ဆုံးမစာအကြောင်း (၂)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01 copy.png


ပြီးခဲ့သော စနေနေ့က ဆုံးမစာအကြောင်းနှင့်ပတ်သက်သည့် အပိုင်း(၁)အား တင်ပေးခဲ့သည်ဖြစ်ရာ ယခု တစ်ပတ်တွင် ဆုံးမစာအကြောင်နှင့်ပတ်သက်သည့် အပိုင်း(၂)တင်ပေးရန် တာဝန်ရှိနေပါသည်။ ထို့ကြောင့် ဆုံးမစာအကြောင်းအပိုင်း (၂)ကို ဆက်လက်ရေးတင်ပေးလိုက်ပါသည်။ ခေတ်အဆက်ဆက်ပြောင်းလဲခဲ့ ပေမယ့်လည်း ဆုံးမရသည့် အစဉ်အလာကတော့ ပြောင်းလဲမသွားနိုင်သေးပါ။ ဆုံးမစာရဲ့အစက မြတ်ဗုဒ္ဓလို့ ရေးသားပြောဆိုခဲ့ကြပါသည်။ အဆုံးအမတို့သည် ခေတ်အဆက်ဆက် ပေါ်ထွန်းလာခဲ့ကြပေသည်။ မြတ်ဗုဒ္ဓ၏ အဆုံးအမတို့သည် လူတစ်ဦးတစ်ယောက်၊ လူတစ်စု အတွက်မဟုတ်ကြောင်းကို သတိပြုသင့်ပါသည်။ လူသားအားလုံးအတွက် ဟောကြားဆုံးမခဲ့သော တရားများဖြစ်ပါသည်။ ရှေးက ထားရစ်ခဲ့သော ဆုံးမစာများမှာ အများအပြားရှိခဲ့ကြပါသည်။ ယခုခေတ်တွင် ဆုံးမစာများ ရေးသားကြသေးသလားဆိုသည်ကိုတော့ မသိရိုး အမှန်ပါ။ ဆုံးမစာ အမျိုးမျိုးရှိရာ ယခုတစ်ပတ်တွင် စာရေးဆရာ အရှင်မဟာရဌသာရ ၏ လူမှုကျင့်ဝတ် ဆုံးမစာ မှ ကောင်းနိုးရာရာတို့ကို နားလည်သလောက် ဆွဲထုတ်ရေးသားပေးလိုက်ပါသည်။ အချို့အချို့သော စာများတွင်လည်း ထိုဆုံးမစာများအား ကြားညှပ်ခြင်းဖြင့် ဖော်ပြကြသည်ကို မှတ်သားဖူးပါသည်။ ထိုဆုံးမစာ သည် လူမှုကျင့်ဝတ် ဆုံးမစာဟု အမည်ပေးထားသည့်အတိုင်း လူတို့၏ အမှုအရေးအရာတို့တွင် လိုက်နာ ကျင့်ကြံသင့်သော အကြောင်းအရာတို့အား သေချာစွာဖော်ပြခဲ့ခြင်းဖြစ်ကြောင်းကိုလည်း တွေ့မြင်ရမည်ဖြစ်ပါ သည်။ အခြားသောနိုင်ငံများ၏ ယဉ်ကျေးမှုနှင့် အလွန်ကွဲပြားခြားနားမှုများ ရှိခဲ့သော ကျွန်တော်တို့မြန်မာနိုင်ငံ အတွက်မူ ယနေ့တိုင်ခေတ်မီနေဆဲဖြစ်သော ဆုံးမစာများဖြစ်သော်လည်း ထိုအလေ့အကျင့်တို့သည် ပျောက်ဆုံး နေခဲ့သော အမူအကျင့်များကိုလည်း မြင်တွေ့မိရာ အလွန်ဝမ်းနည်းမိပါသည်။ လူလိမ္မာလေးများ၊ လူယဉ်ကျေး လေးများ ဖြစ်စေရန်အတွက် အလွန်အလေးထားထိုက်သည်များကိုလည်း မြင်တွေ့ရပါသည်။ ဆုံးမစာများသည် လူ့ဘောင်အဖွဲ့အစည်း တိုးတက်ရန်အတွက် အမှန်ပင်လိုအပ်သည်ဟု ထင်ပါသည်။


