နှုတ်ကျင့်တရား
ချစ်မိတ်ဆွေအပေါင်း မင်္ဂလာပါအပေါင်းနဲ့ပြည့်စုံကြပါစေ…
စာမရေးနိုင်ဖြစ်နေပြန်ပါတယ်။ စာရေးမယ်ကြံမိပြန်တော့ဖုန်းကပျက် ကွန်ပြူတာကပျက်နဲ့ ဆိုတော့ စိတ်ကူးလေးပေါက်လိုက် ပေါက်တဲ့စိတ်ကူးပျောက်သွားလိုက်နဲ့ပေါ့လေ။ ကိုဗစ်ကာလဖြစ်လေတော့ လူကတော့အားနေတယ်။ ဖုန်းနဲ့ကွန်ပြူတာက ပျက်နေတော့ စာရေးတင်ဖို့အဆင်မပြေပြန်ဘူး။ သင်္ခါရလောကကြီးမဟုတ်လား။ မပျက်ဘယ်ခံနိုင်လိမ့်မတုံး။ လူကအားနေလေတော့ ဖုန်းပွတ်လိုက် ကွန်ပြူတာနှိပ်လိုက်ဆိုတော့ ပျက်ရှာပြီပေါ့လေ။ ခုလည်း ဖုန်းရော ကွန်ပြူတာမကောင်းသေးပေမယ့် စာရေးချင်စိတ်ပေါက်လာလို့ ရှိတဲ့ ဖုန်းစုတ်ကလေးနဲ့ မရရအောင် ရေးလိုက်မိတာပါပဲ။ တော်ပါပြီ ဒီဖုန်းစုတ်ကြီးကို ဆိုတဲ့သီချင်းထဲကလို အော်ရမလိုပဲ။ အတော်လက်ပေါက်ကပ်တဲ့ဖုန်းစုတ်ကြီးပါ။ စာရေးချင်တဲ့ အာသီသကတစ်မျိုး၊ ဟိုက်မြန်မာအဖွဲ့သားများရဲ့ သံယောဇဉ်ကတစ်ဖုံဆိုတော့ လေးဖြူအော်သလို **သံယောဇဉ် သံယောဇဉ် **လို့ပဲအော်လိုက်ရတော့မှာပဲ။ အဲ-ရေးလိုတဲ့အကြောင်းအရာလေးတောင်ပျောက်တော့မယ်။ ဒီနေ့စိတ်ကူးပေါက်လို့ ရေးချင်မိတာက လူအများစုက ကိုယ်ကျင့်တရားကောင်းဖို့ ကိုယ်ကျင့်တရားစောင့်ထိန်းကြဖို့ စသဖြင့် ကိုယ်ကျင့်တရားကိုပဲ ပြောနေတတ်ကြလို့ ကျန်နေတဲ့ တရားနှစ်ပါးကိုလည်း သိရှိစေချင်ပါတယ်။ စာအရှည်ကြီးရေးဖို့ကလည်းအဆင်မပြေလေတော့ အမြည်းသဘော လောက်ပဲ ရေးတင်လိုက်ပါတယ်။ ပြောကြတာကိုက ကိုယ်ကျင့်တရားပါ။ ကိုယ်ခန္ဓာကြီးကို စောင့်ထိန်းရတဲ့တရားပါပဲ။ ကျန်တဲ့ နှုတ်ကစောင့်ထိန်းရမယ့် နှုတ်ကျင့်တရား နဲ့ စိတ်ကစောင့်ထိန်းရမယ့် စိတ်ကျင့်တရားလေးတွေကိုလည်း စောင့်ထိန်းရမယ်မဟုတ်ပါလား။ ကိုယ် နှုတ် စိတ် သုံးမျိုးစလုံးကို ထိန်းသိမ်း မှ မကောင်းမှုကနေရှောင်ရှားနိုင်ကြမှာမဟုတ်ပါလား။ ကိုယ်ထိလက်ရောက် တော့မကျူးလွန်ပဲ နှုတ်ကလည်း ကျိန်ဆဲ၊ စိတ်ကလည်း ပြစ်မှားနေရင် မကောင်းမှုတွေဖြစ်နေအုံးမှာပါပဲ။ စဉ်းစားမိပြီးအတွေးပေါက်လို့ ထွက်ပေါက်တစ်ခုအဖြစ် စာရေးတင်ခြင်းဖြစ်လို့ မှန်တယ် မှားတယ်ဆိုတာကိုတော့ မဆုံးဖြတ်နိုင်ဘူး။ ကိုယ်တိုင်သာ ဆုံးဖြတ်ကြပါတော့။
