လူတိုင်းလိုချင်ကြသည်...
ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear steemians families.

လူသားတိုင်းဟာ အောင်မြင်မှု၊ ချမ်းသာမှု၊ ပျော်ရွှင်မှုကို လိုလားတောင့်တ ကြပါတယ်။ လူတို့ရဲ့သြဇာအာဏာ၊ ကိုယ့်လုပ်ငန်းရဲ့ ဖောက်သည်များ၊ အလုပ်အကိုင်အပ်နှံသူများ၊ ၀င်ငွေ၊ ရာထူးအဆင့်အတန်း၊ လူမှုပေါင်းသင်းဆက်ဆံရေး တစ်နေ့တစ်ခြား ပိုမိုတိုးတက်လာချင်တယ်ဆိုရင် လက်တွေ့ကျကျ လိုက်နာကျင့်သုံးသင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အဲဒါလေးဟာ သေးငယ်ပေမယ့် အောင်မြင်သူတိုင်းရဲ့ လက်ကိုင်တုတ်ဖြစ်ပါတယ်။ လူတွေကို အလွယ်တကူ ရင်းနှီးခင်မင်စေနိုင်တဲ့ အရာကတော့ သူတို့ရဲ့ လိုအင်တွေကို အမှန်တကယ် စိတ်ဝင်စားဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တွေတစ်တွေဟာ အများအားဖြင့် မှားမှားယွင်းယွင်းနဲ့ ပေါင်းသင်းဆက်ဆံနေထိုင်ကြတာလို့ ထင်ပါတယ်။ လူသားများသည် ကိုယ်ကဘယ်အရာကို လိုချင်တယ်ဆိုတာကိုပဲ စိတ်ဝင်စားတတ်ကြောင်းကို တွေ့ရပါတယ်။ လူအများစုဟာ ကိုယ်လိုချင်တာကိုပဲ အခြားသူတွေကိုလည်း ဇွတ်အတင်း သွတ်သွင်းပြီး မဲဆွယ်ဖို့ ကြိုးစားကြ ပါတယ်။ လူတွေရဲ့ ကိုယ်လိုချင်တာကိုသာ စဉ်းစားတတ်တဲ့ အမြဲမှားယွင်းတတ်တဲ့ အလေ့အကျင့်တစ်ခုကို ကျွန်တော်တို့တစ်တွေ နေ့စဉ်လိုလို ကျူးလွန်နေတတ်ကြပါတယ်။ တကယ်တော့ လူတိုင်း လူတိုင်းက ကိုယ်စီ ကိုယ်စီ ကိုယ်လိုချင်တာကိုပဲစိတ်ဝင်စားတတ်ကြတာကို ကျွန်တော်တို့ မေ့လျော့နေပါတယ်။ ကိုယ်တိုင်က လည်း ကိုယ်လိုချင်တာကိုပဲ စိတ်ဝင်စားတတ်သလို အခြားသူတွေကလည်း သူတို့လိုချင်တာကိုပဲစိတ်ဝင်စားမှာ ဖြစ်ပြီးတော့ ကိုယ်လိုချင်တဲ့အရာကို အခြားသူတွေ စိတ်ဝင်စားမှာမဟုတ်ပါဘူး။ သူတို့လိုချင်တာတွေကိုလည်း ကိုယ်က စိတ်ဝင်စားမှာမဟုတ်ပဲ ကိုယ်လိုချင်တာကို ပဲ စိတ်ဝင်စားတယ်ဆိုတာ အချိန်တိုင်း နေရာတိုင်းမဟုတ် တောင် နေရာအတော်များများမှာ မှန်နေတာ တွေ့နိုင် တယ်။ အခြားသူတွေ ကိုယ့်ကို သဘောကျနှစ်ခြိုက်စေ လိုတယ် ကိုယ့်ဘက်ကို လိုက်ပါစေချင်တယ်ဆိုရင်တော့ သူတို့လိုချင်တာကို စိတ်ဝင်စားမှ ဖြစ်ပါလိမ့်မယ်။ ကိုယ်လိုချင်တာကိုပဲ စိတ်ဝင်စားနေမယ်ဆိုရင် အခြားသူတွေရဲ့ သဘောကျမှုကို ရမှာမဟုတ်ပါဘူး။ သူတို့ လိုချင်တာကို စိတ်ဝင်စားပေးပါမှ ကိုယ့်ကို သဘောကျနှစ်ခြိုက်စေနိုင်သလို ကိုယ့်ဘက်ကိုပါလာမှာဖြစ်တာကို သတိမပြုကြပါဘူး။ ငါးမျှားတယ်ဆိုတာ သူတို့ကြိုက်တဲ့အစားအစာလေးတွေကို ချိတ်မှာ တတ်ပြီးမျှားရသလိုပါပဲ။ ဒါမှလည်း ငါးမိမှာပါ။ ကိုယ်ကြိုက်တာ ဒါမှမဟုတ် ဘာမှ မပါပဲ ငါးမျှားလို့ ရမယ်မထင်ပါဘူး။

