နားလည်မှုမလွဲစေချင်
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ…..
နားလည်မှုလွဲမှားတဲ့အတွက် မဖြစ်သင့် မဖြစ်ထိုက်တဲ့အရာတွေ ဖြစ်တတ်ကြပါတယ်။ လူတိုင်းလည်း နားလည်မှု လွဲမှားရင် အမှားအယွင်းများနဲ့ဆုံတွေ့ရတတ်တာကို သိကြပါတယ်။ သို့ပေမယ့်လည်း တွေဝေမိုက်မဲတတ်တဲ့ မောဟနဲ့ ဒေါသတို့ပေါင်းစပ်လာတဲ့အခါမှာ ပင်ကိုယ်အသိစိတ်ကဆင်ခြင်နိုင်စွမ်းမဲ့သွားတတ်ပါတယ်။ အဲဒီလို စဉ်းစားဆင်ခြင်နိုင်တဲ့စိတ်မဲ့သွားတာကလည်း အချိန်အတိုင်းအတာအားဖြင့် ခဏတာလေးပါပဲ။ အဲဒီခဏဆိုတဲ့ အတိုင်းအတာလေးတစ်ခုအတွင်းမှာပဲ လူသတ်မှု၊ လူသေမှုဆိုတာတွေဖြစ်ကုန်တတ်ကြတာပါပဲ။ အသိဉာဏ် ပြန်လည်ဝင်ရောက်ချိန်ရတဲ့အခါရှိသလို အသိပြန်လည်မလာနိုင်တော့ပဲ သေဆုံးသွားခဲ့ကြရတာတွေလည်း အများကြီးပါ။ ယခုခေတ်ကာလမှာ လူကြီး လူငယ်အများစုဟာ ကိုယ်ကျင့်သီလမလုံခြုံတော့ပါဘူး။ အသိဉာဏ်ဆင်ခြင်တုံတရားတို့လည်း တဖြည်းဖြည်းဆုတ်ယုတ်လာကုန်ကြတာကို မြင်တွေ့နေရပါတယ်။ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်၊ သံဃာနဲ့လူ အပြန်အလှန်လေးစားမှု နားလည်မှုတွေကလည်း နည်းပါးလာ ပါတယ်။ အခုရေးလိုတာကတော့ မိဘနဲ့သားသမီး နားလည်မှုလွဲမှားကာ ရင်ကွဲပက်လက်ဖြစ်ကြရတဲ့ အရာတွေကို မျက်မြင်ထင်ရှား မကြာခဏမြင်နေရပါတယ်။ မြင်ရကြားရတဲ့လူများကတော့ စုတ်တသပ်သပ်နဲ့သာ မဖြစ်သင့် မဖြစ်ထိုက်ကြောင်း ကိုသာ ပြောဆိုနိုင်ကြတဲ့အဖြစ်သာတတ်နိုင်ကြပါတယ်။ တံတားနှစ်စင်းနဲ့ အလွန်လှပတဲ့ ကျွန်တော်တို့ရဲ့ ရွှေစစ်ကိုင်းမြို့မှာ မကြာခဏဖြစ်တတ်တဲ့ အရာတစ်ခုကလည်း တံတားနှစ်စင်းကို အကျည်းတန်စေခဲ့ပါတယ်။ နားလည်မှုလွဲမှားတာကခဏတာသာဖြစ်ပေမယ့် ဒေါသကတွန်းအားပေးပြီး မောဟအမှောင်တိုက်ထဲတိုးဝင်မိတော့ ခဏတာအချိန်တိုအတွင်း တံတားနှစ်စင်းပေါ်က ခုန်ချသတ်သေဖို့ ဆုံးဖြတ်ခဲ့ကြတဲ့သူတွေမနည်းတော့ဘူး။ သေလည်းသေကုန်ကြတာပဲ။ ဧရာဝတီမြစ်ပြင်ဟာလည်း လူတို့အဆုံးစီရင်ရာဖြစ်နေပါပကောလား။ ယနေ့ခေတ်ကာလမှာ မိဘကသားသမီးကို ဆုံးမပဲ့ပြင်ခွင့်ပဲမရှိသလိုလို၊ ဆုံးမပြန်ရင်လည်း ဆုံးမတဲ့သူက မှားယွင်းနေသလိုလိုနဲ့ မိဘတွေကိုသာအပြစ်တင်ချင်ကြတဲ့ခေတ်ကိုရောက်နေ တာ စိတ်မကောင်းစရာပါပဲ။
