နည်းပညာသာ မရှိရင်

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


Technology 1.png

နည်းပညာဆိုလို့ စကားလုံးအကြီးကြီးပြောနေတယ်လို့မထင်ပါနဲ့။ ကမ္ဘာပေါ်မှာ နည်းပညာဆိုတဲ့စကားလုံး ဘယ်အချိန်က စတင်အသုံးပြုခဲ့တယ်ဆိုတာကိုတော့ မသိပါဘူး။ အဲဒီနည်းပညာဆိုတဲ့ အသုံးအနှုန်းကို စဉ်းစားမိလို့ ရေးလိုက်တာဖြစ်ပေမယ့် မှန်တယ်လို့တော့ မဆိုလိုပါ။ စဉ်းစားမိတာနဲ့တွေးမိတာလေးတွေကိုရော ဒီလိုလေးများဖြစ်မလားဆိုပြီး စဉ်းစားပြီး Post တစ်ခုဖြစ်အောင် ရေးခြင်းသာဖြစ်ပါတယ်။ အငြင်းပွားစရာများ ရှိလာခဲ့သော် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည် လို့ပဲ ဆိုရပါလိမ့်မယ်။ မဟုတ်လဲ အမြဲ ကွဲနေတာပဲ မဟုတ်လား။ ခုခေတ်ကာလမှာက နည်းပညာဆိုတဲ့စကားလုံးကို တွင်တွင်ကျယ်ကျယ်သုံးစွဲနေကြတာကို တွေ့နိုင်ပါတယ်။ ပညာရပ်တစ်ခုခုလို့ပြောတဲ့အခါမှာတောင် ဘာ နည်းပညာ၊ ညာ နည်းပညာ ဆိုပြီးရှေ့က ပညာရပ်ကိုထည့်ပြီး နောက်က နည်းပညာကို ထည့်တတ်ကြတဲ့ခေတ်မဟုတ်လား။ နည်းပညာဆိုတာက နိုင်ငံအသီးသီးအတွက် လိုအပ်လှပေမယ့် ကျွန်တော်တို့နိုင်ငံမှာက နည်းပညာကို လိုအပ်တယ်လို့ မယူဆကြ သေးဘူးထင်ပါတယ်။ ကိုယ်တိုင်နည်းပညာနဲ့ ကိုယ်ပိုင်ထုတ်လုပ်နိုင်မှုကို အားပေးအားမြှောက်မပြုတာကို ကြည့်မယ်ဆိုရင် သူများနိုင်ငံတွေရဲ့ နည်းပညာတွေကိုပဲ အားကိုးနေဆဲပဲလို့လည်း ထင်မိပါတယ်။ ကျွန်တော့် ထင်မြင်ချက်သာလျှင်ဖြစ်ပါတယ်။ ဟုတ်ချင်မှလည်း ဟုတ်ပေမပေါ့။