03.png


လူမှုကျင့်ဝတ်ဆိုသည့်အတိုင်း လူတိုင်းလူတိုင်းအနေဖြင့် လိုက်နာနိုင်လျှင် အေးချမ်းသောဘ၀များကို ပိုင်ဆိုင် နိုင်ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင် မိခင်၊ ဖခင်၊ ပညာသင်ပေးသောဆရာသမားများအား အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များအဖြစ် သတ်မှတ်ကြကြောင်းသိကြပေမည်။ လူမှုကျင့်ဝတ်ဆုံးမစာ၏ နံပါတ်(၁)အချက်သည် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များ၏ ဆိုဆုံးမမှုအား ချိုသည် ခါးသည် မငြင်းဆန်ပဲနှင့် တိတ်ဆိတ်စွာဖြင့် လိုက်နာ သင့်ကြောင်းဖော်ပြထားပါသည်။ ထိုသို့လိုက်နာသင့်ကြောင်းကို အခြားသောစာများမှလည်း ဆုံးမထားသည်ကို မြင်တွေ့နိုင်ပါသည်။ မိမိထက် တစ်နေ့ တစ်ရက် တစ်နာရီ တစ်မိနစ် အသက်ကြီးသောသူများ၏ လမ်းညွှန်ဆုံးမမှုကိုလည်း လိုက်နာသင့်ကြောင်းဖော်ပြကြပါသည်။ ဆုံးမစာ၏ နံပါတ်(၂)တွင် မိသားစုအတွင်း တွင် အစ်ကိုအကြီးဆုံး၊ အမအကြီးဆုံးတို့အားလည်း မိဘတို့အား ဆက်ဆံသည့်သဖွယ် ဆက်ဆံသင့်ကြ ကြောင်း နှင့် မလေးမစားမလုပ်သင့်ကြောင်းကို ဖော်ပြထားပါသည်။ ယနေ့ခေတ်ကာလတွင် မိဘများကိုပင် အလေးမထားတတ်ကြသောခေတ်ဖြစ်ရာ ညီအစ်ကို အချင်းချင်း၊ ညီအစ်မအချင်းချင်းဆိုလျှင် ပိုမိုဆိုဆုံးမရခက် လာပေသည်။ ပြုပြင်သင့်သောအကျင့်ဆိုးများဖြစ်ပါသည်။ နံပါတ်(၃)အချက်သည်လည်း ဆွေမျိုးများဖြစ်သော ဦးလေး၊ ဦးကြီး၊ ဒေါ်လေး၊ ဒေါ်ကြီး၊ ဘကြီး၊ ဘဒွေး စသည့်တို့အားလည်း ဂါရ၀တရားထားကာ လေးလေးစားစား ဆက်ဆံသင့်ကြောင်းဖော်ပြထားပါသည်။ နံပါတ်(၄)အချက်သည်ကား တစ်အူတုံဆင်း ညီအစ်ကို မောင်နှမအချင်းချင်း စည်းစည်းလုံးလုံးဖြင့် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး နေထိုင်သင့်ကြောင်းကို ဆက်လက် ဖော်ပြထားပါသည်။ နံပါတ်(၅)တွင် လုပ်ငန်းလုပ်ကိုင်နေကြသူအချင်းချင်းသည်လည်း စည်းလုံးညီညွတ်စွာဖြင့် တစ်ဦးအခက်အခဲကို တစ်ဦးက ကူညီခြင်းဖြင့် အပြန်အလှန် ကူညီဖေးမသင့်ကြောင်းကို ဖော်ပြပါသည်။


02.png


အထက်ဖော်ပြပါ ဆုံးမစာပါ အချက်(၅)ချက်တို့သည် ယနေ့ခေတ်ကာလနှင့် အတော်အလှမ်းကွာနေသကဲ့သို့ ပင်ရှိနေပါသည်။ မိဘနှစ်ပါးကိုလည်း အလေးမထား၊ ကျေးဇူးမသိတတ်သောသူများ၊ ဆွေမျိုးသားချင်းများအား ဂါရ၀ါထားခြင်းမရှိသူများ၊ ညီအစ်ကိုမောင်နှမအချင်းချင်း သေသည်အထိ စိတ်ဝမ်းကွဲနေကြသူများ နှင့် အဖွဲ့အစည်းများတွင် မညီမညွတ်ဖြစ်ခြင်းများမှာ သိသာလှသော အကြောင်းအရာများဖြစ်နေရာ အထူးပြောရန် လိုမည်မထင်ပါ။ လိမ္မာယဉ်ကျေးသောသူများ မရှိမဟုတ်၊ ရှိနေပါသည်။ သို့သော် လူနည်းစုမျှသာဖြစ်နေပါ သည်။ ထိုအချက်(၅)ချက်တို့သည် မိသားစု၊ ဆွေမျိုးသားချင်းများ နှင့် လုပ်ငန်းအတူ လုပ်ကိုင်ဆောင်ရွက်နေသူ များ လိုက်နာသင့်သော ဆုံးမစာများဖြစ်ပါလိမ့်မည်။ လိုက်နာဆောင်ရွက်ခြင်းကြောင့် အကျိုးမဲ့ကို မဖြစ်စေနိုင် ပါ။ လိုက်နာခြင်းမရှိသောကြောင့် မိဘမောင်နှမသားချင်းများဖြင့်ပင် ပြဿာနာဖြစ်ခြင်းကြောင့် ရုံးရောက်၊ ဂတ်ရောက် ဖြစ်ကာ ကွဲပြဲနေကြသည်ကို မကြာခဏမြင်တွေ့ရပါသည်။ ဆုံးမစာပါ အချက်များအား လိုက်နာမည်ဆိုပါက ထိုပြဿနာတို့ဖြစ်ပေါ်လိမ့်မည်မဟုတ်ပါ။ အခြားသောနိုင်ငံများတွင် မိဘ၊ ဆရာ၊ ဆွေမျိုး အသိုင်းအ၀ိုင်း နှင့် လုပ်ဖော်ကိုင်ဖက်များအား မည်သို့သဘောထားသင့်သည်ကို သေချာစွာမသိပါ။ ယခုဆုံးမစာပါ ပထမအချက်(၅)ချက်သည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့်မူ ကိုက်ညီမည်ဖြစ်ပါသည်။ လူ့အသိုင်းအ၀ိုင်းတွင် အသေးငယ်ဆုံးသော လူ့အဖွဲ့အစည်းဖြစ်သည့် မိသားစုတစ်စုချင်းစီတိုင်းသည် ထိုသို့သောဆုံးမစာများနှင့်အညီ နေထိုင်ဆောင်ရွက်နိုင်လျှင် ငြိမ်းချမ်းသောလူမှုအဖွဲ့အစည်းကို ရရှိနိုင်မည်ဟု လည်းထင်ပါသည်။


