ဆန့်ကျင်ဘက် နောက်ဆက်တွဲ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ကွှီးစိုးတစ်ယောက် လပြည့်နေ့မတိုင်ခင်ကပင် ကိုယ်တိုင်လုပ်ရတဲ့အလုပ်တွေရော ဧည့်သည်တွေရဲ့ အလုပ်တွေရော အရှုတ်တွေ လုပ်နေရကာ အလုပ်တွေ ရှုတ်နေခဲ့ပါတယ်။ ဒီနေ့လည်း ဆိုင်ဖွင့်ဖို့အတွက်လုပ်ကိုင်နေစဉ် ဖုန်းသံမြည်လာတယ်။ ဖုန်းနဲ့ လူနဲ့ တစ်ခြားစီဖြစ်နေလေတော့ အပြေးအလွှားသွားပြီး ဖုန်းကိုင်မိပြီး ကြည့်လိုက်တော့ “ငအော” ဆက်တာပဲ။ အဲလာပြန်ပြီ ဒီငအော ဘာကိစ္စပါ လိမ့်စောစောစီးစီးဖုန်းဆက်နေပါလိမ့်စဉ်းစားရင်း ဖုန်းကိုင်လိုက်တယ်ဆိုရင်ပဲ-

“ဟယ်လို ကွှီးစိုးလား ကွှီးစိုးလား ဟုတ်ရင် အကြောင်းပြန်ပါ”

“ဟကောင် င့ါဖုန်းဆက်ပြီး ကွှီးစိုးလားလုပ်မနေနဲ့ ပြော ဘာကိစ္စ”

“ကိစ္စရှိတယ် ကိစ္စမရှိပါဘူး”

“အာ ဒီကောင် ရှိရင် ရှိတယ်၊ မရှိရင် မရှိဘူးပြောဟ ငါမအားသေးဘူး”

“ဟီး ဒေါသကြီးပဲ ကွှီးစိုးကလည်း လက်ဖက်ရည်သောက်ဖို့လှမ်းခေါ်တာပါ စော တီးမှာရောက်နေတယ် အားသေးဘူးလား”

“နောက် ၁၅ မိနစ်ဆိုအားပြီ လာခဲ့မယ် ခဏစောင့်”

ပြောပြောဆိုဆိုနဲ့ဖုန်းချပစ်လိုက်ရတယ်။ နို့မို့ ဆက်စကားရှည်နေရင် တံမြက်စည်းလှည်းနေတာ ပျက်တော့မယ်။ လုပ်လက်စလေးတွေအမြန်ဖြတ်ပြီး ၁၀ မိနစ်ကျော်ကျော်လောက်မှာ လက်ဖက်ရည်ဆိုင် ထွက်လာခဲ့တယ်။ လက်ဖက်ရည်ဆိုင်ရောက်တော့ ငအောကိုရှာတော့ အပေါက်ဝနားက စားပွဲဝိုင်းမှာ ထိုင်နေတာ တွေ့ရတယ်။ လက်ဖက်ရည်တစ်ခါတည်းလှမ်းမှာပြီး ငအောထိုင်နေတဲ့ဝိုင်းဆီသွားထိုင်လိုက်တယ်။


02.png


“ကွှီးစိုး နည်းနည်းလောက်မေးချင်လို့”

“ဘာမေးမလို့တုံး”

“ကွှီးစိုးတင်လိုက်တဲ့ ဆန့်ကျင်ဘက် ဆိုလား ပြိုင်ဘက် ဆိုလား စိန်ခေါ်မှုဆိုလား အဲဒါလေ”

“အဲဒါ ဘာဖြစ်လို့တုံး ဘာမေးချင်တာတုံး ချိတက်လာနေလို့လား”

“အာ မဟုတ်ပါဘူး သိပ်နားမလည်လို့ပါ ဆန့်ကျင်ဘက်က အကျိုးပြုတတ်တယ်ဆိုတာကို သဘောမပေါက်လို့ပါ”

“ဟကောင်ရ ငါလည်း စိတ်ထဲပေါ်ရာ ရေးတင်နေရတာ၊ ဒါကို မေးတော့ ဘယ်လိုရှင်းပြရမလဲ”

“ရှင်းချင်သလိုသာရှင်းတော့ ကျွန်တော်နားလည်အောင်သာ ရှင်းတော့”

