လူတိုင်း သိပါစေ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


Known your work copy.png


ဘ၀အောင်မြင်ရေးလို့ဆိုလိုက်တာနဲ့ နည်းလမ်းပေါင်းများစွာ ရှိနေတယ်ဆိုတာ လူတိုင်းနားလည်ပါလိမ့်မယ်။ သိပြီးသားနည်းလမ်းတွေဆို အများစုက သာမန်ကာ လျှံကာလောက်ပဲသဘောထားပြီး အလေးအနက်မထား တတ်ကြပါဘူး။ တကယ်တော့လည်း နည်းလမ်းအတော်များများက မထူးဆန်းတဲ့နည်းလမ်းလေးတွေ များမယ်ထင်ပါတယ်။ မထူးဆန်းတော့ သိပ်အလေးမထားတတ်တော့ မအောင်မြင်ကြတာလည်း အချက်တစ်ခု လို့ထင်တာပဲ။ အောင်မြင်ကျော်ကြားနေတဲ့ လုပ်ငန်းရှင်တစ်ယောက်၊ စီးပွားရေးသမားတစ်ယောက်မဟုတ် ပေမယ့် ထိုက်သင့်သလောက်တော့ လေ့လာထားလို့ နည်းနည်းလေးတော့ နားလည်ပါတယ်။ အလုံးစုံကို နားလည်ဖို့တော့လည်း မလွယ်ဘူး။ အခုပြောလိုတဲ့ နည်းလမ်းတစ်ခုကလည်း အထူးအဆန်းတော့ မဟုတ်ပေမယ့် လူတိုင်းက ဒီနည်းလမ်းကို ကျင့်သုံးဖို့ မေ့လျော့နေတတ်လို့ ဒါမှမဟုတ် ကျင့်သုံးဖို့ ရှက်ရွံနေလို့ အောင်မြင်ရေးလမ်းကြောင်းနဲ့ တေ့လွဲလွဲနေတယ်လို့ ထင်မိပါတယ်။ ဒီနည်းလမ်းကို ကျင့်သုံးပြီး အောင်မြင်ကြတဲ့သူတွေ ကမ္ဘာမှာ အများအပြားရှိတယ်လို့ ဆိုကြပါတယ်။ လက်တွေ့လိုက်နာကျင့်သုံးတာက အလွန်အရေးကြီးပါတယ်။ နည်းလမ်းတွေ စည်းကမ်းတွေ အညွှန်းတွေ အခြားအရာတွေ လက်ထဲမှာ ဘယ်လောက်ပဲ ဆုပ်ကိုင်ထားပေမယ့် လက်တွေ့ အကောင်အထည်ဖော်ပြီး မလုပ်ဆောင်ဘူးဆိုရင်တော့ ဘာမှ ဘာမှ ဘာမှ ဖြစ်လာလိမ့်မယ်မဟုတ်ပါဘူး။ ဒီတော့ ဘယ်အရာကိုမဆို အောင်မြင်ဖို့အတွက်က လက်တွေ့လုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။ လက်တွေ့လုပ်ဆောင်မှုမပါတဲ့ အရာတွေက အောင်မြင်မှုကို ယူဆောင် ပေးလိမ့်မယ်မဟုတ်ပါဘူး။ ဒီတော့ အောင်မြင်ချင်ရင် အောင်မြင်မှုရဲ့ စည်းကမ်းတွေ နည်းလမ်းတွေ လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်ဖို့ပါပဲ။


