ဆန့်ကျင်ဘက် သို့မဟုတ် စိန်ခေါ်မှု
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
အိုင်စီဝိုင်းက ကိုမျိုးကြီး သီဆိုထားတဲ့သီချင်းမဟုတ်ပါဘူး။ ခေါင်းစဉ်ဖတ်ပြီး သီချင်းဆိုတော့မလားဆိုပြီး ထင်နေမှာစိုးလို့ပါ။ ဆန့်ကျင်ဘက်လို့ဆိုလိုက်ကတည်းက မတူညီတာကိုပြောတယ်ဆိုတာ နားလည်ကြမှာ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်လုပ်တယ်ဆိုတာက အတိုက်အခံလုပ်တယ်လို့လည်း ဆိုနိုင်မှာပဲလို့ထင်တယ်။ ကြောင်တောင်တောင်နိုင်တဲ့ အတွေးလေးတွေဖြစ်နိုင်သလို အကျိုးရရှိစေနိုင်တဲ့ အတွေးလေးတွေလည်း ဖြစ်နိုင် ပါတယ်။ အရာဝတ္ထုတစ်ခုကိုပဲဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခုကိုပဲဖြစ်ဖြစ် ရှုမြင်သုံးသပ်ကြတဲ့နေရာမှာ ဘယ်နေရာမှာ ဘယ်လိုအတွေ့အကြုံတွေနဲ့ ဘယ်ဘက်ကကြည့်ပြီး ရှုမြင်သုံးသပ်ကြသလဲဆိုတာပေါ်မှာ မူတည်ပြီးတော့ ရှုမြင်ပုံတွေ၊ အဆယူအဆတွေ၊ အတွေးအခေါ်တွေက ကွဲပြားခြားနားသွားကြပြီး ဆန့်ကျင်ဘက်တွေဖြစ်သွားတတ်ကြသလို ဘက်တူသွားတတ်တာမျိုးလည်း ရှိပါလိမ့်မယ်။ အယူအဆ၊ အတွေး အခေါ်တူသွားရင် ဘက်တူသွားတတ်ကြပြီး အယူအဆ၊ အတွေးအခေါ်မတူတော့ရင် ဆန့်ကျင်ဘက်တွေဖြစ် သွားကြတော့တာပဲမဟုတ်လား။ တစ်ချို့ကတော့ ဆန့်ကျင်ဘက်ဖြစ်သွားတယ်ဆိုရင် ရန်သူလိုသဘောထား တတ်ကြသလို ဒုက္ခတစ်ခုအဖြစ် ရှုမြင်သွားတတ်ကြပါတယ်။ တကယ်တော့ ဆန့်ကျင်ဘက်ဆိုတာ နေရာတိုင်းမှာတော့ ရန်သူအဖြစ် မသတ်မှတ်သင့်သလို၊ ဒုက္ခအဖြစ် မမှတ်ယူသင့်ပါဘူး။ ဆန့်ကျင်ဘက်ဆိုတာ ကိုယ့်ရဲ့ အစွမ်းအစ အရည်အချင်းတွေတိုးတက်စေနိုင်တဲ့ မိတ်ဆွေတွေဖြစ်တည်သွားတတ်ကြပါသေးတယ်။ အပြန်အလှန်အကျိုးပြုသွားတတ်ကြပါသေးတယ်။ မြင်သာအောင် ဥပမာပြရမယ်ဆိုရင်တော့ အဖို နဲ့ အမ ဆိုတာ ဆန့်ကျင်ဘက်တွေပါပဲ။ တူညီတာတွေကိုပဲ ပေါင်းဖော်ရမယ်ဆိုရင် အဖို နဲ့ အဖို ပေါင်းဖော်လို့ မျိုးမပွားသလို၊ အမ နဲ့ အမ ပေါင်းလို့လည်း မျိုးမပွားပါဘူး။ ဆန့်ကျင်ဘက်ဖြစ်တဲ့ အဖို နဲ့ အမ ပေါင်းမှသာ အကျိုးစီးပွားတိုးပွားပြီး အကျိုးများကာ လူဦးရေပါ တိုးနိုင်မှာဖြစ်ပါတယ်။ အဖြူရောင်ဖြစ်တဲ့ မြေဖြူတောင့်ကို သူနဲ့အတူတူဖြစ်တဲ့ အဖြူပေါ်မှာ စာရေး မယ်ဆိုရင် စာလုံးကို သိသာထင်ရှားမှာမဟုတ်ပါဘူး။ ဒီတော့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အမဲပေါ်မှာ မြေဖြူနဲ့ရေးမှ စာလုံးတွေကို အထင်အရှား ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ကြပါတယ်။ ဒါက ဆန့်ကျင်ဘက်ဖြစ်တဲ့အရာက အကျိုးပြုခြင်းတစ်ခုလို့ပဲမှတ်ယူနိုင်ပါလိမ့်မယ်။
အပေါ်မှာပြတဲ့ဥပမာလေးတွေအရတော့ ဆန့်ကျင်ဘက်ဖြစ်တိုင်း အကျိုးမရှိ အကျိုးမဲ့လို့ တရားသေမှတ်ယူ မထားသင့်ပါဘူး။ စာရေးဆရာကြီးများနဲ့ အတွေးအခေါ်ပညာရှင်ကြီးတွေများ ဒီစာတွေကို ဖတ်မိမယ်ဆိုရင် အူလှိုက်သည်းလှိုက် ရယ်နေလောက်ပါတယ်။ မတတ်ပါဘူး။ ကိုယ်တွေးမိသမျှ ဖောက်သည်ချပြီး Post တင်စရာ ရှာကြံနေရလေတော့ ကိုယ်တွေးမိတာလေးတွေကိုတော့ ရေးတင်ရမှာပဲဗျို့။ အယူအဆမတူရင်လည်း အငြင်းအခုံမလုပ်လိုပါဘူး။ တွေးမိတာတွေကို ရေးရင်း ရေးရင်းနဲ့ အတွေးအခေါ်ပညာရှင်ကြီးလိုလို လူမှုဆက်ဆံရေးနယ်ပယ်က ဆရာကြီးလိုလို၊ အောင်မြင်ကြီးပွားနေတဲ့ လူချမ်းသာကြီးတစ်ယောက်ဖြစ်နေ သလိုလို ဖြစ်နေပါပြီ။ ဘာမှန်းမသိတဲ့ လိုလို လိုလို တော့ဖြစ်နေပြီဗျို့ ☺ ။ အဲဒါနဲ့ ရေးနေတဲ့ စာအကြောင်းအရာ ပျောက်သွားဦးမယ်။ ဆန့်ကျင်ဘက်အကြောင်းတွေးမိသမျှ ရေးချရဦးမယ်ဗျ။ ဆက်လက် သည်းခံ ဖတ်ရှုကြပါ။ တကယ်တော့ ဆန့်ကျင်ဘက်ဆိုတာ ကိုယ့်ဘ၀၊ ကိုယ့်ရည်မှန်းချက် တိုးတက်ကြောင်းအတွက် အထောက် အကူပေးနေတဲ့ အထောက်အပံ့တစ်ခုလို့လည်း မြင်မိပါတယ်။ ဆန့်ကျင်ဘက်တိုင်းကို မဆိုလိုပေမယ့် ဆန့်ကျင်ဘက်အတော်များများက ဒီအတိုင်းပဲလို့မှတ်ယူမိပါတယ်။ အများစုလူတွေကတော့ ဆန့်ကျင်ဘက် ဖြစ်ရင် ရန်သူလို့သတ်မှတ်တတ်ကြပါတယ်။ ဒီလိုမယူဆသင့်တော့ပါဘူး။ ဆန့်ကျင်ဘက်တစ်ခုအား ကိုယ့်ရဲ့ ပြိုင်ဘက်ဆိုရင်လည်းမမှားပါဘူး။ တရားမျှတခြင်း ရှိသလား၊ မရှိဘူးလားဆိုတာကိုတော့ စောင့်ကြည့်ရမှာက တော့ ကိုယ့်တာဝန်တစ်ခုပါပဲ။ စောင့်ကြည့်ခြင်းမရှိခဲ့လို့ ညစ်ပတ်တာ ယုတ်မာတာကို ခံရရင်တော့ ကိုယ့်အားနည်းချက်တစ်ခုမို့ ခံကြရမှာပါပဲ။ တကယ်တော့ “ဆန့်ကျင်ဘက်ဆိုတာ လောကဇာတ်ခုံရဲ့ စိန်ခေါ်မှုပဲ ဖြစ်ပါတယ်။”