ကျွန်တော်တို့တစ်တွေဟာမွေးဖွားလာခဲ့တဲ့အချိန်ကစလို့ ကျွန်တော်တို့လုပ်ခဲ့တဲ့အရာတွေကို ပြန်လှန်စဉ်းစားတဲ့ အခါ တစ်စုံတစ်ခုကို လိုချင်လို့ လုပ်ခဲ့ကြတာတွေဖြစ်တာကို တွေ့လာရပါတယ်။ နောက်ဆုံးကုန်ကုန်ပြောရမယ် ဆိုရင် အလှူအတန်းလုပ်တာတောင်မှ အများစုက လှူနိုင်တယ်ဆိုတဲ့ ဂုဏ်ကို ရလိုတာကြောင့်ဖြစ်နေတာက အများစုပဲ ဖြစ်ပါတယ်။ ပရဟိတလုပ်ငန်းကို လုပ်ကိုင်နေတဲ့သူအများစုကလည်း ဝေဒနာခံစားနေရတဲ့သူတွေ၊ ဘေးဒုက္ခတစ်စုံတစ်ရာ ခံစားနေရတဲ့သူတွေ စတဲ့လူတွေကို ကိုယ်ကျိုးမဖက်ပဲနဲ့ မြင့်မြတ်တဲ့အလုပ်ကို လုပ်နေတဲ့သူ ဆိုတဲ့ ဂုဏ်လေးကို ကြည်နူးချမ်းသာလိုစိတ်နဲ့ လုပ်ကိုင်နေတာပဲမဟုတ်လား။ အခြားသော လူတွေရဲ့ လိုချင်စိတ်ကိုသိအောင်လုပ်ခြင်းက အဲဒီလူတွေကို ဂရုစိုက်တာကို ဖော်ပြပေးနိုင်ပါတယ်။ ဒီလူဘာကို စိတ်ဝင်စားတယ်ဆိုတာကို မှတ်သားထားခြင်းက အကျိုးရှိစေနိုင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အခြားသူတွေကို ကိုယ့်ရဲ့ လိုချင်တာတွေကိုပဲ ဇွတ်အတင်းပြောဆိုပြီးတော့ ခိုင်းစေခြင်းဟာ လူအမြင်ကတ်စေနိုင်ပါတယ်။ အဲဒီလို တစ်ခါကနေ နှစ်ခါ နှစ်ခါကနေ သုံးခါဖြစ်လာရင် ကိုယ့်ကို လူတွေက ပေါင်းသင်းဆက်ဆံဖို့တောင် နောက်တွန့်သွားပါလိမ့်မယ်။ ကိုယ့်ဘက်ပါလာဖို့ဆိုတာ ဝေးလာဝေးလို့ဆိုရပါလိမ့်မယ်။ “တကယ်လို့များ ထမြောက်အောင်မြင်ရန်အတွက် နည်းလမ်းကောင်းတစ်ခု ရှိသည်ဟုဆိုပါလျှင် ထိုနည်းလမ်းကောင်းသည် အခြားသူတို့၏ ယူဆချက်ကို ရအောင်စုံစမ်းပြီးနောက် လုပ်ရန်ရှိသောအလုပ်များကို သူ့ဘက် ကိုယ့်ဘက် နှစ်ဘက်စလုံးကို ကြည့်ပြီးတော့ ဆုံးဖြတ်ချက်ချနိုင်တဲ့အရည်အချင်းပဲဖြစ်တယ်” လို့ ဟင်နရီဖို့ဒ်(Henery Ford) ကပြောခဲ့ဘူးပါတယ်။ ဒီစကားက အပေါ်မှာ ရေးထားသလိုပဲ ကိုယ့်ရဲ့ လိုချင်စိတ်ကို နောက်မှာထားပြီး ကိုယ့်ရဲ့ လိုချင်စိတ်ကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်မယ့် စကားဖြစ်မယ်ထင်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် အခြားသူကို အရင် ဦးစားပေးပြီး နောက်မှ ကိုယ်အလှည့်လို့ ဆိုနိုင်ပါလိမ့်မယ်။ “မင်းပြီးမှ ငါ” လို့ပြောရမလားပဲ။ အခြားသူကို ဦးစားပေးလိုက်တဲ့သဘောပဲဖြစ်ပါတယ်။ ဒီလိုဆိုရင် ပျော်ရွှင်စရာ နေ့ရက်လေးတွေနဲ့ ကြုံတွေ့လာပါလိမ့်မယ်။ ကျွန်တော်တို့အများစုဟာ ကိုယ့်လိုချင်စိတ်ကို ရှေ့တန်းတင်ထားတတ်ပြီး အခြားသူတွေရဲ့ လိုချင်စိတ်ကိုထည့်မတွက်ကြတာ အချိန်တိုင်း လိုလိုပဲဖြစ်ပါတယ်။ ကျွန်တော်တို့လိုပဲ အခြားသူတွေကလည်း ကျွန်တော်တို့ရဲ့ လိုချင်စိတ်ကို သူတို့လိုချင်စိတ် ထက်ပိုပြီး စိတ်ဝင်စားမှာမဟုတ်ပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။
အယူအဆဟောင်းတွေကိုဖျောက် အတွေးသစ် အမြင်သစ် နဲ့ ရည်မှန်းချက်အသစ်ကို လျှောက်လှမ်းနိုင်ကြပါစေ...
ရေးသားသူ နှင့် ဒီဇိုင်း (Author and Design)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
18-8-2019 တနင်္ဂနွေနေ့(Sunday)