Known your work copy 1.png


လုပ်ငန်းတစ်ခုကိုလုပ်ကိုင်နေတဲ့သူတစ်ယောက်ဆိုရင် ကိုယ်ပိုင်လုပ်ငန်းလုပ်တာ ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ်ဘာတွေလုပ်တယ်ဆိုတာကို သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေကို ပြောပြထားသင့်ပါတယ်။ သူတစ်ပါးဆီမှာ အခစားလုပ်နေတဲ့ ၀န်ထမ်းဖြစ်ပါစေ။ ကိုယ်လုပ်နေတဲ့အလုပ်ကို အားလုံးသိအောင် ပြောပြထားရပါမယ်။ ဒါမှ လိုအပ်တဲ့အချိန်မှာ မိတ်ဆွေအပေါင်းအသင်းတွေက ဆက်သွယ်လုပ်ကိုင်ကြပါလိမ့် မယ်။ ပြောပြထားရမယ်ဆိုတဲ့နေရာမှာလည်း သေသေချာချာ ဂရုတစိုက်နဲ့ကို ပြောပြထားမှ လိုအပ်တဲ့အချိန်မှာ ဆက်သွယ်ကြပါလိမ့်မယ်။ ကိုယ်ဘာလုပ်မှန်းမသိဘူးဆိုရင်တော့ ဘယ်သူကမှ ဆက်သွယ်ကြလိမ့်မယ် မဟုတ်ပါဘူး။ ဒီနည်းလမ်းက အိုဟောင်းနေတဲ့ နည်းလမ်းတစ်ခုဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီနည်းလမ်းကို အခြေခံပြီး ဆန်းသစ်တဲ့ ကိုယ်ပိုင်အတွေးတွေနဲ့ ပေါင်းစပ်နိုင်ရင် သေချာပေါက် အကျိုးဖြစ်စေမှာ ဖြစ်ပါတယ်။ ၀င်ငွေကောင်းချင်ရင် ဒီလိုနည်းလမ်းဟောင်းတွေထဲက သစ်လွင်လာအောင် မော်ဒီဖိုင်းလုပ်ပြီး သုံးမယ်ဆိုရင် အလွန်ပဲ အဆင်ပြေပါလိမ့်မယ်။ အရင်ကနဲ့ မကိုက်ညီနိုင်တဲ့ နည်းလမ်းကို အခြေခံပြုပြီ မော်ဒီဖိုင်းလုပ် လက်တွေ့လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင် ၀င်ငွေတိုးနိုင်သလို အောင်မြင်နိုင်မှာလည်းဖြစ်ပါ တယ်။ ဈေးရောင်းတဲ့ ဈေးသည်တစ်ယောက်က ကိုယ်ဘာကုန်ပစ္စည်းတွေရောင်းတယ်ဆိုတာကို လူများများ သိလေ အလုပ်ဖြစ်လေပဲမဟုတ်လား။ ဒီလိုပဲ ကိုယ်လုပ်နေတဲ့လုပ်ငန်း၊ ဒါမှမဟုတ် ကိုယ်ထုတ်လုပ်နေတဲ့ ပစ္စည်းကို ဆွေမျိုးသားချင်းတွေမကျန် ပြောထားရင် အကျိုးယုတ်လိမ့်မယ်မဟုတ်ပါဘူး။


Known your work copy 2.png


ခုခေတ်ကာလကြီးထဲ သူလည်း သူ့အလုပ်သူလုပ်တာ ကိုယ်လည်း ကိုယ့်အလုပ်ကိုယ်လုပ်တာပဲဆိုပြီး လူမသိ သူမသိ နဲ့ ကုန်ပစ္စည်းရောင်းနေတာတွေ၊ လုပ်ငန်းလုပ်နေတာတွေက အောင်မြင်မှုနဲ့ ဆန့်ကျင်ဘက်လမ်းပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ သူ့အလုပ်ကိုလည်း ကိုယ်ကစိတ်ဝင်စားခဲ့မယ်ဆိုရင်လည်း ကိုယ့်အလုပ်ကိုလဲပဲ သူတို့က စိတ်ဝင်စားလာကြလိမ့်မယ်လို့ ယူဆမိပါတယ်။ ကိုယ့်လုပ်ငန်း၊ ကိုယ့်ကုန်ပစ္စည်းကို လူများများသိတာ ဆုံးရှုံးနစ်နာမှု ရှိနိုင်တာဆိုလို့ ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေပဲဖြစ်ပါလိမ့်မယ်။ ဥပဒေနဲ့ မလွတ်မကင်းလုပ် တဲ့အလုပ်ဆိုရင်တော့ လူသိခံရမှာ ကြောက်တတ်ကြတာပဲမဟုတ်လား။ တစ်ချို့ဆို ဥပဒေနဲ့မလွတ်ကင်းတဲ့ အလုပ်ကို လုပ်နေတာတောင် လူအများသိအောင် ပါးစပ်နဲ့ကြော်ငြာနေသေးတယ်။ ကိုယ့်ရဲ့လုပ်ငန်းက ဥပဒေနဲ့ မလွတ်ကင်းတာမဟုတ်ရင် ပိုလို့တောင် ကြော်ငြာသင့်သေးတယ်မဟုတ်လား။ ကိုယ်က ဘယ်လိုလုပ်ငန်း၊ ဘယ်လိုကုန်ပစ္စည်းတွေကို လုပ်ကိုင်နေတယ်၊ ထုတ်လုပ်နေတယ်၊ ရောင်းချနေတယ်ဆိုတာကို လူတိုင်း သိအောင် ပြောပြထား ကြော်ငြာထားသင့်ပါတယ်။ အဲဒီလို လက်ဆင့်ကမ်းနဲ့နည်းလမ်းနဲ့ ပါးစပ်ကြော်ငြာတာက ငွေလည်းမကုန်ပါဘူး။ ကိုယ့်လုပ်ငန်း၊ ကိုယ့်ကုန်ပစ္စည်းရဲ့ရောင်းအား ကောင်းဖို့ပဲများမယ်မဟုတ်လား။ မကောင်းဖြစ်စရာတော့ ရှိမယ်မဟုတ်ပါဘူး။(အခွန်လိုက်လာရင်တော့ ဆောင်လိုက်ကြတာပေါ့) ဒိနေရာမှာ လည်း တာဝန်ယူမှု တာဝန်ခံမှု ဆိုတာတွေက အရေးပါနေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်နေရာမှာ ပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အဲဒီ တာဝန်ယူမှု တာဝန်ခံမှုဆိုတာက အားလုံးအတွက် အရေးကြီးတဲ့နေရာ ကနေပါဝင်နေပါတယ်။