၂၀၂၀ ခုနှစ်၊ မေလ(၂၄)ရက်နေ့က စစ်ကိုင်းမြို့ရဲ့တစ်ဖက်ကမ်း အင်းဝမြို့က အမွှာညီမနှစ်ဉီးကို ဖခင်ဖြစ်သူက ဆုံးမသွန်သင်ခဲ့ရာမှာ သမီးဖြစ်သူများက မည်သို့မည်ပုံ နားလည်မှုလွဲမှားခဲ့လေသည်တော့မသိ။ စစ်ကိုင်း-အင်းဝ တံတားပေါ်ကနေခုန်ချသွားတဲ့လို့ သိရပါတယ်။ ညီအစ်မနှစ်ဉီးစလုံးခုန်ချတာလား ဆိုတာကတော့ သို့လော သို့လောဖြစ်နေကြဆဲပါ။ ဒီကနေ့(၂၆-၅-၂၀၂၀)မနက်(၁၀)နာရီဝန်းကျင်လောက်မှာတော့ကယ်ဆယ်ရေးအဖွဲ့များက တစ်ယောက်ရဲ့အလောင်းကိုမြစ်ထဲကနေဆယ်ယူပြီး ဆေးရုံကိုပို့ဆောင်ပေးခဲ့ကြပါသတဲ့။ ကျန်ညီအစ်မတစ်ယောက်ကတော့ ရုပ်အလောင်းလည်းရှာမတွေ့သေးတော့ သေသည်ရှင်သည်မသိရသေးပါပေါ့။ ရေးလိုတာက သူတို့အကြောင်းမဟုတ်၊ မိဘနဲ့သားသမီးကြားမှာ ဆိုဆုံးမမှုကို ခံယူစရာမလိုဘူးလို့များ ယနေ့ခေတ်သားသမီးများက ခံယူထားလေသည်လားတော့မသိပါ။ ခေတ်ကာလရဲ့ သားပျို သမီးပျိုများဟာ မိဘဆိုဆုံးမမှုကို မနာယူလိုတဲ့ သားပျို သမီးပျိုများကသာများနေတာကိုတော့ မြင်တွေ့နေရပါတယ်။ ဆိုတော့ကာ ယနေ့ခေတ်မိဘများအနေနဲ့ သားသမီးများရဲ့ ဆိုဆုံးမမှုကိုပင် ခံယူကြရလေတော့မလားမသိ။ အရာရာတိုင်းမှာ မိဘများကသာမှန်တယ်လို့ ဆိုလိုချင်တာမဟုတ်ပါ။ မိဘနဲ့သားသမီးကြားမှာ နားလည်မှုလွဲစေတတ်ပြီး ရင်ကွဲပက်လက်ဖြစ်တတ်ကြတာကို သတိပြုစေချင်တာပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာကတော့ မိဘဆိုတာကို ဘုရားနဲ့တဂိုဏ်းထဲမှာ ထည့်သွင်းထားတာကိုလည်း သားသမီးများအနေနဲ့ သတိပြုသင့်ပါတယ်။ မိဘကလည်း အစွဲကြီးပြီး ** “ငါမိဘ၊ ငါပြောတာနားထောင်ရမယ်” ** ဆိုပြီးတစ်ချက်လွှတ်အမိန့်နဲ့ မသိမ်းပိုက်သင့်သလို သားသမီးများကလည်း မိဘတွေကို “ဘာမှလည်းမသိ ဘာမှလည်းမတတ်ပဲ” ဆိုတဲ့စိတ်နဲ့ မလေးမစား မဆက်ဆံသင့်ပါဘူး။ မိဘဖြစ်သူများအနေနဲ့ သားသမီးတွေကို “ငါတို့ပိုင်ပဲဆိုပြီးမသိမ်းပိုက်သင့်” သလို သားသမီးများကလည်း မိဘတွေရဲ့ ဆုံးမသွန်သင်မှုကို “အမြဲလိုနှိပ်ကွပ်ခံနေရတယ် အပြစ်ရှာနေကြတယ်” လို့ မမှတ်ယူသင့်ပါဘူး။ ဒါဆိုရင်ထိုက်သင့်သလောက်တော့ နားလည်မှုလွဲမှားနေတာတွေလျော့နည်းသွားမယ်ထင်ပါတယ်။ ** ပြောလိုရေးလိုတာတွေကတော့အများကြီးရှိနေပေမယ့်နောက်နေ့များမှပဲရေးတင်တော့မယ်။