ပန်းတိုင်ကို လှမ်းကိုင်ဖို့

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


goal copy.png


ကြီးကြီးကျယ်ကျယ်ရေးနေကျအတိုင်း ကမ္ဘာနဲ့ချီပြီး ရေးလိုက်ပါအုံးမယ်။ ငြိမ်းချမ်းမှုဆိုတာကို လူတိုင်းက လိုချင်ကြတယ်မဟုတ်လား။ ငြိမ်းချမ်းမှုကို မလိုချင်တဲ့သူ ငြိမ်းငြိမ်းချမ်းချမ်း မဖြစ်ချင်တဲ့သူ မရှိသလောက် ရှားလိမ့်မယ်။ ငြိမ်းချမ်းမှုဆိုတာက အလွန်အရေးကြီးတယ်လို့လည်း ယူဆမိတယ်။ လူတစ်ယောက်ရဲ့ ငြိမ်းချမ်းမှုက အစပြုလို့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားအားလုံးသာမက ကုန်း၊ ရေ၊ လေ အားလုံး ငြိမ်းချမ်းသင့် ပါတယ်။ လူအများစုကတော့ ငြိမ်းချမ်းမှု၊ ငြိမ်းချမ်းရေး ဆိုပြီးတော့ အော်နေကြတာပါပဲ။ ဒါကလည်း ဟိုလွန်းခဲ့တဲ့နှစ်ပေါင်း များစွာကတည်းက ယနေ့အချိန်ထိပါပဲ။ ဒါပေမယ့် ခုချိန်ထိတော့ တစ်ကမ္ဘာလုံးငြိမ်းချမ်းမှု မရရှိဘူးလို့ထင်ပါတယ်။ ငြိမ်းချမ်းမှု လို့ဆိုရာမှာ အပြင်လောကရဲ့ ငြိမ်းချမ်းမှု ဒါမှမဟုတ် လူသားအားလုံးငြိမ်းချမ်းမှု နဲ့ ကိုယ့်စိတ်ငြိမ်းချမ်းမှု တစ်နည်းအားဖြင့်ဆိုရရင် တစ်ကိုယ်ရေ ငြိမ်းချမ်းမှုဆိုပြီး ခွဲခြားနိုင်မယ်ထင်တယ်။ အပြင်လောကရဲ့ ငြိမ်းချမ်းမှုထက် တစ်ကိုယ်ရေငြိမ်းချမ်းမှုက ပိုအရေးပါတယ်လို့ယူဆတယ်။ ဘာကြောင့်လဲ ဆိုတော့ လူတစ်ဦးတစ်ယောက်ချင်းစီ ငြိမ်းချမ်းအောင် နေနိုင်ရင် ကိုယ်တိုင်က ငြိမ်းချမ်းလိုစိတ်ရှိခဲ့မယ်ဆိုရင် လူသားအားလုံးငြိမ်းချမ်းပြီ။ လောကကြီးတစ်ခုလုံး ငြိမ်းချမ်းပြီလို့ ဆိုနိုင်ပါလိမ့်မယ်။ လူတစ်ဦးချင်းစီက ကိုယ်စီ ကိုယ်ငှ ငြိမ်းချမ်းပြီ ဆိုရင် အားလုံးက ငြိမ်းချမ်းပြီးသားဖြစ်သွားမယ်မဟုတ်လား။ တနည်းပြောရရင်တော့ လူတိုင်း လူတိုင်းက ကိုယ့် တာဝန် ကိုယ် ကျေနေပြီဆိုရင် ဘယ်သူ့ကိုမှ လက်ညှိုးထိုး အပြစ်ရှာနေစရာမလိုသလို ကိုယ်တိုင်က ငြိမ်းချမ်းမှုရှိနေပြီဖြစ်တဲ့အတွက် အပြစ်ရှာနေလိမ့်မယ်မဟုတ်ဘူးလို့လားထင်ပါတယ်။ ဒါဆိုရင် လူတိုင်း လူတိုင်း တာဝန်ကိုယ်စီကျေကြမယ်ဆိုရင် ကမ္ဘာလောကကြီးတစ်ခုလုံးသာမက လောကအားလုံးငြိမ်းချမ်းမှု ရသွားမယ် လို့လည်းထင်ပါတယ်။