ဆန့်ကျင်ဘက်ဆိုတာ ပြိုင်ဘက်လို့သတ်မှတ်နိုင်ရင် ပြိုင်ဘက်ဟာ ကိုယ့်ရဲ့ တိုးတက်မှုအတွက် လုံလောက်တဲ့ အထောက်အပံ့ပဲဖြစ်ပါလိမ့်မယ်။ ပြိုင်ဘက်မရှိတဲ့ ဘယ်လုပ်ငန်းမဆို မကြီးပွားမတိုးတက်တော့သလို ပြိုင်ဘက်မဲ့သွားတဲ့ အဖြစ်ကို ရောက်နေသူ လူတစ်ယောက်ရဲ့ ဘ၀ဟာ အလွန်ပျင်းစရာကောင်းသွားပါလိမ့် မယ်။ မနေ့ညက အောင်လ ပွဲကို မြန်မာပြည်သူပြည်သား လူကြီးကလေး မိန်းမ ယောက်ျားအတော်များများ စိတ်ဝင်တစားအားပေးခဲ့ကြတာကို တွေ့ရပါတယ်။ အောင်လအန်ဆန် ဟာ ယခုလက်ရှိအချိန်ထိတော့ သူနဲ့ ပြိုင်လိုသူ ပြိုင်ဘက်တွေ ရှိနေဆဲပဲဖြစ်ပါတယ်။ စိန်ခေါ်မှုတွေကို လက်ခံယှဉ်ပြိုင်နေဆဲပဲဖြစ်ပါတယ်။ နောင်တစ်နေ့နေ့မှာ အောင်လအန်ဆန်ဟာ ပြိုင်ဘက်ကင်းသွားပြီ၊ ပြိုင်ဘက်မဲ့သွားပြီဆိုရင် သူနဲ့ယှဉ်ပြိုင် ထိုးသတ်မယ့်သူ မဲ့သွားခဲ့မယ်ဆိုရင် သူ့အနေနဲ့ ဘယ်သူနဲ့မှ ယှဉ်ပြိုင်ထိုးသတ်လို့မရတဲ့အဖြစ်ကို သေချာပေါက် ရောက်သွားမယ်မဟုတ်လား။ ဒါဆိုရင် အလွန်ဝါသနာပါခဲ့တဲ့အလုပ်ကို စွန့်လွှတ်ရတော့မှာပါ။ အင်မတန် ၀ါသနာပါတဲ့ အလုပ်ကို စွန့်လွှတ်ရသလိုဖြစ်သွားပြီဆိုရင် အလွန်ပျင်းစရာကောင်းတဲ့ ဘ၀ကိုဖြတ်သန်းရတော့ မှာပါ။ ဒါဘာဖြစ်သွားတာလဲလို့ဆိုရင် ပြိုင်ဘက်မရှိတော့တာ ပြိုင်ဘက်မဲ့သွားတာ ဆန့်ကျင်ဘက် မရှိတော့တာ ဆန်ကျင်ဘက်မဲ့သွားတာကြောင့်ပါပဲ။ မြို့လေးတစ်မြို့မှာ စတိုးဆိုင်ကလေးတစ်ဆိုင်ပဲ ရှိတယ်ဆိုရင် သူ့ရဲ့ တိုးတက်မှုဟာ ပြိုင်ဘက်မရှိပါဘူး။ တစ်ယောက်တည်းအတွက်ကောင်းစားနေနိုင်ပေမယ့် မြို့အတွက်တော့ မကောင်းသလောက်ဖြစ်နေပါလိမ့်မယ်။ ဈေးအဆမတန်ကြီးမြင့်ခြင်း၊ ကုန်ပစ္စည်းမကောင်းမွန်ခြင်း၊ ဆက်ဆံရေး မပြေပြစ်ခြင်းများနဲ့ ဈေးဝယ်သူတွေဟာ သည်းခံဝယ်ယူနေကြရမှာပါ။ တကယ်လို့ နောက်ထပ် စတိုးဆိုင်လေး တစ်ဆိုင်လောက်များ ဆန့်ကျင်ဘက်အနေနဲ့ ပေါ်လာခဲ့မယ်ဆိုရင်တော့ မြို့သူမြို့သားများအတွက် ကောင်းမွန် သွားနိုင်မယ်မဟုတ်လား။ ဆိုင်ဟောင်းက တစ်ရာတန်ပစ္စည်းကို ဆိုင်သစ်က ကိုးဆယ်နဲ့ရောင်းနေရင် ဆိုင်ဟောင်းအနေနဲ့လည်း ကိုးဆယ်နဲ့ပဲ လိုက်ရောက်ရင်ရောင်း ဒါမှမဟုတ် ကိုးဆယ်ထက်နည်းပြီးရောင်းရမှာ ပဲဖြစ်ပါတယ်။ ဒါဆိုရင် မြို့သူမြို့သားများအနေနဲ့ တစ်ဆယ်ကျပ် အကျိုးရှိသွားပြီဖြစ်ပါတယ်။