04.png


လူ့ဘောင်လောကသည် အကောင်းများသာစုနေသည်မဟုတ်ပဲ အဆိုးများသည်လည်း ရှိမြဲပင်ဖြစ်ပါသည်။ အကောင်းအဆိုးသည် ဒွန်တွဲနေမြဲသာဖြစ်ပါသည်။ အကောင်းများနေလျှင် လောကကို အကောင်းက ထိန်းချုပ်နိုင်မည်ဖြစ်သလို အဆိုးများနေပါက လောကကို အဆိုးများက လွှမ်းမိုးသွားမည်သာဖြစ်ပါသည်။ ရေများ ရေနိုင် မီးများ မီးနိုင်ဆိုသောစကားကဲ့သို့ပင်ဖြစ်ပေမည်။ ဆုံးမသွန်သင်မှုသည် ငယ်စဉ်ကလေးဘ၀အချိန်တွင် အရေးကြီးမည်ဖြစ်ပါသည်။ ငယ်စဉ်က သေချာစွာ သွန်သင်ဆုံးမနိုင်ခြင်းမရှိသောကြောင့် အရွယ်ရောက်ကြီးပြင်းချိန်တွင် ထိန်းကွပ်ရန်မလွယ်ကူနိုင်ပါ။ မိဘဆွေမျိုးအသိုင်းအ၀ိုင်းသည် ကလေးငယ်များအား အသိပညာသင်ကြားပေးရန် သတိမရ မေ့လျော့ကာ အတတ်ပညာသင်ကြားရန်ကိုသာ အဓိကထားလာသည်ဖြစ်ရာ ကလေးများသည်လည်း အတတ်ပညာများကို တတ်မြောက်ကြသော်လည်း အသိပညာများမှာမူ ယို့ယွင်းပျက်စီးလာကြသည်ကို မြင်တွေ့နေရပါသည်။ အသိပညာသည် အရေးပါကြောင်းကို အသိအမှတ်မပြုခဲ့သည်ရှိသော် အသိမရှိသော အတတ်ပညာရှင်ကလေးများ ဖြစ်သွားကြမည်သာဖြစ်ပါသည်။ ထို့ကြောင့် အတတ်ပညာကို သင်ကြားပေးကြသကဲ့သို့ အသိပညာများအားလည်း သင်ကြားပေးသင့်ပါသည်။ ဆုံးမသွန်သင်ခြင်းဆိုသည်မှာလည်း အသိပညာသင်ကြားပေးခြင်းတစ်ခုဖြစ်ပေသည်။ အတုယူမှား၊ အပြောအဆိုမှားများသည် အချိန်တိုင်း၊ နေရာတိုင်းတွင် ရှိနေပါသည်။ အတုယူမှားသောကြောင့် လမ်းမှားသို့ရောက်သွားလျှင် မိသားစုအသိုင်းအ၀ိုင်းတစ်ခုလုံးပင် ပူပင်သောကရောက်နေရတတ်ပါသည်။ ရှင်မဟာရဋ္ဌသာရ၏ လူမှုကျင့်ဝတ် ဆုံးမစာတွင် အချက်ပေါင်း(၄၃)ချက်ပါသည်ဖြစ်ရာ လူမှုဆက်ဆံရေး နယ်ပယ်အတွက် အသုံးဝင်သော ဆုံးမချက်များဖြစ်ပေသည်။ ဆုံးမစာပါအချက်များအား Post တစ်ခုတည်းဖြင့် ဖော်ပြရန်အတွက် မဖြစ်နိုင်ပါ။ ထို့ကြောင့် ဆုံးမစာပါအချက်အနည်းငယ်ကိုသာဖော်ပြနိုင်မည်ဖြစ်ရာ စိတ်ရှည် သည်းခံကာ ဖတ်ရှုကြပါရန် နှင့် နောက်ရက်သတ္တတစ်ပိုင်းတိုင်းတွင် ဆက်လက်တင်ပေးမည်ဖြစ်ပါ ကြောင်း ရေးကြားရင်း ရပ်နားလိုက်ပါသည်။


မှီငြမ်း - ဆုံးမစာပေါင်းချုပ်


ရေးသားသူ(Author)___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

17-Nov-2018 စနေနေ့(Saturday)