မရှင်းလင်း မသေချာ အတွေးကမ္ဘာ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ခုရက်ပိုင်း ကျွန်တော်တို့ရဲ့ Steemit Platform ကြီးမှာ ရုတ်ရုတ်သဲသဲနဲ့ အသံတွေဆူညံနေပါတယ်။ ဘာသံတွေ လည်းဆိုတာကတော့ အထွေအထူးပြောနေစရာလိုမယ်မထင်ပါဘူး။ ဟိုနေရာ ဒီနေရာ နေရာအနှံ့အပြားမှာ ထွက်ပေါ်နေတဲ့အသံတွေက Downvote ကိစ္စပဲဖြစ်ပါတယ်။ ဒီနေရာမှာ အများစုက ကျွန်တော်တို့ရဲ့ မြန်မာအဖွဲ့သားတွေဖြစ်နေတာဖြစ်နေတဲ့အတွက် ဒေါသဖြစ်တာရော ၀မ်းနည်းတာရော နှမြောမိတာရော အားလုံးစုပေါင်းပြီး ခံစားမိခဲ့ပါတယ်။ ပြောလိုဆိုလိုပေမယ့် ကိုယ်တိုင်ဖြေရှင်းမှ အဆင်ပြေမယ်လို့ပြောထားတဲ့ အတွက် ကိုယ်လည်း ၀င်မပြောသာ၊ တကယ်တော့ အဲဒီလိုသွားပြီး ဖြေရှင်းဖို့ဆိုတာက English လို ကျွမ်းကျွမ်းကျင်ကျင် ရေးပြီးပြောနိုင်မှ အဆင်ပြေမှာဖြစ်လေတော့ English လိုမကျွမ်းကျင်တဲ့ ကျွန်တော့်အဖို့ တော့ ဒါဟာ လွယ်ကူတဲ့အရာတော့မဟုတ်ပါ။ သူများအတွက်ပြောပေးဖို့နေနေသာသာ ကိုယ်ဆီ Downvote လာခဲ့ရင် ဘယ်လို ဖြေရှင်းရမယ်ဆိုတာ မသိ။ ဒါလည်း အခက်အခဲတစ်ခုဖြစ်မှာပါပဲ။ မလာပါစေနဲ့လို့ပဲ ဆုတောင်းမိပါတယ်။ ဘယ်နေ့ ဘယ်အချိန် ကိုယ့်ဆီရောက်လာမလဲ၊ ရောက်လဲခဲ့ရင် ဘယ်လိုနည်းနဲ့ ဖြေရှင်းရ မလဲဆိုတာကလည်း ကြိုတင်စဉ်းစားချက်လုပ်ထားရအုံးမယ်။ ဒါမှလာခဲ့ရင် ဖြေရှင်းနိုင်ဖို့ အဆင်ပြေနိုင်မယ်ဗျို့။ တကယ်လို့များ သူပြောကိုယ်နားမလည် ကိုယ်ပြောတာ သူအဓိပ္ပာယ်မပေါက်ခဲ့ရင်တော့ ကန်ထုတ်ခံရမှာလည်း ထည့်တွက်ထားရပါသေးတယ်။ ဒီလိုဆိုရင် ဘယ်လိုဆက်ပြီးဖြေရှင်းရမလဲ။ ကြားဝင်တာလက်မခံတော့ နောက်တစ်ဦးသွားရင် နောက်တစ်ဦးကို ကန်ထုတ်လိုက်အုံးမှာပဲမဟုတ်လား။ ဒါကနည်းမှန် လမ်းမှန်လို့ မထင်ပါဘူး။ ဌာနကြီးတစ်ခုမှာ အောက်ဆုံးက သန့်ရှင်းရေးဝန်ထမ်း နဲ့ ထိပ်ဆုံးက အကြီးအကဲ ပြဿနာဖြေရှင်းနေရသလိုပဲ ဖြစ်နေမယ်ထင်တယ်။ ထင်တာပြောတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဆီတော့ ခုချိန်ထိ Downvote မလာသေးတော့ နေသာတယ်လို့ဆိုနိုင်မပေမယ့် မနေနိုင်ပဲ ကြားကနေ လျောက်ပြီး ပူပန် စိုးရိမ်နေတာလားလို့ တွေးမိသေးပေမယ့် ကိုယ့်မြန်မာတွေ အများစုကို Downvote လာနေတော့ စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပဲ။ စိတ်မကောင်းဖြစ်တာကလွဲပြီး ဘာများ တတ်နိုင်လို့တုံးလို့ စဉ်းစားမိတော့လည်း ဘာမှ တတ်နိုင်ပါဘူးလေ။ သူတို့ရဲ့ နည်းလမ်းတွေက မှန်ကန်နေပြီး အဖွဲ့သားများကတော့ အမြဲမှားနေသလိုဖြစ်နေမယ်ဆိုရင်တော့ ဒါက နည်းမှန် လမ်းမှန် မဟုတ်တော့ပါဘူး။ နည်းမမှန် လမ်းမမှန်ဖြစ်သွားမယ်။ မမှန်မကန် တကယ်လုပ်ကြလို့ Downvote အပြခံရတဲ့သူတွေကိုတော့ သနားစရာ၊ ၀မ်းနည်းစရာ မဟုတ်ဘူး။ ၀မ်းလည်းမနည်းပါဘူး။ မှန်ကန်နေပါလျက်နဲ့ ဖြေရှင်းမရတဲ့သူ ဖြစ်နေခဲ့ မယ်ဆိုရင် အင်မတန်ဝမ်းနည်းစရာကောင်းသလို ခံရတဲ့သူအတွက်လည်း နစ်နာဆုံးရှုံးမှုတွေ အများကြီးဖြစ်သွား ပါလိမ့်မယ်။ နှစ်ဦး နှစ်ဖက် အဆင်ပြေအောင် စဉ်းစားပြီး လုပ်ခဲ့တဲ့နည်းဆိုရင် နည်းမှန် လမ်းမှန်ဖြစ်မှာပါ။ ကိုယ်ပဲမှန်တယ်လို့ ယူဆထားတဲ့ ဆွေးနွေးပွဲအတွက်တော့ နည်းမမှန် လမ်းမမှန်ပဲဖြစ်မှာပါ။ နည်းမမှန် လမ်းမမှန် တနည်းအားဖြင့်ဆိုရင် နည်းမှားတွေကို နည်းမှန်တွေလို့ ယူဆပြီး လုပ်ကိုင်ဆောင်ရွက်နေတာဆိုရင် အဲဒါကို လူမိုက်လို့ ခေါ်ဆိုနိုင်ပါလိမ့်မယ်။ ကျွန်တော် MSC ရဲ့ ဆာဒွန်ကတော့ ဖြေရှင်းလို့ ပြေလည်သွားပြီလို့ ပြောတဲ့အတွက်လည်း ၀မ်းသာမိပါတယ်ဗျာ။
ကံဇာတာ ညှိုးမှိန်လာတဲ့လူတွေဆီကို ပျက်စီးခြင်းကဦးတည်လာနေပြီ ဆိုရင် နည်းလွဲ နည်းမှားတွေကို နည်းမှန် လမ်းမှန်လို့ မြင်နေတတ်ကြတယ်။ ဒါကို လူတွေအနေနဲ့ ဘယ်လို သမုတ်သလဲဆိုရင်တော့ ကံဆိုးတယ်လို့ခေါ်ဆိုကြလေရဲ့။ လူမိုက်ဆိုရင် ဓားကိုင် သေနတ်ကိုင် ဆဲ ဆို သောင်းကျန်းနေတဲ့သူလောက် ပဲသိခဲ့တယ်။ ဒီထက်ပိုမသိခဲ့ဘူး။ လူမိုက်ဆိုတာ ဘာလဲ သေချာမသိခဲ့တာအမှန်ပါပဲ။ လူမိုက်ဆိုတာ ဘာကိုခေါ် မှန်း မသိခဲ့ပါဘူး။ လူမိုက်ကိုရှောင်ပါတဲ့။ လူမိုက်ဆိုတာ ဘာမှန်းမသိပဲ ဘယ်လိုသွားရှောင်ရမှန်းလည်း မသိခဲ့ပါ။
လူမိုက်ဆိုတာ နည်းလမ်း မဟုတ်တာတွေ နည်းမမှန် လမ်းမမှန်တွေကို နည်းမှန် လမ်းမှန်လို့ ယူဆပြီးတော့ လုပ်တတ် ကိုင်တတ်တယ်။
အဲဒီလို သူတို့လုပ်နေတဲ့ မမှန် မကန် နည်းလမ်းအမှားတွေကိုလည်း အခြားသူတွေကို လိုက်လုပ်စေတတ် တယ်။ ကျင့်သုံး လုပ်ဆောင်စေတတ်တယ်
အဲဒီလို သူတို့လုပ်ဆောင်နေတဲ့ နည်းမမှန် လမ်းမမှန် နည်းလမ်းအမှားကြီးတွေကို အလွန်အင်မတန် တန်ဖိုး ထားတတ်ကြတယ်
နည်းမှန် လမ်းမှန်ကို နားလည်တဲ့သူ တတ်ကျွမ်းတဲ့သူတွေက နည်းလမ်း အမှားကြီးပါ ဒါမှမဟုတ် မှားနေတယ် လို့ပြောခဲ့မယ်ဆိုရင် သူတို့ အလွန်အင်မတန် တန်ဖိုးထားတဲ့နည်းလမ်းကြီးကို ဝေဖန်တာဖြစ်တဲ့ အတွက် သည်းမခံနိုင်ဖြစ်ပြီးတော့လည်း အလွန်အင်မတန် စိတ်ဆိုး ဒေါသထွက်တတ်ကြတယ်
အဲဒါတွေက လူမိုက် လက္ခဏာတွေပဲလို့ အကိတ္တိ ရသေ့ဇာတ်တော်ကြီးမှာ ဟောကြားထားခဲ့ပါတယ်တယ်။ လူမိုက်ဆိုတာဘာလဲသိရင် ကိုယ်က လူမိုက် ဟုတ် မဟုတ် ဆန်းစစ်ကြည့်မိတော့လည်း ဇဝေဇ၀ါပါပဲဗျာ။ ကိုယ်က လူမိုက်ဖြစ်နေသလား လူမိုက်မဖြစ်ဘူးလားဆိုတာ မသေချာ မရေမရာဖြစ်နေတုံးပဲဖြစ်ကြောင်း ရေးရင်း ရပ်နားလိုက်ပါတယ်။
ရေးသားသူ (Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
3-7-2019 ဗုဒ္ဓဟူးနေ့(Wednesday)