Technology 2.png


စဉ်းစားမိတာလေးက နည်းပညာဆိုတာက နည်းစနစ် နဲ့ ပညာ ကို ပေါင်းထားတယ်လို့ထင်မိတာပါ။ နည်းစနစ် သိပေမယ့် ပညာ ဆိုတာနဲ့ မပေါင်းစပ်ရင် နည်းပညာ တတ်တယ်လို့ မဆိုနိုင်ဘူးလို့လည်း စဉ်းစားမိလို့ပါ။ နည်းစနစ်ကိုလည်း သေချာသိတယ်။ ပညာကိုလည်း အသုံးချတတ်တယ်ဆိုမှ နည်းပညာတတ်တယ်လို့ ယူဆမိ ခဲ့တယ်။ မှန်လေသလား။ မှားနေသလားတော့ မသိပါဘူး။ ဆရာဖြစ်သူက ဘယ်လို ဘယ်လိုလုပ်၊ ဒါကတော့ ဘယ်လိုခေါ်တယ်၊ ဒါကိုတော့ဘယ်လိုအသုံးပြုရတယ်ဆိုတာကို တပည့်တိုင်းကို သင်ကြားပေးလိုက်တယ် မဟုတ်လား။ ဒါပေမယ့် လက်တွေ့ဘ၀မှာ အဲဒီ ဆရာသင်ကြားပေးလိုက်တဲ့ နည်းစနစ်တွေကို အသိပညာတွေ နဲ့ပေါင်းစပ်ပြီး လက်တွေ့ကျကျ ဘယ်လောက်များများအသုံးချနိုင်သလဲဆိုတာပေါ်မှာ မူတည်ပြီး နည်းပညာ တတ်တယ် မတတ်ဘူး ဆိုတာကွဲပြားခြားနားသွားကြတာ မြင်ရပါလိမ့်မယ်။ ဘာကိုဘယ်လိုလုပ်ရမယ်ဆိုတာ ကတော့ နည်းစနစ်ဖြစ်ပါတယ်။ အလုပ်တိုင်းမှာ နည်းစနစ်ဆိုတာ ရှိတဲ့အတွက် သိကို သိရပါမယ်။ နည်းစနစ် မသိရင် ဘယ်အလုပ်မဆို အောင်မြင်ဖို့ဝေးစွ။ ကြက်ဥတောင် ကောင်းကောင်းမကြော်တတ်ဘူးလို့ ဆိုရပါမယ်။ ဆရာမပြရင် ငပိတောင်ကောင်းကောင်းမဖုတ်တတ်ဘူးလို့လည်းဆိုကြတယ်မဟုတ်လား။ နည်းစနစ်ဆိုတာ သိကိုသိရပါမယ်။ နားလည်ထား၊ တတ်ကျွမ်းထားရပါမယ်။ လက်တွေ့နယ်ပယ်မှာ အသုံးချတဲ့အခါမှသာ ပညာဆိုတာက ၀င်ရောက်လာတယ်လို့လည်း ထင်မိပါတယ်။ လက်တွေ့နယ်ပယ်မဟုတ်ရင် သီအိုရီနဲ့ အလုပ်တစ်ခုကို မလုပ်နိုင်ပါဘူးမဟုတ်လား။ သီအိုရီဆိုတာ နည်းစနစ်ပဲမဟုတ်လား။ သီအိုရီကို နားလည် တတ်ကျွမ်းထားရပါမယ်။ နည်းစနစ်ဖြစ်တဲ့ သီအိုရီကနေ လက်တွေ့နယ်ပယ်မှာ အသုံးချတဲ့အခါမှာ ပညာဆို တာရရှိလာခဲ့ကြရပါတယ်။ ပညာဆိုတာက ကျွန်တော်တို့နိုင်ငံမှာတော့ ပညာဆိုတဲ့အသုံးအနှုန်း တစ်ခုတည်းကိုပဲ ပြောတတ်ကြပါတယ်။ တကယ်တော့ ပညာဆိုတဲ့နေရာမှာ ကျွန်တော်နားလည်သလောက် ကတော့ အတတ်ပညာ နဲ့ အသိဥာဏ်ပညာ ဆိုတာ နှစ်မျိုးဖြစ်နိုင်ပါတယ်။ နိုင်ငံအများစုမှာလည်း သင်ကြားခဲ့တဲ့ပညာ နဲ့ အမှား အမှန်ကိုကောင်းကောင်း ဝေဖန်သုံးသပ်ဆုံးဖြတ်နိုင်တဲ့ပညာ ဆိုပြီး နှစ်မျိုးခွဲထားတတ်ကြပါတယ်။ မကွာခြားဘူးလို့တော့ ထင်ပါတယ်။ တကယ့်ပညာရှင်မဟုတ်လေတော့ ရမ်းသမ်းပြီး မှန်တယ် မှားတယ် မပြောရဲဘူးဗျ။