goal 4.png


အဲဒီလို ငြိမ်းချမ်းမှုကို ရရှိနိုင်ဖို့အတွက်က နောင်လာ နောက်သား နောင်တစ်ခေတ်ရဲ့ ခေါင်းဆောင်ဖြစ်ကြမယ့် လူငယ် လူရွယ်လေးတွေ သိနားလည်ဖို့လိုပါလိမ့်မယ်။ လူငယ် လူရွယ်လေးတွေက ကိုယ်စီတာဝန်ကျေရမယ် ဆိုတာကို နားလည်ခဲ့မယ်ဆိုရင် နိုင်ငံတော်တိုးတက်ရေးက အလှမ်းမဝေးပါဘူး။ အဲဒီလိုမှမဟုတ်ပဲ ကိုယ်စီ တာဝန်ဆိုတာကို နားမလည်ခဲ့ရင်တော့ နိုင်ငံတော်တိုးတက်ဖို့မပြောနဲ့ မိသားစုတိုးတက်ဖို့တောင်မလွယ်ပါဘူး။ တစ်ခါလာလည်း လူငယ် လူရွယ် နောက်တစ်ခါလည်း လူငယ် လူရွယ်တွေပဲ ပြောနေတယ်လို့တော့ အပြစ်တင် မစောလိုက်ကြပါတယ်။ ဒါက အမှန်တကယ်ကို လိုအပ်လို့ပဲဖြစ်ပါတယ်။ လူငယ် လူရွယ်တွေက ကောင်းမှ နောင်တစ်ချိန် လူကြီး လူကောင်းတွေဖြစ်လာနိုင်မှာမဟုတ်လား။ နောင်တစ်ချိန်ဆိုတာက ယနေ့လူကြီးတွေ အနေနဲ့ လွှဲအပ်ချင်တာပဲဖြစ်ဖြစ် မလွဲအပ်ချင်တာပဲဖြစ်ဖြစ် လွှဲကို လွှဲအပ်ထားခဲ့ကြရမှာပါ။ ဒါက သဘာဝရဲ့ အမှန်တရားပဲဖြစ်ပါတယ်။ ဒီအမှန်တရားကိုလည်း ဘယ်သူမှ ငြင်းလို့မရပါဘူး။ မပေးချင်ဘူးဆိုလို့မရနိုင်သလို မလွှဲချင်ဘူးဆိုလို့မဖြစ်ပါဘူး။ ကျွန်တော်တို့တစ်တွေ ဘ၀တစ်ခုကို အလည်လာခဲ့ကြတဲ့သူတွေချည်းပဲဖြစ်တော့ အချိန်တန်ရင် ပြန်ကြရမှာပဲ။ မပြန်ချင်ဘူးလို့ ငြင်းမရပါဘူး။ ဘ၀တစ်ခု အဆုံးမသတ်ခင်မှာ နေချင်သလိုနေလို့ ရပေမယ့် နေချင်သလောက်တော့ နေလို့မရနိုင်တာ အသေအချာပါပဲ။ အဲဒီလို မနေရတော့လို့ ထွက်ခွာရတော့ မယ်ဆိုရင် မလွှဲချင်လည်း လွှဲ မပေးချင်လည်း ပေးခဲ့ကြရမှာပါ။ မလွှဲချင်လည်း သူ့ဖာသူ ယူသွားကြပမှပဲ မဟုတ်လား။ ဘယ်သူမှ နောက်ဘ၀တစ်ခုကို ငွေ၊ ရာထူး၊ အာဏာတွေကို သယ်သွားလို့မရနိုင်ပါဘူး။


goal 2.png


တရားသဘောဆိုလည်း ဟုတ်တယ်။ သဘာဝရဲ့ အမှန်တရားတစ်ခုဆိုလည်း မှန်တယ်။ အမှန်ဆိုတာကို လက်ခံချင်လည်း လက်ခံ၊ လက်မခံချင်လည်း လက်ခံကြရမှာပဲ။ အဲဒီလို သဘာဝရဲ့ အမှန်တရားကို သံသယ၀င်ပြီး နေထိုင်မယ်ဆိုရင် မရေမရာ ခေတ်ပျက်တွေထဲမှာ ယောင်တောင်တောင် လူအဖြစ်နဲ့ ဘ၀ကူးပြောင်းသွားကြရပါလိမ့်မယ်။ လူငယ်တွေကို သဘာဝ အမှန်တရား သိစေဖို့ လိုအပ်ပါတယ်။ အမှန်တရားဆိုတာက တစ်ခါတစ်ရံ လိုရာ ဆွဲယူနိုင်တယ်လို့ လူအချို့က ထင်တတ်ကြတယ်။ ဘယ်ဘက်က ကြည့်နေတာလဲဆိုပြီး ငြင်းချက်ထုတ်ချင်ကြပါသေးတယ်။ အဲဒီလို ငြင်းလို့ရတာက သဘာဝရဲ့ အမှန်တရား မဖြစ်နိုင်ဘူး။ ကျွန်တော်တို့လူမျိုးတွေရဲ့ လက်သုံးစကားတစ်ခုလိုဖြစ်နေတဲ့စကားတစ်ခွန်းရှိတယ်။ အဲဒီစကားက လူမိုက်အားပေးပြုနေတယ်လို့ထင်ပါတယ်။ သူ့ဘက်ကကြည့်တော့လည်း မှန်နေတယ်။ အပြစ်မပြောသာဘူး ဆိုတဲ့ စကားမျိုးပဲဖြစ်ပါတယ်။ မကောင်းမှုဒုစရိုက်ကျူးလွန်နေသူတွေကိုသွားမေးကြည့်ရင် သူတို့လုပ်တာ မှန်တယ်ဆိုပြီး ပြောကြလိမ့်မယ်ထင်တယ်။ ကောင်းမှုအတွက် ဒုစရိုက်နှိမ်နင်းနေသူတွေကလည်း သူတို့ဖက်က ကြည့်ရင် မှန်တယ်လို့ ပြောမှာပါပဲ။ ဒီတော့ အမှန်တရားဆိုတာ နှစ်မျိုးရှိနိုင်သလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေ တယ်။ တကယ့်အမှန်တရား၊ သဘာဝရဲ့ အမှန်တရားဆိုတာက နှစ်မျိုးမရှိနိုင်ပါဘူး။ တစ်မျိုးတည်းသာ ရှိပါ တယ်။ ရေးရင်း ရေးရင်းနဲ့ တရားပေါက်ပြီး ဘုန်းကြီးဝတ် တောထွက် ရကိန်းတော့ဆိုက်တော့မယ်။ တကယ်ပြောလိုတာက မျိုးဆက်တစ်ဆက် အနစ်နာမခံခဲ့ရင် နောက်မျိုးဆက်သစ် ဒုက္ခရောက်ကျန်ရစ်ခဲ့မယ် ဆိုတာကိုပါ။ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်လေးတွေ ကောင်းစားဖို့ရော နောင်အနာဂတ်နိုင်ငံတော်ကြီး ကောင်းစားဖို့အတွက်ဆိုရင် လက်ရှိမျိုးဆက်တွေက အနစ်နာခံ ဒုက္ခခံပြီး လုပ်ကိုင်ပေးမှ ရပါလိမ့်မယ်။ အနစ်နာ မခံချင်ပဲ ရတုန်း ယူထားလိုက် လုပ်နေလို့ကတော့ ဘယ်တော့မှ တိုးတက်တဲ့ လမ်းမပေါ် ရောက်လာမယ် မဟုတ်ပါဘူး။