ဇာတ်လမ်းကတော့စပြီ။ စိတ်ကူးတည့်ရာ ရေးချလိုက်တာ ဒီငအောနဲ့တော့ခက်နေပြီ။ ဒီကောင်က ပေကပ်ကပ်နဲ့ သူသိချင်တာ မသိရရင် တဂျီဂျီလုပ်နေတော့မှာ အပြေးအလွှား စဉ်းစားခန်းဝင်ပြီး ဦးနှောက်ကို အလုပ်ပေးရတော့တယ်။ ကြားဖူးသမျှ ဖတ်ဖူးသမျှ မှတ်မိတာရှိလေမလား အပြေးအလွှား စဉ်းစားနေရတယ်။

“ရှင်းလေ ကွှီးစိုးရ”

“ရှင်းဖို့ စဉ်းစားနေတာ ခဏလေး”

စဉ်းစားရင်း ပုံပြင်တပုဒ်ကို ပြန်အမှတ်ရလာတယ်။ ဘယ်ကပုံပြင်လည်းတော့ သေချာမသိတော့ပေမယ့် အကြောင်းအရာလေးတွေကိုတော့ ထိုက်သင့်သလောက်မှတ်မိနေတယ်။ ငအောကို ရှင်းပြရင်း ကိုယ်တိုင်လည်း ပြန်မှတ်မိလာနိုင်တာပေါ့။

“မင်း ဘာမေးတာတုံး”

“လုပ်ပြီ မနေ့က ကွှီးစိုးရေးခဲ့တဲ့ ဆန့်ကျင်ဘက်ကအကျိုးပြုတယ်ဆိုတာ နားမလည်လို့ပါဆို”

“ဒီလိုရှိတယ် ငအော”

“ဘယ်လိုအကျိုးရှိတာလဲ အဲဒီ ဆန့်ကျင်ဘက်က”

“ပုံပြင်ပဲ ပြောပြော ဒဏ္ဍာရီပဲဆိုဆိုကွာ အဲဒါနဲ့မင်းနားလည်အောင်ရှင်းမယ် ငါလည်းသေချာမမှတ်မိဘူး တိုတိုတုတ်တုတ်ပဲနော်”

“တိုတို ရှည်ရှည် နားလည်ရင်ပြီးရောဗျာ”