Technology 3.png


အတတ်ပညာဆိုတာက ကျွန်တော်နားလည်သလောက်ကတော့ ငယ်စဉ်ကလေးဘ၀ကနေ ဘွဲ့ရသည်အထိ သင်ကြားခဲ့တဲ့ လက်မှတ်ရ စက္ကူပေါ်ကအရည်အချင်းကို အတတ်ပညာလို့ ခေါ်တယ်လို့ ယူဆပါတယ်။ တကယ်တတ်သည်ဖြစ်စေ၊ တကယ်မတတ်သည်ဖြစ်စေ စာမေးပွဲအောင်ရင် လက်မှတ်ကတော့ ရမှာပဲမဟုတ်လား။ အသိဥာဏ်ပညာ ဆိုတာကလည်း ငယ်စဉ်ကလေးဘ၀ကတည်းက လေ့လာခဲ့ရတယ်။ သင်ကြားတယ်လို့တော့မပြောနိုင်ဘူး။ အဖေ အမေတို့ရဲ့ အကျင့်စရိုက်၊ ဆွေမျိုးသားချင်း အသိုင်းအ၀ိုင်းတို့ရဲ့ အကျင့်စရိုက်၊ သူငယ်ချင်းအပေါင်း အသင်းတို့ရဲ့ အကျင့်စရိုက်တွေကို မသိစိတ်ကနေ လေ့လာသင်ယူခဲ့ကြပါတယ်။ အဲဒီလို လေ့လာသင်ယူနေခဲ့ တာကို ကိုယ်တိုင်က သိချင်မှလည်း သိမယ်။ သိချင်ရင်လည်းသိနေမယ်။ ကောင်းတာတွေလည်းပါမယ်။ မကောင်းတာတွေလည်းပါမယ်။ အဲဒီ ကောင်းတာတွေ မကောင်းတာတွေကို သေသေချာချာ သုံးသပ် ဆုံးဖြတ် နိုင်မှသာ အသိဥာဏ်ပညာလို့ ခေါ်နိုင်မယ်ထင်ပါတယ်။ ဘ၀သံသရာဆိုတာကြီးကို ကျင်လည်နေရသမျှ ကာလပတ်လုံးအတွက်တော့ အတတ်ပညာဆိုတာထက် အသိဥာဏ်ပညာက ပိုပြီးအရေးပါလိမ့်မယ်လို့လည်း ထင်ပါတယ်။ ဒီလိုပြောလို့ အတတ်ပညာကအရေးမကြီးဘူးလို့ ဆိုတာမဟုတ်ဘူးနော်။ အတတ်ပညာ ဘယ်လောက်ပဲတတ်တတ် အသိဥာဏ်ပညာမပါရင် လောကကောင်းကျိုး ဆောင်ရွက်ဖို့မသေမချာ မရေမရာ ဖြစ်တတ်တဲ့သဘောကို ဆိုလိုတာပါ။ ကိုယ်တစ်ယောက်တည်းရဲ့ ကောင်းကျိုးတော့ ဆောင်ချင်ဆောင်နိုင်ပါလိမ့်မယ်။


Technology 4.png

ယနေ့နည်းပညာခေတ်ကြီးမှာ နည်းပညာတွေတိုးတက်လာတာကို ငြင်းဆိုလို့ မရနိုင်ပါဘူး။ နည်းပညာမရှိရင် ပင်ပန်းမယ်။ သူများထက် အောက်ကျနောက်ကျနေကြရမှာ အသေအချာပါပဲ။ နျူကလီးယားထိပ်ဖူးတပ် ဒုံးတွေနဲ့ တိုက်ခိုက်သူကို ငှက်ကြီးတောင်ဒါးနဲ့ ခုတ်လို့ဖြစ်ပါ့မလား။ နည်းပညာကို အသိဥာဏ်ရှိတဲ့လူသားများ သာမကပဲ အခြားသောသက်ရှိတွေမှာလည်း တိုးတက်အောင်လုပ်ကြတယ်လို့စာထဲမှာ ဖတ်ဖူးတယ်။ လူသားတွေတီထွင်တဲ့ နည်းပညာလောက်တော့အဆင်မြင့်လိမ့်မယ်မဟုတ်ဘူး။ နည်းပညာတွေကို တိုးတက် အောင်ပြုပြင်ကြရင်းနဲ့ လူသားတို့ကောင်းကျိုးတွေ ရရှိလာတာတွေရှိသလို ဆိုးကျိုးတွေခံစားလာကြရတာလည်း ရှိလာခဲ့တာပါပဲ။ တီထွင်ဖန်တီးချက်တွေမှာ အသိဥာဏ် ထည့်မသုံးခဲ့ရင်တော့ လူသားတွေကို အကျိုးပြုဖို့ထက် ဆိုးကျိုးတွေကို ဖြစ်ပေါ်စေမှာပါပဲ။ ဆရာကြီးဦးအောင်သင်းဟောပြောခဲ့တဲ့စကားလုံးလေးကို ထည့်သုံးခွင့်ပြုပါ။ ကြိုက်လွန်းလို့ မှန်လွန်းလို့ပါ။ ဆရာကြီး ဦးအောင်သင်းက ပြောလိုတာက