Known your work copy 3.png


အဓိကအနေနဲ့ကတော့ အခုလက်ရှိအချိန်မှာ ကိုယ်ဘာလုပ်ငန်းလုပ်နေတယ်၊ ဘယ်လို ကုန်ပစ္စည်းအမျိုး အစားကို ထုတ်နေတယ်ဆိုတာကို မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးများကစလို့ လူတိုင်း လူတိုင်းသိအောင် အသိပေးလုပ်ကိုင်သင့်ပါတယ်။ အချိန်ဆွဲတယ်ဆိုတာ နေရာအတော်မျာများမှာ မကောင်းတတ်ပါဘူး။ သေတာ တစ်ခုကလွဲလို့ပေါ့နော်။ ဒီတော့ ကိုယ်ခုဘာလုပ်နေတယ်ဆိုတာကို အခု ချက်ချင်း ပြောပြလိုက်တာဟာ ကိုယ့်အတွက် အကျိုးရှိစေရုံသာမက လိုအပ်နေသူတွေအတွက်လည်း အကျိုးရှိစေတယ်ဆိုတာကို မမေ့ပါနဲ့။ အရည်သွေးကောင်းတဲ့ပစ္စည်းလေးတွေ၊ အရည်သွေးရှိတဲ့လုပ်ငန်းတွေ၊ အရည်အသွေးရှိတဲ့ စားသောက်ကုန် တွေတော့ ဖြစ်သင့်တာပေါ့။ ဒီနေရာမှာ အောင်မြင်ချင်တယ်ဆိုပြီး ကြွေးကြော်နေပေမယ့် လူတိုင်းနဲ့ရန်ဖြစ်နေလို့ တော့ အောင်မြင်လိမ့်မယ်မဟုတ်ပါဘူး။ ဘယ်သူကမှ ကိုယ့်အိတ်ထဲက ပိုက်ဆံတွေကို မစူးမစမ်းပဲနဲ့ အကုန်ခံ လိမ့်မယ်မဟုတ်တာ သေချာပါတယ်။ သူ့အိတ်ထဲက ပိုက်ဆံကိုလိုချင်ရင် နည်းနည်းလောက် ခါတိုင်းထက်ပိုပြီး သည်းခံလိုက်မှာ ရပါလိမ့်မယ်။ တနည်းပြောရမယ်ဆိုရင် အောင်မြင်ချင်တဲ့သူတွေဟာ မငြင်းခုံသင့်၊ ရန်မဖြစ် သင့်၊ စကားမများသင့်ဘူးလို့ ပြောချင်ပါတယ်။ နောက်ဆုံးကုန်ကုန်ပြောရမယ်ဆိုရင် အိမ်သူအိမ်သား မောင်နှမ သားချင်းတွေနဲ့တောင် အငြင်းအခုံမလုပ်တာ အကောင်းဆုံးပါပဲ။ အငြင်းအခုံလုပ်လို့ ကိုယ်နိုင်တယ်ပါထားပါစို့။ ဘာအမြတ်ထွက်သွားမယ်လို့ ထင်ပါသလဲ။ အမြင်ကတ်တာ၊ အမုန်းပွားတာတွေပဲ တိုးပွားလာပါလိမ့်မယ်။ အရင်ကလည်း အငြင်းအခုံလုပ်တဲ့အကြောင်းတွေကို မကြာခဏရေးခဲ့ဘူးပါတယ်။ အရေးလည်းပါပြီး အရာလည်းရောက်လို့ အငြင်းအခုံလုပ်တာနဲ့ပတ်သက်ပြီးတော့လည်း ထပ်မံရေးသားလိုပါသေးတယ်။ အခုတော့ ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါတယ်။


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

17-6-2019 တနင်္လာနေ့(Monday)