတယ်။ မယုံမရှိပါနဲ့။ လွန်ခဲ့တဲံ့နှစ်ပေါင်းများစွာကတည်းက အခြားသောတိုင်းပြည်နိုင်ငံတွေက စီးပွားရေးစစ်နဲ့ နယ်မြေသိမ်းနိုင်ဖို့ အကွက်ကျကျစီစဉ်ပြီး လုပ်ကိုင်ဆောင်ရွက်လာကြတာဖြစ်ပါတယ်။
စစ်ရေးစစ်ရာတွေရဲ့ နည်းတွေ ဗျူဟာတွေကို စီးပွားရေးနည်းတွေ၊ ဗျူဟာတွေအဖြစ် ပြောင်းလဲအသုံးချလာကြ တာပဲဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေနဲ့ ၀င်ရောက်လာကြတာဖြစ်လေတော့ ဘယ်သူကမှလည်း နယ်မြေ ကျူးကျော်တယ်လို့ ထင်ကြမလဲ။ လိုအပ်တဲ့ကုန်ပစ္စည်းကို အခြားနိုင်ငံကနေ လာပြီးရောင်းချပေးတဲ့အတွက် ကျေးဇူးတောင် တင်နေကြလိမ့်မယ်ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံဟာလည်း စီးပွားရေးနဲ့ နယ်မြေသိမ်းခံ ထားရတဲ့အထဲမှာ ပါမှာပါပဲ။ အစီအစဉ် စနစ်တကျနဲ့ ၀င်ရောက်လာကြတော့ မသိလိုက်ခင်မှာပဲ သူများနိုင်ငံကို မလွန်ဆန်နိုင်တဲ့ ဘ၀ကိုရောက်သွားရတတ်ပါတယ်။ ဘယ်လိုကဏ္ဍကနေဖြစ်ဖြစ် မလွန်ဆန်နိုင်တဲ့ အကြောင်း တစ်ခုကြောင့် ဒုက္ခရောက်ကြရတတ်ပါတယ်။ ယနေ့ကမ္ဘာမှာ အကြောင်းအမျိုးမျိုးကြောင့် စစ်ပွဲတွေဆင်နွှဲနေ ကြမြဲဖြစ်တာဟာ အယူအဆမတူညီတာတွေကို ညှိနှိုင်းမရတာကြောင့် ပြည်သူလူထုဒုက္ခခံစားနေကြရတာပဲ ဖြစ်ပါတယ်။ မတူညီတာတွေဘာကြောင့်ညှိနှိုင်းမရတာလဲဆိုတော့ နှစ်ဖက်စလုံးက ကိုယ်လိုချင်တာကိုပဲ ရှေ့တန်းတင်ပြီး အခြားတစ်ဖက်ကို မကြည့်လို့ပဲဖြစ်ပါလိမ့်မယ်။ နှစ်ဖက်မြင်သမားတွေ အများအပြားရှိနေခဲ့မယ် ဆိုရင်တော့ အဆင်ပြေလောက်ပါတယ်။ ညှိနှိုင်းလို့ရနိုင်မှာအမှန်ပါပဲ။ စစ်ရေးအရ တတ်နိုင်သမျှ မကျူးကျော် တော့တဲ့ခေတ်ဖြစ်လာတော့ စစ်ရေးဗျူဟာကို စီးပွားရေးဗျူဟာအဖြစ် ပြောင်းလဲကျင့်သုံးလာတဲ့ နိုင်ငံတွေမှာ တိုးတက်ထွန်းကားတာကို ကမ္ဘာမှာ အထင်အရှား မြင်တွေ့နိုင်ပါတယ်။ အေးချမ်းမှုပိုမိုရရှိတယ်၊ စစ်ကြောင့် ကုန်ကျတဲ့ငွေကြေး၊ လူတွေသေဆုံးမှု၊ စည်းစိမ်ဥစ္စာတွေပျက်စီးမှုဆိုတာတွေ မရှိတော့တာကိုလည်း မြင်ရမှာပဲ ဖြစ်ပါတယ်။ စစ်တိုက်လို့ ကုန်ကျနိုင်တဲ့ငွေကြေးကို စီးပွားရေးလုပ်ငန်းအတွက် အကုန်အကျခံလိုက်တာက ငွေကြေးမဆုံးရှုံး၊ လူ့အသက်အိုးအိမ်စည်းစိမ်မဆုံးရှုံးတာကတော့ ငြင်းလို့မရတာအမှန်ပဲဖြစ်ပါတယ်။
နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ စီးပွားရေးအရရော နည်းပညာတွေအရပါ တိုးတက်နေကြတဲ့နိုင်ငံတွေကသာ ထိပ်တန်းမှာ ရပ်တည်နေနိုင်တာပါ။ နည်းပညာမသိ၊ စီးပွားရေးမရှိတဲ့ နိုင်ငံတွေကတော့ တိုးတက်နေတဲ့နိုင်ငံ တွေရဲ့ ညွှန်ကြားမှုတွေအောက်မှာ ဖေးမကူညီမှုဆိုတဲ့ခေါင်းစဉ်နဲ့ လိုက်နာဆောင်ရွက်နေကြရတာပဲမဟုတ် လား။ ဖေးမကူညီမှု ဆိုတဲ့ခေါင်းစဉ်ကလည်း အလွန်ပဲနားထောင်ကောင်းတဲ့ စကားလုံးဖြစ်နေတော့ ဘယ်သူမှ ငြင်းပယ်နိုင်လိမ့်မယ်မထင်ပါ။ စီးပွားရေးဆိုတာတစ်ခုတည်းနဲ့တော့ ယနေ့ခေတ်ကာလမှာ ထိပ်တန်းမှာ ရပ်တည်နိုင်ဖို့ မလွယ်ကူတော့ပါဘူး။ စီးပွားရေးဆိုတာနဲ့အတူ မပါမဖြစ်တော့တဲ့ နည်းပညာဆိုတာ လိုအပ်လာ ပါပြီ။ နည်းပညာ မသိသူ နည်းပညာမတတ်သူတွေဟာ ယနေ့ခေတ်ကာလမှာ ထိပ်တန်းကိုရောက်ဖို့ဆိုတာ တကယ်ကို မလွယ်ကူတော့တာ အသေအချာပါ။ IT ခေတ်လို့ခေါ်ဆိုနေကြတာ အလကားသက်သက်နဲ့ ခေါ်နေတာမဟုတ်ပါဘူး။ အဲဒီ IT ဆိုတဲ့ အရာနဲ့ကင်းလွတ်လို့မရနိုင်တော့တဲ့ ကာလဖြစ်နေပြီ။ ဟိုးတုံးကဆိုတာ တွေပြောပြီး ငြင်းကွယ်နေတာဟာ ကိုယ့်တိုးတက်လမ်းကို ကိုယ်တိုင်ပိတ်ပစ်လိုက်တာပဲဖြစ်ပါလိမ့်မယ်။ တကယ်လို့များ ချစ်မိတ်ဆွေတွေထဲမှာ IT နဲ့မသက်ဆိုင်တဲ့ လုပ်ငန်းလုပ်နေပါတယ်လို့ ပြောနိုင်မယ်ဆိုရင် ပြောကြည့်ပါလေ။ IT ဆိုတာ အင်မတန်ကျယ်ပြန့်လာနေပြီး ထမင်း ဟင်း ချက်တာတောင် အဲဒီ IT ပစ္စည်းနဲ့ မလွတ်နိုင်တဲ့ အဖြစ်ရောက်နေတာကို မသိချင်ယောင်ဆောင်နေလို့ မရပါဘူး။ ဆားကစ်ပြားတွေဟာလည်း IT ပစ္စည်းတစ်ခုဖြစ်တဲ့ ကွန်ပျူတာရဲ့ အကူအညီမပါပဲ ထုတ်လုပ်ဖို့မလွယ်ကူ။ အဲဒီ IT ဆိုတာနဲ့အတူ ကိုယ့်နိုင်ငံ ကိုယ့် ယဉ်ကျေးမှုတွေကို ဖျက်ဆီးပစ်မယ့် အရာတွေကလည်း အတူတွဲ ပါလာတတ်တာကို အသိရှိကြရမှာလဲဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတွေအတွက် စီးပွားရေးဗျူဟာကိုသုံးပြီး