“သူများနိုင်ငံတွေက နည်းပညာနဲ့ လုပ်ရောင်းကြတာ၊ ကျွန်တော်တို့နိုင်ငံကတော့ ဘာနည်းပညာမှမရှိပဲ သယံဇာတ တူးပြီးရောင်းကြတာ။ ဒီတော့ နည်းပညာတတ်လို့ နည်းပညာနဲ့ ရောင်းစားတဲ့နိုင်ငံအနေနဲ့က ကုန်သွားတယ်မရှိနိုင်ဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ သယံဇာတကတော့ လေဥ ဥလို့ရတာ မဟုတ်ဘူးတဲ့။ နောက်ပြီး ကျွန်တော်တို့နိုင်ငံဟာ မြေပေါ် မြေအောက် သယံဇာတတွေ ပေါကြွယ်ဝသည် နဲ့ ဘာညာပေါ့” တဲ့။

ဂုဏ်ယူတယ်ပြောရမလား၊ နားကြားပြင်းကတ်တယ်ပြော ရမလားတော့မသိဘူး။ နောက်ထပ် ဆက်ပြောသေးသဗျို့။ မှတ်သားလောက်စရာစကာလုံးတွေမို့ မှတ်ထား လိုက်ကြပါအုံးအမျိုးတို့ရေ။

“ပေါတော့ ဘာလုပ်တတ်တုံး တဲ့။ ရေနံတောင်မတူးတတ်ဘူး တဲ့။ ထွက်သမျှအကုန် ဘာကုန်ချောမှ မလုပ်တတ်ကြတော့ ဒီအတိုင်းပို့လိုက်ရတာပဲ တဲ့။ ပြောရရင် ဘာနည်းပညာမှ မတတ်။ ကျွန်တော်တို့နိုင်ငံက ကုန်ကြမ်းအဖြစ်နဲ့ရောင်းလိုက်တယ်။ ၀ယ်သွားတဲ့နိုင်ငံတွေက ကုန်ချောလုပ်ပြီး ပြန်ရောင်းကြတယ်။ သူတို့က ကြာလေ ချမ်းသာလေပဲ။ ကျွန်တော်တို့က ကြလေမွဲလေပဲ တဲ့။”
နောက်ပြီး “နိုင်ငံခြား ၀င်ငွေဆိုပြီးတော့ အော်နေကြသေးတယ်။ ဘာလုပ်အားမှမစိုက်ပဲ ရှိတဲ့ပစ္စည်းကို ရောင်းစားကြတာ ၀င်ငွေလား တဲ့။ ဂုဏ်ယူစရာမဟုတ်တာကို ကြံဖန် ဂုဏ်ယူနေတာ တဲ့။”

နောက်ပြောသွားတာကတော့

“ကောင်းတော့ကောင်းတယ်။ ဘာကောင်းတာလည်းဆိုတော့ ရှက်ဖို့ကောင်းတာပေါ့ကွာ တဲ့”

ပညာ နဲ့ နည်းစနစ်မတတ်ရင် သို့မဟုတ် နည်းပညာမတတ်ခဲ့ရင် ဆရာကြီးပြောသလိုပဲ “ကောင်းတော့ကောင်းတယ်” အဖြစ်ကနေ ရှေ့ဆက်တိုးနိုင်ကြလိမ့်မယ်မဟုတ်ကြောင်း အကြံပြုရင်း၊ အနာဂတ်လူငယ်များအနေနဲ့ အသိပညာမဲ့သောအဖြစ် မရောက်ကြပဲ အတတ်ပညာ ရော အသိဥာဏ်ပညာပါ တိုးတက်ကြပါစေလို့ ရေးသားရင်း ရပ်နားလိုက်ပါတယ်ခင်ဗျာ။

စာရေးသူ(Author)___

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

1-5-2019 ဗုဒ္ဓဟူးနေ့(Wednesday)