နေရိပ်ကိုလိုချင်ရင်

အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ…..

အချိန်နဲ့အမျှပြောင်းလဲနေတဲ့ခေတ်ကာလကြီးမှာ ကျွန်တော်တို့မွေးဖွားကြီးပြင်းလာကြရတယ်… အချိန်နဲ့အမျှလည်းပြောင်းလဲနေတာအမှန်… လက်ခံကျင့်သုံးသင့်တဲ့အယူအဆကို ဆက်လက်ကျင့်သုံး ကြသလို ခေတ်နဲ့မလျော်ညီတဲ့အယူအဆတွေကျင့်သုံးမှုတွေကိုတော့ ဖယ်ရှားပစ်ကြရတယ်… ဒါမှလည်း ခေတ်ကာလနဲ့ အညီဖွံ့ဖြိုးတိုးတက်လာမယ်မဟုတ်လား… ခေတ်မမီ ခေတ်နဲ့မညီတဲ့ တွေးခေါ်ယူဆချက်တွေကို အသေဆုပ်ကိုင် ထားခြင်းက သင့်လျော်မှန်ကန်မှုမရှိနိုင်သလို ဖွံ့ဖြိုးတိုးတက်မှုလည်း နှောင့်နှေးသွားနိုင်ပါတယ်… အချို့အရာတွေက ကိုယ်ဉာဏ်မမှီတိုင်းလည်း ခေတ်မမီတော့တာမဟုတ်ဘူး… ခေတ်နဲ့မလျော်ညီတော့တာ မဟုတ်ဘူး… ယနေ့ခေတ်ကာလမှာ လုပ်ငန်းဆောင်ရွက်လုပ်ကိုင်နေကြရတဲ့သူတိုင်းဟာ “စွန့်စားမှု” ကိုဘေးဖယ်ထားလို့မရပါဘူး… လုပ်ငန်းအကြီးအသေးအလိုက် စွန့်စားမှုအနည်းအများပဲကွာပါလိမ့်မယ်… Online နဲ့အလုပ်လုပ်နေလို့ ယုံကြည်ဖို့မဖြစ်နိုင်ဘူးဆိုတာကတော့ ခေတ်နောက်ပြန်ဆွဲနေတဲ့အယူအဆပဲ ဖြစ်လိမ့်မယ်… လိမ်ချင်ကောက်ချင်တဲ့သူတွေက Online လုပ်မှလိမ်ကြကောက်ကြမှာမှမဟုတ်… အပြင်မှာလည်း လိမ်ကြကောက်ကြမှာပဲ… မလိမ်ချင်မကောက်ချင်တဲ့သူတွေကလည်း ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် လိမ်ကြကောက်ကြလိမ့်မယ်မဟုတ်ဘူး… Online ဆိုတာကြီးက ပိုပြီးလိမ်ဖို့ကောက်ဖို့လွယ်ကူတာ ကိုတော့ ဝန်ခံရမှာပဲ… အထက်ကပြောခဲ့သလိုပဲ… လိမ်ချင်သူက လိမ်ကိုလိမ်မှာပါ… ခိုးချင်သူကလည်း ခိုးကိုခိုးမှာပါ… မလိမ်ချင် မခိုးချင်တဲ့သူကလည်း မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်မှာပဲ… ဒါက အမှန်တရား တစ်ခုပဲ… ငွေမရှိတဲ့သူတိုင်းဟာ လူဆိုး သူခိုးတွေမဟုတ်သလို ငွေရှိတဲ့သူတိုင်း ကလည်း လူကောင်းတွေမဟုတ်နိုင်ပါဘူး… ဘာနဲ့ဆိုင်နေသလဲဆိုရင်တော့ ကိုယ်ကျင့်တရားကောင်းခြင်း၊ မကောင်းခြင်းနဲ့ပဲဆိုင်ပါလိမ့်မယ်… ဘယ်သူဖြစ်လို့ဆိုတာနဲ့တော့မဆိုင်…


Under Tree copy.png


စွန့်စားလုပ်ကိုင်မှုဆိုတာ လုပ်ငန်းတစ်ခုခုကို လုပ်ကိုင်နေရသူတိုင်း တွေ့ဆုံနေရတဲ့ အရာတစ်ခုဖြစ်ပါတယ်… လုပ်ငန်းတိုင်းမှာလည်း စွန့်စားမှုဆိုတာက အနည်းနဲ့အများပါရှိပြီးသား… လုပ်နေကျလုပ်ငန်းတစ်ခုမဟုတ်တဲ့ လုပ်ငန်းမျိုးကိုလုပ်ကိုင်တော့မယ်ဆိုရင်တော့ စွန့်စားမှုကပိုမိုကြီးမားပါတယ်… ဒီလိုလုပ်ငန်းအသစ်တစ်ခုကို ထိုးဖောက်လုပ်ကိုင်တော့မယ်ဆိုရင်တော့ အတွေးအခေါ်အယူအဆအဟောင်းတွေကို ဖောက်ထွက်ပြီးလုပ်ကိုင် ရပါလိမ့်မယ်… တော်ရုံစွန့်စားမှု တော်ရုံစွမ်းရည်သတ္တိမျိုးနဲ့တော့မဖြစ်နိုင်ဘူး… အသစ်တစ်ခုကို ဖော်ဆောင် ထိုးဖောက်ချင်သူတစ်ယောက်အတွက် စွန့်စားရမယ်၊ ကိုယ့်ရည်မှန်းချက်လမ်းကြောင်းကို မမှိတ်မသုန်မသွေဖယ်ပဲ ရဲရဲရင့်ရင့်လျှောက်လှမ်းရပါလိမ့်မယ်… ဒီလိုလူမျိုးတွေဟာ ခေတ်စကားနဲ့ပြောရမယ်ဆိုရင်တော့ “စွန့်ဉီးတီထွင်သမား” တွေလို့ဆိုနိုင်မယ်ထင်ပါတယ်… စွမ်းဆောင်ရည်ပြည့်ဝရမယ်… ထိုးဖောက်ရဲတဲ့သတ္တိ ရှိရမယ်… ဖြစ်ချင်ရာဖြစ်ဆိုတဲ့စိတ်မျိုးမဟုတ်ပဲ ပန်းတိုင်တိတိကျကျရှိနေတတ်တယ်… စူးစမ်း လေ့လာပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ကြပါတယ်… မျက်ကန်းတစ္ဆေမကြောက် ဆင်ကန်းတောတိုး ဆိုသလို ကမူးရူးထိုး တဇွတ်ထိုးလုပ်ဆောင်ကြတဲ့သူတွေမဟုတ်ကြောင်းတွေ့နိုင်ပါတယ်… ရှေးစကားဖြစ်တဲ့ နေရိပ်ကိုလိုချင်ရင် နေပူထဲကစောင့် ဆိုတာကို လက်ခံခြင်းမရှိပဲ ချိုးဖောက်ပြီး နေရိပ်ကိုလိုချင်ရင် နေရိပ်ရှိရာကိုသွား ဆိုတဲ့ လူစားမျိုးများဖြစ်ပါကြောင်းရေးသားလိုက်ရပါတယ်…


ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ 💖💖💖


@ansoe 25-May-2020(Monday)


HIVE LOGO ansoe myanmar.png