“ဆန့်ကျင်ဘက်ကအကျိုးပြုပုံကို ပြောပြပေးထားတာ အမှန်ဟုတ်မဟုတ်ကိုတော့ အာမ မခံဘူးနော်။ ဒီလိုကွ ရှေးတုံးကလယ်သမားတစ်ယောက်နဲ့ တန်ခိုးရှင်တစ်ယောက် မိတ်ဆွေဖြစ်သွားကြတယ်တဲ့၊ လယ်သမားက တန်ခိုးရှင်ကို “ခင်ဗျားတန်ခိုးနဲ့ ကျုပ်လယ်စိုက်တာကို ကူညီရင် ကျုပ်အတွက် အများကြီးအကျိုးရှိနိုင်တယ်” လို့ ပြောတယ်။ ဒီတော့ တန်ခိုးရှင်က “ကူညီပါ့မယ်၊ ဘာကူညီရမလဲ” လို့ ပြန်မေးတယ်တဲ့။ ဒီတော့ လယ်သမားက သူ့လယ်တဲကို တစ်နှစ်လုံးနေပါဆိုပြီး ခေါ်ထားသတဲ့။ လယ်သမားက မိုးလေးနည်းနည်းလောက်ကျလာရင် တန်ခိုးရှင်ကို “မိုးရွာရင် ဂျုံခင်းတွေပျက်မယ်၊ မရွာအောင်တားလိုက်ပါ” လို့ပြောတော့ တန်ခိုးရှင်ကလည်း လုပ်ပေးလိုက်တယ်။ လေတွေတိုက်ရင်လည်း လေတိုက်ရင် ဂျုံတွေလှုပ်ရမ်းတယ် ဆိုပြီး လေတိုက်တာကို ရပ်ခိုင်းတယ်။ မိုးကြိုးတွေပစ် လျှပ်စီးတွေဖြစ်ရင်လည်း တန်ခိုးရှင်ကို ရပ်ခိုင်းတယ်။ နေတွေပူလွန်းလာရင်လည်း နေပူလာရင် ဂျုံပင်တွေ နွမ်းနယ်တယ်ဆိုပြီး နေပူတာကနေ မိုးအုံ့အောင်လုပ်ခိုင်းတယ်။ အဲဒီလိုပဲ ရေလိုရင် ရေရအောင်လုပ်ခိုင်းတယ်၊ ဂျုံခင်းတွေထဲကို ငှက်လေးတွေလာရင်လည်း မလာအောင်ချောက်လှန့်ခိုင်းတယ်။ တန်ခိုးရှင်ကလည်း မငြီးမငြူနဲ့ လယ်သမားခိုင်းသမျှ အကုန်လုပ်လိုက်လုပ်ပေးတယ်။ ဂျုံပင်တွေက အင်မတန် ထွားထွားကြိုင်းကြိုင်းနဲ့ဖြစ်ထွန်းတယ်ဆိုပဲ။ အပင်တွေက အမြင့်ကြီးတွေဖြစ်နေတယ်တဲ့။ ဒီတော့ လယ်သမားက “မြင်လား၊ ရာသီဥတုနှောက်ယှက်နေတာကို ခင်ဗျားတန်ခိုးနဲ့ လွတ်အောင်လုပ်လိုက်တော့ ကျုပ် ဂျုံပင်တွေ ဘယ်လောက်ဖြစ်ထွန်းသလဲ” လို့ တန်ခိုးရှင်ကို ၀မ်းသာအားရပြောတယ်။ ဒီလိုနဲ့ ဂျုံတွေရိတ်သိမ်းချိန်ရောက်လို့ ရိတ်သိမ်းတဲ့အခါမှာ ပြဿနာတက်တော့တာပဲ။ ဘာပြဿနာတက်သလဲ ဆိုတော့ ဂျုံစေ့တွမပါတော့တဲ့ ပြဿနာပဲ။ အပင်ကြီးတွေကတော့ သန်စွမ်းနေပြီး တကယ့်အစေ့ဆန်က ပါမလာတော့တာပဲ။ ဒီတော့မှ လယ်သမားက ပြာယာခတ်ပြီးတော့ “ဘယ်လိုဖြစ်တာလဲ” လို့ အထိတ်တလန့်နဲ့ မေးမြန်းတော့တာပါပဲ။ တန်ခိုးရှင်က အဲဒီအချိန်ကျမှ လယ်သမားကို ရှင်းပြလိုက်တာက သင်ခန်းစာတွေ တစ်ထောကြီးပါလာတဲ့စကားတွေ အတုယူသင့်တဲ့စကားတွေဖြစ်နေပါတယ်။ ငအောရေ နားထောင်ကြည့်ပြီး သင်ခန်းစာရအောင်ယူဟ။