နည်းပညာဆိုတာတွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးစွဲနိုင်မယ်ဆိုရင်တော့ တိုးတက်ဖို့ လွယ်ကူလာမယ်လို့ထင်ပါတယ်။ စစ်တိုက်နေသူတွေဟာ ဗျူဟာတွေနဲ့ ပရိယာယ်တွေနဲ့ လုပ်ကိုင်ပါမှ စစ်အောင်နိုင်သလိုပဲ စီးပွားရေးသမား၊ စီးပွားရေးပညာရှင်တွေအနေနဲ့လည်း ဗျူဟာတွေ ပရိယာယ်တွေကို အသုံးပြုနိုင်ရင် စီးပွားရေးအောင်မြင်နိုင်မှာဖြစ်ပါတယ်။ ရှေးကတည်းက စစ်မှာ အသုံးချတဲ့ နည်းဗျူဟာတွေကို စီးပွားရေးမှာ အသုံးချခဲ့ကြတယ်လို့သိရပါတယ်။ စစ်ရေးကတစ်ခြား စီးပွားရေး ကတစ်ခြားမဟုတ်ပဲ။ အနည်းငယ် ပြုပြင်သုံးစွဲသွားတာနဲ့ စီးပွားရေးဗျူဟာဆိုတာဖြစ်သွားပါတယ်။ ပုံသေ မှတ်တတ်တဲ့သူတွေဟာ အထက်ကိုတက်နိုင်ဖို့ မလွယ်ကူပါဘူး။ ဥပမာ အနေနဲ့ဆိုရင် သောက်ရေခွက်ကို ရေ ထည့်သောက်ရမယ်လို့ မှတ်ထားသူဟာ တစ်ချို့အချိန်တွေမှာ အခက်အခဲတွေကြုံလာနိုင်ပါတယ်။ ရန်သူနဲ့ တွေ့ရင် ခွက်ဟာ လက်နက်တစ်ခု ဖြစ်သင့်သလို၊ အရက်သမားနဲ့တွေ့တော့လည်း ရေခွက် ကနေ အရက်ခွက် အဖြစ်ပြောင်းလဲ အသုံးချနိုင်သူတွေသာ အထက်ကို ထိုးတက်သွားတတ်ကြတယ်လို့ ထင်ပါတယ်။ အခြေခံ စာလုံးတွေကိုတော့ ပုံသေထားရပေမယ့် စာရေးတဲ့အခါမှာတော့ ပုံသေမထားမှ စာရေးလို့ အဆင်ပြေလိမ့်မယ် ထင်ပါတယ်။ ဒါတွေက ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ဆီလျော်အောင် လုပ်ကိုင် ဆောင်ရွက်တတ်မှုကို ဖော်ပြ နေပါတယ်။ ဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ မဆီမလျော်တဲ့အလုပ်ကိုလုပ်နေတာ မအောင်မြင်ခြင်း၊ ကျဆုံးခြင်းရဲ့ အမှတ်သင်္ကေတပဲဖြစ်ပါလိမ့်မယ်။ ဘယ်လိုနေရာ ဘယ်လိုအခြေ ဘယ်လိုလုပ်ငန်းဖြစ်နေပါစေ။ ဖြစ်ပေါ်နေတဲ့ အခြေအနေကို သင့်တော်တဲ့ နည်းလမ်းတွေကို အသိဥာဏ်ပညာဆိုတဲ့ အသိတရားလေးတွေနဲ့ ပေါင်းစပ်ပြီး ဆောင်ရွက်ကြမယ်ဆိုရင်ဖြင့် အရာရာမှာ အောင်မြင်ဖို့ တိုးတက်ဖို့ သိပ်ခဲယဉ်းမှာမဟုတ်ပါကြောင်း ရေးရင်း ရပ်နားလိုက်ပါတယ်။
ရေးသားသူ (Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
24-6-2019 တနင်္လာနေ့(Monday)