မမေ့ပါနဲ့

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ကျွန်တော်အပါအ၀င် အများစုသောလူတွေဟာ အလွန်အရေးကြီးတဲ့အရာတွေ၊ မရှိမဖြစ် မသိမဖြစ်တဲ့အရာတွေ ကို မသိချင်ယောင်ဆောင်ကာ လစ်လျူရှုနေမိတယ်ထင်ပါတယ်။ ကျွန်တော်တို့လူသားများဟာ တစ်ခါတစ်ရံ မဟုတ် အမြဲလိုလို မေ့နေတတ် ဒါမှမဟုတ် မေ့ချင်ယောင်ဆောင်နေ တတ်တဲ့ကိစ္စတွေ အများအပြားရှိနေတတ် ပါတယ်။ အဲဒီလို မေ့နေတတ်တဲ့အရာအများစုက ကိုယ့်အတွက် အကျိုးကျေးဇူး များတာကိုလည်း မသိသလို ဖြစ်နေတတ်ပါတယ်။ အဲဒါတွေက ဘာတွေများလည်းလို့ သိချင်ကြလိမ့်မယ်ထင်တယ်။ တကယ်တော့ လူတိုင်း မေ့ချင်ယောင်ဆောင်ထားတဲ့အရာတွေလို့ ပြောခဲ့သလိုပဲ လူတိုင်းသိပြီးဖြစ်ပါတယ်။ ကျွန်တော်အပါအ၀င် အများစုသော လူတွေက အူဝဲဆိုတဲ့အသံလေးပေးပြီး လူ့လောကကြီးကိုစရောက်လာတဲ့အချိန်ကစလို့ လူတွေဟာ လူ့ဘ၀ တိုးတက်ရာ တိုးတက်ကြောင်းဆိုတဲ့ အရာတွေနောက်ကို တစ်ကောက်ကောက်လိုက်ပါနေတတ်ကြပါတယ်။ အသက်ရှင်သန်နေထိုင်စဉ်ကာလမှာ ကိုယ်ဟာ ဘယ်တော့မှ မသေဆုံး၊ မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားသလို ထင်မှတ်ကာ သေခြင်း ဆိုတာကြီးကို မေ့ချင်ယောင်ဆောင်နေကြပါတယ်။ သူတစ်ပါးသေဆုံးသွားလို့ ကိုယ်က အသုဘလိုက်ပို့ တယ်ဆိုရင်တောင် သံဝေဂ ဆိုတာထက် အော်-အသက်ငယ်ငယ်လေးနဲ့ သေဆုံးရရှာတယ်။ မိသားစုတွေတော့ ဒုက္ခပဲ ဆိုတဲ့အတွေးမျိုးတွေနဲ့ နပန်းလုံးပြီး သူများအတွက် ပူပန်ပြီး ကိုယ်လည်း သူ့လို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သေဆုံးရမယ်ဆိုတာကို မေ့ချင်ယောင်နေတတ်ကြတယ်။ မမေ့လျော့လိုက်ကြပါနဲ့။ သေခြင်းတရားဆိုတာက နီး သလား ဝေး သလား ဘယ်သူမှ တပ်အပ်သေချာ သိနိုင်တဲ့အရာမဟုတ်လို့ အသေကောင်းအောင် အနေကောင်းကောင်းနေကြရမှာဖြစ်ပါတယ်။(ဒီစာပိုဒ်ကို ရေးဖြစ်တာက မကြာမီရက်ပိုင်း အတွင်းက သေဆုံးသွားတဲ့ အစ်မယောက်ျား(ယောက်ဖ)ဖြစ်သူ အသုဘကိုကြည့်မိရင်း ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးရင်းနဲ့ ဖြစ်တည်လာခြင်းဖြစ်ပါတယ်)


