ဖတ်မိစေချင်သည်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
အသံလေးတွေ ၀ိုးတ၀ါး ကြားနေရပါတယ်။ စီးပွားရေးလုပ်ငန်းချင်သူတွေကိုလည်း မြင်နေရပါတယ်။ အားရကျေနပ်မိပါတယ်။ လုပ်ငန်းလုပ်မယ်ဆိုရင် ဘာဆင်ခြေမှ ပေးနေဖို့ မသင့်တော်ဘူးလို့ ထင်မိပေမယ့် အခြေအနေ၊ အချိန်အခါ ဆိုတာက ကန့်လန့်ကာလို ကာဆီးနေပါသေးတယ်။ အခြေအနေကောင်း နေပြီလား? အချိန်အခါကျနေပြီလား? ဆိုတာကိုလည်း ထည့်သွင်း စဉ်းစားရမယ်ထင်တယ်။ ဘာမှမလုပ်ရင်တော့ ဘာမှ မဖြစ်တာ သေချာပါတယ်။ လုပ်မှ ဖြစ်မှာပေါ့။ အဲလိုဆို လုပ်ကြမလားဆိုပြန်တော့လည်း ဒီအတိုင်း အင်တာနက်လိုင်းကနေ ဆွေးနွေးရင် အဆင်ပြေနိုင်လိမ့်မယ်မထင်ဘူး။ အပြင်မှာ စိတ်ဝင်စားသူတွေ လာကြ၊ ပြီးတော့ တိုင်ပင်ဆွေးနွေးကြမယ် ဆိုပြန်တော့လည်း လူတိုင်းအတွက် မလွယ်ကူပြန်ပါဘူး။ ကဲဒါဆို လုပ်ငန်းတစ်ခုလုပ်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး၊ ဘယ်လိုနည်းလမ်းတွေနဲ့ ဘယ်လိုလုပ်ငန်းအမျိုးအစားကို ရွေးချယ်လုပ်ကိုင်ကြမလဲဆိုတာ စဉ်းစားကြရတော့မှာပါ။ ဘယ်လိုလုပ်ငန်းကို ဘယ်လိုနည်းလမ်းတွေနဲ့လုပ်မလဲ? ဒါက ပထမဆုံး ဆွေးနွေးတိုင်ပင်ကြရမယ့် မေးခွန်းဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ လုပ်ငန်းအမျိုးအစားကို ရွေးချယ်နိုင်ခဲ့ပြီဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ ဘယ်သူတွေက ဘယ်နေရာ ဘယ်ဒေသမှာ ဘယ်လို လုပ်ကိုင်ကြမလဲ? ငွေကြေးအရင်းအနှီးကို ဘယ်လိုစတင်ရင်းနှီးကြမလဲ? ဆိုတဲ့မေးခွန်းတွေကို တစ်ဆင့်တက် စဉ်းစားကြရမယ်ထင်ပါတယ်။ အဲဒီမေးခွန်းလေးတွေကို အဖြေရှာနိုင် ရင်တော့ လုပ်ငန်းတစ်ခု စတင်တည်ထောင်ဖို့ အဆင်သင့်ဖြစ်ပြီလို့တော့ ထင်ပါတယ်။ ထင်မြင်ချက် လေးတွေ ဆွေးနွေးကြည့်တာပါ။ ဆွေးနွေးတာဖြစ်တဲ့အတွက် မှားချင်လည်း မှားနေပါလိမ့်မယ်။ ဘယ်အရာမဆို ဘယ်အလုပ်မဆို “အောင်မြင်ခြင်းဆိုတာ သတ္တိရှိသူ၊ စွန့်စားရဲသူတွေအတွက်ပဲဖြစ်ပါတယ်။” အောင်မြင်နေတဲ့ လုပ်ငန်းအကြီးကြီးတွေကို လုပ်ကိုင်နေတဲ့သူတွေကို လေ့လာကြည့်မယ်ဆိုရင် အဲဒီအောင်မြင် နေတဲ့လုပ်ငန်းရှင်တွေအများစုဟာ “ငွေကြေးဓန အရင်ရှိကြတာမဟုတ်ပဲ လုပ်ငန်းလုပ်ရဲတဲ့ သတ္တိအရင်ရှိ ကြတာဖြစ်ပါတယ်။”