ကိုယ်ကျင့်တရားက ဆရာ့ ဆရာတွေလက်ထက်ကတည်းက အမျိုးမျိုးအဖုံဖုံ ရေးသားထားခဲ့ကြတာဖြစ်လေတော့ နှုတ်ကျင့်တရား ဆိုတဲ့အကြောင်းကို အနည်းငယ်လောက်အောက်မှာရေးလိုက်ပါတယ်။ နှုတ်ကနေ ကျင့်ရမယ့်တရားတွေကို နှုတ်ကျင့်တရားပေါ့။ ဒီတရားကို မစောင့်ထိန်းတဲ့သူက ကျွန်တော်အပါအဝင် လူများစု ဖြစ်မယ်ထင်ပါတယ်။ နှုတ်ကိုမစောင့်ထိန်းပဲ ပြောချင်ရာ ပြောတတ်ကြတာကိုး။ နှုတ်ကပြောရတာကလည်းအင်မတန်လွယ်ကူတာကိုး။ နှုတ်ကျင့်တရားကို မစောင့်ထိန်းလို့ ဒုက္ခရောက်တဲ့ သာဓကတွေကလည်း အများအပြားရှိခဲ့ကြတာပဲ။ ငါးပါးသီလထဲမှာကလည်း အားလုံးကို ခြုံပြီးတော့ မုသာဝါဒကံ ကိုပဲ ဖော်ပြထားတာဖြစ်လေတော့ ကျ္နန်တော်အပါအ၀◌င် လူအများစုကတော့ မုသာဝါဒကံ ကိုပဲစောင့်ထိန်းဖို့ ကြိုးစားကြတာများပါတယ်။ နှုတ်ကျင့်တရားကို စောင့်ထိန်းဖို့အတွက်ဆိုရင်တော့ လိမ်မပြောတာလောက်နဲ့တော့ မရတော့ပါဘူး။ နှုတ်ကျင့်တရားကိုစောင့်ထိန်းဖို့အတွက် ကိုယ့်နှုတ်ကထွက်လိုက်တဲ့စကားတွေဟာ
- (၁) မှန်ကန်မှုရှိရပါမယ်
- (၂) ရိုးသားမှုရှိရပါမယ်
- (၃) ချိုချိုသာသာပြောရပါမယ်(ကုန်းတိုက် ကုန်းချောစကားကို ချိုချိုသာသာပြောတတ်ကြပါသေးတယ်)
- (၄) မိမိ သူတစ်ပါး တစ်ဉီးဉီး အကျိုးရှိတဲ့စကားဖြစ်ရပါမယ်(အကျိုးမဲ့စေမယ့်စကားမပြောရပါဘူး)
- (၅) အသက်အရွယ် ရာထူး ဂုဏ်အလိုက် ယဉ်ယဉ်ကျေးကျေးပြောရပါမယ်
- (၆) စိတ်ဝမ်းကွဲစေမယ့်စကား မညီမညွတ်ဖြစ်စေမယ့်စကားကိုမပြောရပါဘူး
အပေါ်ကအချက်တွေကို ရှောင်ကြဉ်ခြင်းက စိတ်ကျင့်တရားကို ကျင့်သုံးနေထိုင်ခြင်းလို့ဆိုနိုင်ကြောင်း ဖတ်ရှုမှတ်သားမိသမျှ ဖောက်သည်ချလိုက်ရပါကြောင်း ချစ်မိတ်ဆွေအပေါင်းတို့
ကိုဗစ်ကာလကို နှုတ်ကျင့်တရား ကျင့်ရင်း အကျိုးရှိရှိဖြတ်ကျော်နိုင်ကြပါစေ…..
ကမ္ဘာသူ ကမ္ဘာသားအပေါင်း
မြန်မာပြည်သူ မြန်မာပြည်သားအပေါင်း
ကျန်းမာ ချမ်းသာ ဘေးယယာဝေးကွာပြီး
ကိုဗစ်ကပ်ရောဂါဘေးက အလျင်အမြန်လွတ်ကင်းနိုင်ကြပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်