ပျက်စီးလာသော ရာသီဥတု
ဝဿန်ကာလ မိုးရာသီမှာ စစ်ကိုင်းမြို့အတွက် မိုးခွဲတမ်းက ရတာအတော်နည်းနေသည်။ ပူကောင်းဆဲ ပူနေဆဲ နောက်ထပ်လည်း ဆက်လက်ပူနေအုံးမည်ထင်မိပါ့။ အချို့ အချို့သော ဒေသများမှာတော့ မိုးရွာလွန်းတဲ့အတွက် ဒုက္ခတွေ့နေကြရလေသည်။ တစ်ပတ်အတွင်းမှာလည်း အပူငြိမ်းစေမယ့် မိုးရွာဖွယ်မမြင်။
ယနေ့လည်း မနက် မိုးလင်းစကတည်းက မိုးပေါက်လေး တစ်စက်နှစ်စက်လောက်ကျလိုက် ရပ်သွားလိုက်၊ ပြန်ကျလိုက်နဲ့ မိုးမင်းကတော့ စစ်ကိုင်းမြို့ကို ကလူကျီစယ်နေသည်ထင်ရသည်။ ဥတုရာသီကတော့ ပျက်စီးလာနေပါ၏။ ဥတုရာသီပျက်စီးလာတာနဲ့အမျှ ကမ္ဘာ့အခြေအနေအရပ်ရပ်သည်လည်း ပျက်စီးယိုယွင်းလာမည်သာ ဖြစ်ပေ၏။ ကပ်ဘေးအမျိုးမျိုးတို့သည်လည်း ကပ်ရောက်ညှိတွယ်ကြမည်သာဖြစ်ပေ၏။ သတိပြုနေထိုင်နိုင်ကြပါစေ။
ဂျပန်၊ တရုတ်၊ ရုရှား စတဲ့နိုင်ငံအများစုမှာ မိုးရွာလွန်းအားကြီးပြီး အိမ်တွေ ကားတွေကစလို့ အဆောက်အဦတွေ ရေထဲမျောပါကုန်ကြလေကုန်၏။ ကမ္ဘာကြီးသည်ကား လူတို့၏ လောဘ ဒေါသ မောဟများကြောင့် ပျက်စီးခြင်းသို့ ဦးတည်ပြေီဖြစ်ကြောင်း အသိပေး သတိပေးနေပြီ ဖြစ်ပါ၏။ သတ္တဝါအပေါင်း အသိတရား သတိတရားဖြင့် ကမ္ဘာကြီးကို သက်တမ်းတိုးနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာများလည်း ပို့သပေးလိုက်ရပါ၏။