goal 1.png


လူငယ်တွေအတွက် သူတို့ရဲ့ သွားရမယ့်လမ်းကြောင်းကို သိသင့်တယ်။ လမ်းကြောင်းဆိုတာကိုလည်း နားလည်ထားရမှာပါ။ လမ်းကြောင်းဆိုတာကို အလွယ်ရှင်းရမယ်ဆိုရင် မြို့ကြီးတစ်မြို့ကိုရောက်ဖို့အတွက် လမ်းများစွာရှိနေသလိုပါပဲ။ ဘယ်လမ်းကြောင်းက သွားမလဲဆိုတာ သွားမယ့်သူက နားလည်နေမှ အချိန်ကုန် သက်သာမယ်။ လူပင်ပန်းသက်သာမယ်။ ငွေကြေးကုန်ကျမှု သက်သာမယ်။ မြို့ကြီးတစ်မြို့ကို သွားကြတာချင်းတော့တူနေလို့ ပန်းတိုင်တူတယ်လို့ ယေဘုယျ သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် သွားရောက်မယ့်လမ်းကတော့ တူချင်တူမယ် မတူချင်မတူဘူးပေါ့။ ငြိမ်းချမ်းမှု ရလိုတယ်ဆိုတဲ့ ပန်းတိုင်ကလည်းတူနေကြတယ်မဟုတ်လား။ ဒါဆိုရင် သွားတဲ့ခရီးလမ်းကြောင်းက မတူကြပေမယ့် ပန်းတိုင်တူတဲ့အတွက် အဆင်ပြေနိုင်မယ်လို့ထင်ပါတယ်။ သွားတဲ့လမ်းကြောင်းတော့ မှန်ဖို့လိုပါတယ်။ လမ်းကြောင်းက မမှန်ရင် ပန်းတိုင်ဆိုတာ မရောက်နိုင်တဲ့အပြင် အချိန်ကုန် လူပန်းဖြစ်တတ်ပါသေးတယ်။ လောကကြီးတစ်ခုလုံးရဲ့ ငြိမ်းချမ်းမှု ပန်းတိုင်ကို ရောက်လိုတယ် ဆိုရင် ပထမဦးဆုံးက ကိုယ်တိုင်က ငြိမ်းချမ်းမှုကို လိုလားသူ၊ ကိုယ်တိုင်ငြိမ်းချမ်းမှုရှိသူ ဖြစ်ရပါလိမ့်မယ်။ ပြီးတော့ ငြိမ်းချမ်းမှုဆိုတဲ့ ပန်းတိုင်ကို လှမ်းကိုင်နိုင်ဖို့ဆိုရင် လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကလည်း မှန်ကန်မှုရှိရပါမယ်။ ဒါမှ ကိုယ်လိုရာ ပန်းတိုင်ကို အလွယ်တကူ လှမ်းချူနိုင်မှာဖြစ်ပါတယ်။ ရည်မှန်းချက် ပန်းတိုင်ရှိပြီး မှန်ကန်တဲ့လမ်းကြောင်းနဲ့ လျှောက်လှမ်းကြမယ်ဆိုရင် ဘယ်အရာမဆို တစ်ချိန်ချိန်မှာ ကိုယ့်ရဲ့ ပန်းတိုင်ကို အောင်မြင်စွာ လှမ်းကိုင်နိုင်မှာဖြစ်ပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

2-6-2019 တနင်္ဂနွေနေ့(Sunday)