02.png


သေခြင်းတရားဆိုတဲ့အရာဆိုတာက မွေးဖွားခြင်းကို အစပြုလာတဲ့အရာမှန်သမျှ တစ်နေ့နေ့ တစ်ချိန်ချိန် လွှဲရှောင်မရပဲ ထိပ်တိုက်ရင်ဆိုင်ကြရမယ့် သဘာဝအမှန်တရားတစ်ခုပဲဖြစ်ပါတယ်။ အသက်ရှည်အောင် နေလို့ ရချင်ရပါလိမ့်မယ်။ မသေလို့တော့ ရလိမ့်မယ်မဟုတ်ပါဘူး။ သေခြင်းကောင်းဖို့အတွက် နေခြင်းကလည်း ကောင်းဖို့လို့ပါလိမ့်မယ်။ နေခြင်းကောင်းခဲ့မှလည်း သေခြင်းကောင်းပါလိမ့်မယ်။ အခုလို နည်းပညာတွေ အဖက်ဖက်က တိုးတက်နေတဲ့ခေတ်ကာလမှာ မအိုချင်ယောင်ဆောင်လို့ရပါလိမ့်မယ်။ ရုပ်ဆိုးတာတွေကို ရုပ်လှအောင်ပြုပြင်လို့ရပါလိမ့်မယ်။ အချိန်တန်ရင်တော့ အိုခြင်း၊ နာခြင်း၊ သေခြင်းကိုတော့ ဘယ်လိုမှ ရှောင်လွဲလို့ရမှာမဟုတ်တာကို လူတိုင်း သိနေကြပါတယ်။ ဒါပေမယ့် မသေတော့မယ့်လူလို သေခြင်းကို မျက်ကွယ်ပြုထားတတ်ကြပါတယ်။ မနာတော့မယ့်လူလို နာခြင်းကို မျက်ကွယ်ပြု နေတတ်ကြပါတယ်။ မအိုတော့မယ့်လူလို အိုခြင်းကို မသိချင်ယောင်ဆောင်နေတတ်ကြပါတယ်။ အဲဒီလို မသိချင်ယောင်ဆောင် မျက်ကွယ်ပြုထားလို့ မအို၊ မနာ၊ မသေ တော့ဘူးဆိုရင်ဖြင့် အလွန်ကောင်းတဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သဘာဝတရားကြီးက အဲဒီလို မဖြစ်လာပါဘူး။ မအိုချင်ပေမယ့်လည်း အိုကြရပါတယ်။ မနာချင်ပေမယ့်လည်း နာနေကြရပါတယ်။ မသေချင်ပေမယ့်လည်း သေကုန်ကြပါတယ်။ အို၊ နာ၊ သေဆိုတာက ဒါလောက်အရေးကြီးနေတဲ့အရာတွေကို အသိဥာဏ်ရှိတဲ့ လူသားတွေ အလွန်တရာ ထူးဆန်းစရာကောင်း လောက်အောင်ကို မေ့ထားတတ်ကြတာ ယောက်ဖရဲ့ အသုဘမှာ မြင်ခဲ့ရပါတယ်။ အရင်တုံးက အသုဘတွေကို ၀ိုင်းဝန်းကူညီ လိုက်ပါပို့ဆောင်ပေးခဲ့တာလည်း အကြိမ်ရေမနည်းပေမယ့် ဒီလို မမြင်တတ်ခဲ့တာအမှန်ပါပဲ။


03.png


လူရယ်လို့ဖြစ်လာတော့ နေ့စဉ်နဲ့အမျှ စားဝတ်နေရေးအတွက် ပြေးပြေးလွှားလွှား၊ ပူပူပင်ပင် ရှာဖွေလုပ်ကိုင်ကြ ရတာ သဘာဝပဲဖြစ်ပါတယ်။ အဲဒီလို ရုန်းကန်လှုပ်ရှားကြရာမှာ စီးပွားရေးလုပ်ငန်းတစ်ခု(ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ)တည်ထောင် လုပ်ကိုင်ကြတော့မယ်ဆိုရင်လည်း ကိုယ့်ရဲ့ ဖောက်သည်တွေပဲ ဂရုစိုက်နေတတ်ကြပြီး ကိုယ့်ရဲ့ ၀န်ထမ်းတွေ၊ အလုပ်သမားတွေကိုတော့ ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။ ဒါမှမဟုတ် ဂရုစိုက်ဖို့အတွက် မေ့ချင်ယောင်ဆောင်နေတတ်ကြပါတယ်။ နောက်တစ်ခုက ငွေရေးကြေးရေးရဲ့ အရေးပါပုံ၊ အရေးကြီးပုံကိုလည်း မေ့ချင်ယောင်ဆောင်နေတတ်ကြပါသေးတယ်။ လုပ်ငန်းတစ်ခုကို အောင်မြင်ဖို့ဆိုတာထက် ရေရှည်တည်တံ့အောင် လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့တောင် မလွယ်ကူလှပါဘူး။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေကြရင်းနဲ့ပဲ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ဆိုသလို အဘက်ဘက်က ဆုံးရှုံးပြီး လုပ်ငန်းကို စခန်းသိမ်းသွားရတဲ့စီးပွားရေးသမားတွေလည်း များပြားလှပါတယ်။ ကိုယ့်ရဲ့ ဖောက်သည်တွေကိုပဲ ဂရုစိုက်တတ်ကြပြီး ကိုယ့်ရဲ့ အလုပ်သမားတွေ၊ ၀န်ထမ်းတွေကို ဂရုမစိုက်ခြင်းဟာ လုပ်ငန်းပျက်စီးခြင်းရဲ့ အကြောင်းတစ်ခုပဲလို့မှတ်ယူပါတယ်။ အလုပ်သမား ဒါမှမဟုတ် ၀န်ထမ်းဆိုတာ လုပ်ငန်းတစ်ခုအတွက် မရှိမဖြစ် အခြေခံဖြစ်တဲ့အတွက် အရေးပါသလို အလုပ်သမား ဒါမှမဟုတ် ၀န်ထမ်းသတ်ရင် စီးပွားပျက်ပါတယ်။ အလုပ်သမားတွေ ၀န်ထမ်းတွေဟာ လုပ်ငန်းတစ်ခုရဲ့ အဓိကအသက်သွေးကြောဖြစ်သလို အလုပ်ရှင် အလုပ်သမားတွေဟာ အပြန်အလှန်မှီခိုနေကြတယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ်မထင်ပါဘူး။(ဒီအတွေး ကတော့ ကိုယ်တိုင်လုပ်ကိုင်ခဲ့တဲ့လုပ်ငန်းတွေနဲ့ ကိုယ်ပိုင်လုပ်ငန်းကပေးခဲ့တဲ့ အသိအမြင်အချို့ပဲဖြစ်ပါတယ်)


