ပင်ပန်းမှု နဲ့ ချမ်းသာမှု
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
စာမရေးဖြစ်တာကြာနေတော့ ရယ်စရာလေးတစ်ခုရေးတင်မယ်လို့စိတ်ကူးထားပေမယ့် မရေးနိုင်ခဲ့ဘူး။ ဒီနေ့လည်းစိတ်ကူးပေါက်လို့ စာရေးမယ်ဆိုတော့ ရယ်စရာရေးချင်စိတ်မရှိဖြစ်နေပြန်တယ်။ စာရေးတယ်ဆိုတာ တယ်မလွယ်လှဘူးကိုးဗျ။ အလွယ်တကူ ကိုယ်ရေးချင်ရာကို ရေးချနိုင်ဖို့ဆိုတာ အတော်ကို မလွယ်တာပါ။ ဆရာ့ ဆရာတွေကိုတော့ မပြောလိုပါဘူး။ ဆရာ့ ဆရာတွေအတွက်ကတော့ စာတစ်ပုဒ်ဖြစ်ဖို့ လွယ်လွယ်လေးပါ။ စိတ်ကူးထဲ ဒါလေးတော့ ရေးအုံးမှ လို့ တွေးမိပေမယ့် ခဏနေ ဘာရေးမလို့ပါလိမ့် ဆိုပြီးမေ့သွားပြန်တော့ စာရေးမယ်လုပ်လိုက် အကြောင်းအရာမေ့မေ့သွားတာနဲ့ မရေးဖြစ်တာက ပိုများနေပြီ။ ဒီနေ့တော့စိတ်ကူးတည့်လာတဲ့ အပေါ်ကခေါင်းစဉ်ကို ရေးတင်လိုက်ပါတယ်။ လူအများစုက အလုပ်တွေ အများကြီးကို ခန္ဓာကိုယ်ကြီးနဲ့ ပင်ပင်ပန်းပန်း အလုပ်နဲ့လက် မပြတ်အောင်လုပ်နေမယ်ဆိုရင် ငွေကြေးတွေချမ်းသာကြွယ်ဝလာ နိုင်တယ်လို့ ထင်တတ်ကြတယ်။ မှားတယ်လို့ထင်ပါတယ်။ ကျွန်တော့်အမြင်ကိုပြောချင်တာက ပင်ပင်ပန်းပန်းနဲ့ ကိုယ်ခန္ဓာကြီးကို အရင်းပြုပြီး အလုပ်နဲ့လက်နဲ့ပြတ်အောင်လုပ်နေရတဲ့သူတွေက တကယ်တော့ မချမ်းသာနိုင်ဘူး။ ချမ်းသာနေတဲ့သူတွေကို ကြည့်ရင် ခန္ဓာကိုယ်ကြီးကို ပင်ပန်းဆင်းရဲအောင် အလုပ်နဲ့လက်မပြတ်အောင်လုပ်နေရတဲ့သူတွေမဟုတ်ဘူးဆိုတာကို မြင်တွေ့နိုင်ပါတယ်။ ချမ်းသာနေတဲ့သူတွေဟာ ဦးနှောက်ကိုအသုံးပြုပြီး လုပ်ကိုင်ဆောင်ရွက်နေသူတွေသာဖြစ်ပါတယ်။
ဒီတော့ကာ ငွေကြေးချမ်းသာကြွယ်ဝချင်တယ်ဆိုရင် ခန္ဓာကိုယ်ကြီးကို အရမ်းခိုင်းခြင်းထက် ဦးနှောက်ကို ကောင်းကောင်းခိုင်းပေးနိုင်ခြင်းက ပိုပြီး အဓိကကျမယ်လို့ယူဆမိပါတယ်။ ဦးနှောက်ကိုအလုပ်ပေး ခန္ဓာကိုယ်ကြီးကို တတ်နိုင်သမျှ အနားပေးပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ကိုင်နေမယ်ဆိုရင် ချမ်းသာကြွယ်ဝလာနိုင်စေတယ်လို့ ယူဆပါတယ်။ ကိုယ်ခန္ဓာကြီးကို ပင်ပန်းဆင်းရဲနေအောင် အလုပ်တွေကို ခိုင်းတိုင်း မချမ်းသာနိုင်ဘူးဆိုတာကို ဈေးထဲမှာ ကူလီထမ်းနေရတဲ့ လူတွေကို ကြည့်ရင်သိသာနိုင်ပါတယ်။ ဦးနှောက်ကိုကေင်းကောင်းအသုံးပြုပြီး အဲယားကွန်းအခန်းထဲမှာ ဇိမ်ကျကျနဲ့ လူတွေ ငွေတွေကို စီမံခန့်ခွဲနေတဲ့သူတွေကို ချမ်းသာကြွယ်ဝနေတာကို ကြည့်ပြီး သိနိုင်ပါလိမ့်မယ်။ ဒီလိုပြောနေတဲ့နေရာမှာ ကိုယ်ကျင့်တရားဆိုတာတွေကိုတော့ ထည့်မတွက်ထားပါဘူး။ ကိုယ်ကျင့်တရားကောင်းတိုင်း မချမ်းသာ မကြွယ်ဝနိုင်သလို ကိုယ်ကျင့်တရားမကောင်းတိုင်းလည်း မချမ်းသာ မကြွယ်ဝတာမဟုတ်လို့ပါ။