03.png


“နေပူတာ၊ မိုးတွေတအားရွာတာ၊ လေတွေတိုက်တာ၊ မိုးခြိမ်း လျှပ်စီးလက်တာ၊ ငှက်ကလေးတွေ လာရောက်စားသောက်တာတွေဟာ ဂျုံပင်ရဲ့ ပျက်စီးရာ ပျက်စီးကြောင်းတွေဖြစ်နိုင်ပါတယ်။ အနှောင့်အယှက်ပေးနေတာတွေ၊ ဂျုံပင်ကြီးပွားရေးအတွက် အနှောင့်အယှက်တွေလို့ ထင်မြင်စရာပဲ။ တကယ်တော့ ဒါကနှောင့်ယှက်မှုမဟုတ်သလို နှောင့်ယှက်မှုလို့ မမြင်ပဲ စိန်ခေါ်မှုလို့ပဲ မြင်သင့်တာပါ။ အဲဒီစိန်ခေါ်မှုတွေကို ဆန့်ကျင်ဘက်လုပ်ပြီး၊ အံတုပြီးတော့ ဂျုံပင်က တိုးတက်သန်စွမ်းအောင် ရုန်းရင်း ကန်ရင်း ရှင်သန်ရတာပါ။ အသီးအနှံတွေကို ပြည့်ဝအောင် ကြိုးစားရှင်သန်ရတာပါ။ အံတု ယှဉ်ပြိုင် ရှင်သန်ရတာပါ။ အဲဒါကိုက ဂျုံပင်ရဲ့ သဘာဝကပေးတဲ့ အလုပ်ပဲလေ။ အဲဒါတွေကို အံတုပြီး ရှင်သန်နေရတာပဲ။ အဲဒီ အံတု ယှဉ်ပြိုင်နေရတဲ့အရာတွေကို ဖြတ်ပစ်လိုက်တဲ့အခါမှာ အံတုလိုစိတ်၊ ယှဉ်ပြိုင်ရင်ဆိုင်လိုစိတ် မရှိတော့သလို အားကုန် အင်ကုန်နေတဲ့ လူမမာတစ်ယောက်လိုပဲ ဖြစ်သွားတော့တာပါ။ အဲဒါတွေကြောင့် ဂျုံပင်တွေမှာ အံတု ယှဉ်ပြိုင် ရင်ဆိုင်လို့ ရလာခဲ့တဲ့ ဂျုံစေ့ဆိုတာ ပါမလာတော့တာပါပဲ။ လူတွေရဲ့ ဘ၀ဟာလည်း ဒီလိုပါပဲ။ လူသားတိုင်းဟာ ဘ၀ရဲ့ အခက်အခဲတွေကို အံတု ယှဉ်ပြိုင် ရင်ဆိုင်ပြီး တိုးတက်ကြီးပွားမှုဆိုတဲ့ ဂျုံစေ့လေးတွေဖြစ်တည်လာရတာပါ။ အဲဒီ ဆန့်ကျင်ဘက်တွေကို မရှိစေတော့တဲ့အချိန်ဟာ လူဆိုတာ ဘာမှအသုံးမကျတော့တဲ့ လူမမာ တစ်ယောက်လိုပဲဖြစ်သွားပါလိမ့်မယ်။ လူတစ်ယောက်ကို ဘာအလုပ်မှမလုပ်စေပဲ ထိုင်ခုံပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ခိုင်းကြည့်လိုက်ရင် အဲဒီလူဟာ မကြာခင် ရောဂါဖြစ်လာပါလိမ့်မယ်။ အဲဒီတော့ သင်က ငါ့ရဲ့တန်ခိုးကိုအားကိုးပြီး ဂျုံပင်ကို အစေ့မတည်အောင် လုပ်ခဲ့တာပဲဖြစ်တယ်” လို့ပြောဆိုလိုက်တယ်တဲ့။ ဆန့်ကျင်ဘက်က အကျိုးပြုတယ်ဆိုတာ အဲဒီလိုပဲ ဖြစ်မယ်”


04.png


ရှည်ရှည်ဝေးဝေးဆက်တိုက်ပြောလိုက်တာရေငတ်တဲ့အတွက် အသင့်ငဲ့ထားတဲ့ ရေနွေးကြမ်းကို ဂွတ်ကနေ မော့ချလိုက်ရသေးတယ်။ ငအောကတော့ မျက်မှောင်ကုတ်ပြီး ငြိမ်ချက်သားကောင်းနေလေရဲ့။ နားလည်သလား နားမလည်သလားတော့မသိပါ။ ပြောချင်တာတော့ ပြောပြီးသွားပြီ။

“အဲဒီလိုတော့ ဟုတ်သလိုလို”

“ဟကောင် ဟုတ်လား မဟုတ်လားတော့မသိဘူး မှန်တာ မမှန်တာ အာမ မခံဘူးပြောထားတယ် နောက်ပြီး ဒါက နားလည်တဲ့အတိုင်း ပြောပြတာနော်”

“ဒီထက်ရှင်းအောင်ပြောပြအုံး”

“ဟကောင်တော်တော့ ငါအလုပ်လုပ်ရအုံးမယ် ပိုက်ဆံရှင်းလိုက်တော့ ပြန်ပြီ”

နို့မို့ဆို တစ်နေကုန်တောင် လက်ဖက်ရည်ဆိုင်က ထလို့ ရတော့မည်မဟုတ်။ ပြောပြောဆိုဆို ဆိုင်ကယ်သော့ကောက်ကာ ငအောနားက အလျင်အမြန်ပြေးလွှားခဲ့ရပါတော့တယ်။


ရေးသားသူ(Author)___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

29-Oct-2018 တနင်္လာနေ့(Monday)

#myanmar #life #opposite #competition