ဘယ်နေရာ ဘယ်လုပ်ငန်းမှာမဆို အောင်မြင်နေတယ်ဆိုတဲ့လူအများစုမှာ ယုံကြည်ချက်ဆိုတာ အရင်းခံလာ ကြတာကို မြင်နိုင်ပါတယ်။ လူအများရဲ့ ယုံကြည်အားထားမှုကို ရရှိတဲ့ လုပ်ငန်းဦးဆောင်သူ ခေါင်းဆောင် တစ်ယောက်ဟာ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ ချီတုံ ချီချ ဆိုတဲ့ တွေဝေခြင်းတွေ မရှိတတ်ကြတာကိုလည်း တွေ့မြင်မိပါတယ်။ ဒါဖြစ်မှ ဖြစ်ပါ့မလားဆိုတဲ့အတွေးမျိုး လုံးဝ(လုံးဝ)မရှိတာက သာမန်လူတွေနဲ့ ကွာခြားတဲ့ ခေါင်းဆောင်တို့ရဲ့ အရည်အချင်းတစ်ရပ်ဖြစ်နေပါတယ်။ လုပ်ငန်းတစ်ခုကို လုပ်မယ်ဆိုရင် အရေးကြီးသော ခြေလှမ်းဟာ ပထမဆုံးလှမ်းတဲ့ ခြေလှမ်းတစ်လှမ်းသာဖြစ်ပါတယ်။ ပထမဆုံးခြေလှမ်းဟာ ဘယ်နေရာမဆို အရေးကြီးတယ်လို့လည်း ထင်ပါတယ်။ ပထမဆုံးခြေလှမ်း ယိမ်းယိုင်သွားရင် နောက်ခြေလှမ်းတွေအတွက် အင်မတန်ခက်ခဲသွားတတ်သလို အညွန့်တလူလူတက်နေတဲ့ အဖွဲ့သားတွေရဲ့ စိတ်ဓာတ်ကို ရေနွေးပူပူနဲ့ အလောင်းခံလိုက်ရသလို ဖြစ်သွားတတ်ပါတယ်။ ပထမဆုံးခြေလှမ်းကို မလှမ်းပဲနဲ့လည်း ရည်ရွယ်ရာ ပန်းတိုင်ကို မရောက်ရှိနိုင်ပါဘူး။ လှမ်းကို လှမ်းမှ ရောက်မှာပါ။ ဒီတော့ ပထမဆုံးခြေလှမ်းရဲ့ အရေးပါပုံကို လည်း ထည့်သွင်း စဉ်းစားသင့်တယ်လို့လည်း ထင်ပါတယ်။ သူများမလုပ်တာကို လုပ်ရဲတဲ့လူအများစုဟာ အောင်မြင်သွားတာတွေရှိသလို ကျရှုံးပျောက်ကွယ်သွားကြတာတွေလည်း ရှိနေမှာသေချာပါတယ်။ အောင်မြင်သူအများစုကို လေ့လာကြမယ်ဆိုရင် သူတို့ရဲ့ဘ၀မှာ “တကယ်လို့များ” ဆိုတဲ့စကားလုံးကို ရှာတွေ့လိမ့်မယ်မဟုတ်ပါဘူး။ အဲဒီစကားလုံးက ကိုယ့်ရဲ့ “နောင်ရိုးဖောင်ဖျက်စိတ်ဓာတ်” ကို ကန့်လန့် တားဆီးစေမယ့် စကားလုံး၊ ပြတ်သားမှုကိုေ၀၀ါးသွားစေနိုင်တဲ့ စကားလုံးဖြစ်ပါတယ်။ ပထမဆုံးသော အရေးကြီးခြေလှမ်းကို လှမ်းချင်သလိုလှမ်းလို့မရတာကတော့ အသေအချာဖြစ်ပါတယ်။
“လုပ်ချင်တယ်” “လိုချင်တယ်” “ဖြစ်ချင်တယ်” ဆိုတာနဲ့တော့ ဘယ်အရာမှ မရနိုင်ပါဘူး။ လုပ်ချင်ဆိုတိုင်း လိုချင်တယ်ဆိုတိုင်း ဖြစ်ချင်တယ်ဆိုတိုင်းလည်း အဆင်ချောနေမယ်မဟုတ်ပါဘူး။ ကျွန်တော် မကြခဏ ထည့်သွင်းရေးဖူးတဲ့ စာသားလေးကို ပြန်ရေးချင်ပါတယ်။ “အသိဥာဏ်မပါတဲ့ အကြောက်အကန် အားထုတ်မှုက ဘာကိုမှ အကျိုးမဖြစ်ထွန်းစေပါဘူး။” ပိုးစုန်းကြူးနဲ့ မီးမွှေးဖို့ ကြိုးစားတာဟာ မှန်ကန်တဲ့ အားထုတ်မှု၊ အသိဥာဏ်ပါတဲ့ ကြိုးစားမှုမဟုတ်ပါဘူး။ ဒါပေမယ့် ပိုးစုန်းကြူးကို အသုံးချပြီးတော့ ပတ်ဝန်းကျင် ကို အလင်းရောင်ရရှိစေအောင်တော့ လုပ်နိုင်တာကသာ အသိဥာဏ်ပါတဲ့ ကြိုးစားအားထုတ်မှုတစ်ရပ် ဖြစ်ပါလိမ့်မယ်။ လူတိုင်း လူတိုင်းမှာ မတူညီတဲ့ ဘ၀အတွေ့အကြုံတွေ၊ မတူညီတဲ့ အတွေးအခေါ်တွေ၊ မတူညီတဲ့ ကျွမ်းကျင်မှုတွေ ရှိတတ ကြစမြဲသာဖြစ်ပါတယ်။ ငြင်းခုံခြင်းနဲ့ အမှန် ဒါမှမဟုတ် အဖြေကို ရရှိမှာမဟုတ်ကြောင်းကိုလည်း မကြာခဏ ရေးသားဖူးပါတယ်။ ဆွေးနွေးညှိနှိုင်းခြင်းကသာ အမှန် ဒါမှမဟုတ် အဖြေတစ်ခုကို သုံးသပ် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ မတူတာတွေကို တူအောင်လုပ်ဖို့မလွယ်ကူပေမယ့် တူညီတာတွေကိုစုပြီး ညှိနှိုင်းလုပ်ကိုင်ကြ မယ်ဆိုရင် လုပ်ငန်းအောင်မြင်နိုင်ဖွယ်ရှိပါတယ်။ ဒါကလည်း တူညီတဲ့ ဦးတည်ချက်ရှိမှသာဖြစ်မှာပါ။ တစ်ယောက်တစ်ဖက် ဆွဲချနေမယ်ဆိုပြန်ရင်လည်း အောင်မြင်ဖို့ဝေးစွ။ မပျက်စီးဖို့ကိုပင် ထိန်းသိမ်းဖို့မလွယ်။ တူရာစုကြရမယ်မဟုတ်လား။
မမှားဖူးရင် အမှန်ကို သိဖို့မလွယ်ပါဘူး။ မမှားဖူးသူဟာ အမှန်ကို သိဖို့မလွယ်ပါဘူး။ မှားဖူးသူတိုင်းက ဒါက အမှားပဲဆိုတာ သိသွားကြပါတယ်။ စီးပွားရေးလုပ်တယ်ဆိုတာက လူမှုရေးလုပ်ခြင်းမဟုတ်ပါ။ လူမှုရေးလုပ်ငန်း ဆိုတာက အကျိုးအမြတ်ကိုမျှော်ကိုးနေလို့မဖြစ်နိုင်ပါ။ စီးပွားရေးကတော့ ငွေကြေးရလိုမှုနဲ့ လုပ်ကိုင်ကြခြင်း ဖြစ်ရာ အမြတ်အစွန်းရှိကို ရှိမှ ဖြစ်ပါလိမ့်မယ်။ အမြတ်အစွန်းမရှိခဲ့ရင် ရေရှည်မတည်တံ့နိုင်တာ သေချာပါတယ်။ ဒီတော့ အမြတ်အစွန်းရဖို့အတွက် ဘယ်လိုလုပ်ငန်းကို လုပ်ကိုင်မယ်ဆိုတာ အရေးပါလာပါတယ်။ အမြတ်အစွန်းဆိုတာကသာ သေးသေးလေးကို အကြီးကြီးဖြစ်အောင်လုပ်နိုင်မှာဖြစ်ပါတယ်။ လှလှပပ အ၀တ်အစားတွေကို ဆိုင်ခန်းလေးနဲ့ ရောင်းချနေတဲ့လုပ်ငန်းက လမ်းပေါ်မှာ ဟင်းသီးဟင်းရွက်ရောင်းတာ ပူစီပေါင်းရောင်းတာလောက် အမြတ်အစွန်းရချင်မှ ရပေလိမ့်မယ်။ ပထမဆုံးသောခြေလှမ်းက အရေးကြီးတဲ့ အတွက် စဉ်းစားရပါမယ်။ ချင့်ချိန်ရပါမယ်။ တိုင်ပင်ဆွေးနွေးမှုတွေလုပ်ကြရပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် အဆင်သင့်မဖြစ်သေးတဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ မလုပ်ပဲနေကြတော့မလားဆိုပြန်တော့လည်း မဟုတ်ပါ။ လုပ်ငန်းလုပ်ကို လုပ်ကြရမှာဖြစ်ပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ ဟုတ်ကောင်းမှ ဟုတ်ပါမယ်။ သေချာတဲ့စီးပွားရေးဖြစ်ချင်မှ ဖြစ်ပါမယ်။ ဒါပေမယ့် သေချာ ဆွေးနွေး ညှိနှိုင်းတိုင်ပင်ပြီး လုပ်သင့်ပါကြောင်း အကြံပြုပါတယ်။ အစီအစဉ်တကျ လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်တယ် ဆိုတာလေးကို အကြံပြု ဆွေးနွေးခြင်းသာဖြစ်ပါကြောင်း ရေးသားရင်းနဲ့ ရပ်နားလိုက်ပါတယ်။
စာရေးသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
3-5-2019 သောကြာနေ့(Friday)