ချမ်းသာချင်ရင် ချမ်းသာစေတဲ့နည်းလမ်းများစွာရှိကို ကမ္ဘာ့နိုင်ငံအသီးသီးက စာပေပညာရှင်တွေ၊ အနုပညာရှင်တွေက လမ်းညွှန်ပြသပေးနေခဲ့တာအများအပြားရှိပါတယ်။ ဆင်းရဲစေသော နည်းလမ်းများရယ်လို့ စာပေပညာရှင်တွေက မရေးကြသလို ဘယ်အနုပညာရှင်ကမှလည်း လမ်းညွှန်မပြကြပါဘူး။ တကယ်တော့ ဆင်းရဲတာ ချမ်းသာတာက ပြောင်းပြန်မဟုတ်လား။ ဆင်းရဲစေတဲ့အကြောင်းကို သိရင် အဲဒီနည်းတွေနဲ့ ပြောင်းပြန်လုပ်ရင် ချမ်းသာမယ်လို့ဆိုတာဖြစ်သလို ချမ်းသာစေတဲ့အကြောင်းကိုသိရင် ချမ်းသာစေတဲ့နည်းလမ်းတွေကို ပြောင်းပြန်လုပ်ရင် ဆင်းရဲမယ်လို့ပြောထားကြတာပဲဖြစ်တယ်မဟုတ်လား။ ဆင်းရဲချင်ရင် ချမ်းသာရေးလမ်းညွှန်နဲ့ပြောင်းပြန်လုပ်၊ ချမ်းသာချင်ရင် ဆင်းရဲစေတဲ့နည်းလမ်းနဲ့ ပြောင်းပြန်လုပ် မယ်ဆိုရင် ချမ်းသာမယ်မဟုတ်လား။ ဒီတော့ တစ်ခုသိရင် နောက်တစ်ခုကလည်း အလိုလိုသိနိုင်တဲ့သဘော ရှိတာကို အများစုသော လူတွေက မေ့မေ့နေတတ်လို့ အမှတ်ရအောင် ပြန်လည် အသိပေးခြင်းသာဖြစ်ပါတယ်။ ကိုယ်ခန္ဓာကြီး ပင်ပန်းဆင်းရဲလွန်းရင် စိတ်ရော ရုပ်ရော မချမ်းသာနိုင်ဘူး။ တစ်ခါ တစ်ရံ ပင်ပန်းခြင်းကို မဆိုလိုပါဘူး။ ကိုယ်ခန္ဓာကြီးကို အရင်းပြုပြီး ဥစ္စာစီးပွားရဖို့ နေ့စဉ် ရှာဖွေစားသောက်နေခြင်းကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြီး ပင်ပန်းနေမယ်ဆိုရင် တရားရှာရာမှာဆို ပိုပြီး ခက်ခဲမယ်လို့လည်းထင်မိပါတယ်။ စိတ်ပိုင်းဆိုင်ရာ လည်း ပြည့်ဝဖို့လည်း မလွယ်ကူလောက်ဖူး ထင်ပါတယ်။
ပြောလိုတာ အဲ ရေးလိုတာကတော့ ခန္ဓာကိုယ်ကြီးကို အရင်းတည်ပြီး ပင်ပန်းဆင်းရဲစွာနဲ့ လုပ်ကိုင်နေကြမယ့် အစား ဦးနှောက်ကို ကောင်းကောင်းအသုံးပြုပြီး ဘ၀ကို ဖြတ်သန်းကြမယ်ဆိုရင် ငွေကြေးချမ်းသာရေးအတွက် ပိုမိုလွယ်ကူစေမယ်ဆိုတာကိုပါ။ ခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲအောင် ခိုင်းလွန်းတိုင်း ငွေကြေးချမ်းသာ ကြွယ်ဝမှု မရနိုင်ပါဘူး။ ဥပမာတွေပေးရင်းပေးရင်းနဲ့ လမ်းများလွဲသွားသလား။ မလွဲလောက်ပါဘူးနော်။ အရိုးဆုံး အရှင်းဆုံးက ချမ်းသာချင်ရင် ဆင်းရဲစေတဲ့ ကိုယ် နှုတ် အမူအရာတွေကို ရှောင်ရှားရပါလိမ့်မယ်။ အလကားနေရင်း အသားလွတ် ဘ၀င်မြင့်နေတာမျိုးကို မဆိုပါဘူး။ ကိုယ် နှုတ် အမူအရာ က လူချမ်းသာ တစ်ယောက်မဟုတ်သေးပေမယ့် လူချမ်းသာတစ်ယောက်လို ပြုမူသင့်တယ် ထင်ပါတယ်။ ချမ်းသာချင်တဲ့လူက ဆင်းရဲစေတဲ့ ကိုယ် နှုတ် အမူအရာတွေလုပ်နေတယ်ဆိုရင်တော့ ချမ်းသာဖို့ မလွယ်လောက်ပါဘူး။ ကျွန်တော်ရဲ့ အထင် နဲ့ အမြင်သာဖြစ်လို့ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ သဘောထားကွဲလွဲခဲ့မယ်ဆိုရင်လည်း ပြန်လည် ငြင်းခုံလိုခြင်းမရှိပါခင်ဗျ။ တစ်ယောက်နဲ့တစ်ယောက်က ဘ၀ခရီးလမ်းကို လျှောက်လှမ်းကြရာမှာ အခြေအနေတွေ မတူညီနိုင်ကြတဲ့အတွက်အမြဲတမ်း အတွေးတွေ အမြင်တွေ မတူညီတတ်ကြလို့ပဲဖြစ်ပါတယ်။ မတူညီတာတွေကို ဘေးဖယ်ပြီး တူရာစုမယ်ဆိုရင် ကောင်းမွန်တဲ့ ဘ၀လေးတွေကိုပိုင်ဆိုင်နိုင်ကြလိမ့်မယ်လို့လည်း ထင်ပါတယ်။ အားလုံးသောစာဖတ်သူအပေါင်း ငွေကြေးချမ်းသာကြွယ်ဝသူများဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းလျှက်-
ရေးသားသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
19-2-2019 အင်္ဂါနေ့(Tuesday)