အသိတစ်ချက် သတိတစ်ချက်က ဘ၀ကိုပြောင်းလဲစေနိုင်တယ်လို့ ဆိုကြပါတယ်။ အမှန်ပဲလို့ ထင်ပါတယ်။ အသိတစ်ချက် သတိတစ်ချက်လွတ်သွားတာနဲ့ ချောက်ထဲထိုးကျသွားစေနိုင်သလို နတ်ပြည်လည်း ရောက်သွား စေနိုင်တဲ့အရာတွေဖြစ်ပါတယ်။ ဆန့်ကျင်ဘက်တိုင်းကို အမြဲတမ်း မကောင်းမမြင်သင့်သလို၊ အမြဲတမ်း အကောင်း မြင်မနေသင့်ပါဘူး။ ဆန့်ကျင်ဘက်ဟာ ကိုယ့်အတွက် စိန်ခေါ်မှုဖြစ်လေတော့ စိန်ခေါ်မှုတွေကို နောက်ဆုတ်ရှောင်တိမ်းလေတိုင်း အောင်မြင်မှုနဲ့ လွဲချော်နေမှာပဲဖြစ်ပါတယ်။ စိန်ခေါ်မှုဆိုတာကို လက်ခံပြီး အကြိတ်အနယ် ရင်ဆိုင် ယှဉ်ပြိုင် အနိုင်ကြဲနိုင်မှ အောင်မြင်မှုကို လှမ်းချူနိုင်မှာဖြစ်ပါတယ်။ ဆန့်ကျင်ဘက်တွေ ကြောင့် အကျိုးဖြစ်ထွန်းမှုတွေကို သေချာဆန်းစစ်ကြည့်ရင် မြင်နိုင်ပါတယ်။ ဆန့်ကျင်ဘက် ဒါမှမဟုတ် ပြိုင်ဘက်က ကောက်ကျစ်တဲ့နည်းလမ်း၊ ယုတ်မာတဲ့နည်းလမ်းတွေကို အသုံးမပြုသမျှ ကြောက်စရာမဟုတ်ပါ ဘူး။ “ရိုးသားဖြောင့်မတ်တဲ့ ရန်သူထက် ယုတ်မာကောက်ကျစ်တတ်တဲ့ မိတ်ဆွေကို သတိထားပါ” ဆိုတဲ့စကားအတိုင်းပဲ ရန်သူတိုင်းက ဒုက္ခမပေးသလို မိတ်ဆွေဆိုတဲ့သူတိုင်းကလည်း ကောင်းကျိုးမပေး တတ်တာကို သတိပြုရမှာပဲဖြစ်ပါတယ်။ တူသောအကျိုးပေးတယ်ဆိုတာတွေ၊ ကိုယ်ပြုသောကံ ပဲ့တင်သံ အမှန်ကိုယ့်ထံ ပြန်လာမည် ဆိုတာတွေ၊ ကိုယ်စိုက်တဲ့အပင်ကအသီး ကိုယ်တိုင်ပဲ ရိတ်သိမ်းရမယ်ဆိုတာ တွေကို အပေါ်ယံ ယုံကြည်မနေပဲ တကယ့်ကို ချွင်းချက်မရှိ ယုံကြည်သင့်ပါတယ်။ ကိုယ်ဘာလုပ်တယ်ဆိုတာ ကိုယ်တိုင်က အသိဆုံးပဲဖြစ်ပါတယ်။ ကောင်းတာကိုလုပ်တာလား မကောင်းတာကိုလုပ်တာလားဆိုတာ အခြားသူတွေကို သက်သေပြနေစရာမလိုပါဘူး။ အချိန်ကစကားပြောသွားပါလိမ့်မယ်။ ချစ်မိတ်ဆွေအပေါင်း အနေနဲ့ ဘ၀ရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင် ယှဉ်ပြိုင် အနိုင်ကြဲပြီး အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင် ဆွတ်ချူ နိုင်ပါစေလို့ ရေးသားရင်း ရပ်နားလိုက်ပါတယ်။
ရေးသားသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
28-Oct-2018 တနင်္ဂနွေနေ့(Sunday)