04.png


စီးပွားရေးလုပ်ငန်းတိုင်းမှာ ဖောက်သည်တွေကို ဆွဲဆောင် ရောင်းဝယ်နေကြရတာ လုပ်ငန်းကိုပိုင်ဆိုင်တဲ့ လုပ်ငန်းပိုင်ရှင်တွေမဟုတ်ပဲ အလုပ်သမားတွေ၊ ၀န်ထမ်းတွေသာဖြစ်ပါတယ်။ အဓိကအားဖြင့် ဆွဲဆောင် ရောင်းဝယ်နိုင်တာက အလုပ်သမားတွေ ၀န်ထမ်းတွေသာဖြစ်တော့ ၀န်ထမ်းတစ်ယောက် ဒါမှမဟုတ် အလုပ်သမားတစ်ယောက်ရဲ့ ဆက်ဆံရေးမပြေပြစ်မှု၊ မရောင်းတတ်၊ အပြောအဆိုမတတ်မှုတွေက ဖောက်သည်တွေကို မျိုးကြီးသီချင်းထဲကလို “မလာပါနဲ့” လို့ ပြောနေသလိုဖြစ်နေပါတယ်။ “မပြုံးတတ်သူ ဈေးမရောင်းရ” ဆိုတဲ့စကားလည်း ရှေးကတည်းက ထားခဲ့ကြပြီးသားဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုအတွက် ဖောက်သည်တွေက အရေးကြီးသလို ၀န်ထမ်းတွေ၊ အလုပ်သမားတွေကလည်း အရေးကြီးတယ်ဆိုတာကို မေ့လျော့နေတတ်တာလည်း အလွန်ထူးဆန်းတဲ့အရာ တစ်ခုဖြစ်ပါတယ်။ ၀န်ထမ်းတွေ၊ အလုပ်သမားတွေ၊ ဖောက်သည်တွေသာမက ငွေကြေးကလည်း လုပ်ငန်းအတွက် အရေးပါလှတာကိုလည်း မေ့လျော့နေတတ်ပါ တယ်။ ဒါတော့ သိသားပဲလို့ ပြောကြပါလိမ့်မယ်။ ငွေရှိမှလုပ်ငန်းလုပ်လို့ရမှာပေါ့၊ ငွေမရှိပဲနဲ့ ဘာလုပ်ငန်းလုပ်လို့ ရမှာလဲလို့ ရင်းနှီး မတည်ငွေကို မြင်ယောင်ကြပါလိမ့်မယ်။ လုပ်ငန်းလုပ်တယ်ဆိုကတည်းက ရင်းနှီးမတည်ငွေ လက်ထဲရှိနေလို့ လုပ်ကြတယ်လို့ မြင်ပါတယ်။ အခု ငွေကြေးလို့ ပြောတဲ့နေရာမှာ ကိုယ့်လုပ်ငန်းရဲ့ ၀င်ငွေ နဲ့ ထွက်ငွေကို မျှတစွာ ချိန်ထိုးနိုင်ဖို့ကို ဆိုလိုချင်တာပါ။ ကိုယ့်လုပ်ငန်းမှာ ၀င်ငွေထက် သုံးငွေတွေများပြားနေတာ က လုပ်ငန်းပျက်စီးရုံတင်မကပါဘူး။ လူပါ ဒုက္ခရောက်သွားနိုင်ပါတယ်။ အခုပြောလိုတဲ့ငွေကြေးဆိုတာက လုပ်ငန်းရဲ့ ၀င်ငွေ နဲ့ ကိုယ့်ရဲ့ သုံးစွဲမှု ကိုသာဆိုလိုခြင်းဖြစ်ပါတယ်။ ကဲ ကဲ သေခြင်း နဲ့ ဘာမဆိုင်ညာမဆိုင် လုပ်ငန်းငွေကြေးအကြောင်းကို ဒီလောက်နဲ့ပဲ တစ်ခန်းရပ်ပါမယ်။ အရေးကြီးတဲ့ အရာတွေကို မသိချင်ယောင် မဆောင်ပဲ အကောင်းဆုံးကြိုးစားနိုင်ကြပါစေကြောင်းဆုမွန်တောင်းရင်း ရပ်နားလိုက်ပါတယ်။


stemit ansoe myanmar no word logo 2.png

ရေးသားသူ(Author)___

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

12-3-2019 အင်္ဂါနေ့(Tuesday)