လုပ်သင့်တာကို လုပ်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လူတွေမှာ စိတ်အမျိုးမျိုးရှိကြောင်း စာတွေမှာ ဖတ်မှတ်ဖူးတယ်။ စိတ်နဲ့ပတ်သက်ပြီးတော့ ခွဲခြမ်းစိတ်ဖြာပြထား တာတွေလည်း အများအပြားရှိပါတယ်။ အဲဒီစိတ်တွေအကြောင်းကိုတော့ သေချာနားမလည်ဘူး။ ကျွန်တော်သိတဲ့စိတ်အကြောင်းကိုပဲ ရေးချင်တယ်။ လူတွေမှာ အများအားဖြင့် ဖြစ်ပေါ်တတ်တဲ့ စိတ်တွေက ရှက်တတ်တဲ့စိတ်၊ ကြောက်တတ်တဲ့စိတ် နဲ့ ဘာမှဂရုမစိုက်တတ်တဲ့ စိတ်ရိုင်း(အရိုင်းစိတ်)တွေပဲ ဖြစ်မယ်။ လူတစ်စု ဒါမှမဟုတ် တစ်ယောက်ထက်ပိုတဲ့သူတွေ တစ်စုံတစ်ရာ ပြဿနာဖြစ်နေရင် ဖြန်ဖြေတတ်တဲ့ အကျင့် ပျောက်ကွယ်သလောက်ဖြစ်နေတယ်။ ဒါက လူမှုအသိုင်းအ၀ိုင်းအတွက် မကောင်းဘူးလို့လည်း ထင်မိပါတယ်။ လူငယ်တွေရန်ဖြစ်နေတာ လူကြီးတွေက မတားပဲ ဒီအတိုင်းကြည့်နေတဲ့ခေတ်ဖြစ်လာတယ်။ ကိုယ့်ကို ပြဿနာ ဖြစ်မှစိုးလို့ ရှောင်ရှားကြတာပဲဖြစ်ပါတယ်။ ဒီလိုလူကြီးတွေများလာရင် ရန်ပွဲတွေ၊ ပြဿနာတွေ ပိုပိုများလာမယ် သဘောဖြစ်နေတယ်။ ပြောတတ်တဲ့စကားတစ်ခွန်းကလည်း ဓားခုတ်ရာ လက်ဝင်မလျှိုဘူး ဆိုပဲ။ ပြဿနာတိုင်းမှာ ၀င်ရောက်ဖြန်ဖြေရေးလုပ်ရမှာမဟုတ်ပေမယ့် တစ်ချို့ပြဿနာတွေကိုတော့ ၀င်ရောက် ဖြန်ဖြေရေးလုပ်သင့်ရင် လုပ်ရပါတယ်။ လက်ဝင်မလျှိုပဲ ရှောင်လို့ရတဲ့ ပြဿနာရှိသလို ကိုယ်ဘာမှမလုပ်ပဲ ကိုယ့်လက်ဓားထိတတ်တဲ့ပြဿနာတွေလည်း ရှိတတ်တယ်။ ကိုယ့်လက်ဓားထိမှ ပြဿနာကို ဖြေရှင်းမယ်ဆို အချိန်နောက်ကျသွားတတ်တယ်။ ဓားမထိခင်ကတည်းက ၀ိုင်းဝန်းဖြေရှင်းကြမယ်ဆိုရင် ပြဿနာသိပ်မကြီး တတ်ပါဘူး။ ပြဿနာဆိုတာ ဖြေရှင်းရမှာဖြစ်ပါတယ်။ ရှောင်လွှဲနေရမှာ မဟုတ်ပါဘူး။ ဘာမှ မဖြစ်လောက်ဖူးထင်ရပြီး အကြီးအကျယ်ဖြစ်သွားတတ်သလို အကြီးအကျယ်ဖြစ်တော့မယ်လို့ထင်ရပေမယ့် ပျောက်ပျက်သွားတတ်တဲ့ ပြဿနာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါကတော့ အသိဥာဏ်ပညာ၊ အတွေ့အကြုံတွေနဲ့ သေချာစဉ်းစားရမှာပဲဖြစ်ပါတယ်။ ပြဿနာအများစုကတော့ သေးသေးကနေ အကြီးကြီး ဖြစ်သွားတတ်တာများပါတယ်။ သေးသေးဖြစ်လေတော့ မဖြေရှင်းပဲ အချိန်တွေကြာလာတော့ ကြီးထွားသွား တတ်တဲ့ သဘောပဲဖြစ်ပါမယ်။ ပြဿနာကို အကြီးကြီးဖြစ်နိုင်တယ်လို့ယူဆတဲ့အခါ ချက်ချင်းဖြေရှင်းဖို့ ကြိုးစား တတ်ကြတော့ ပြဿနာအကြီးကြီးတွေက ပြေလည်တဲ့လမ်းကို ရှာတွေ့သွားတတ်ကြတာပါ။ ဒီတော့ ပြဿနာ တိုင်းကို ရှောင်လွှဲဖို့မကြိုးစား သင့်ကြောင်း အကြံပြုပါရစေ။
ဘာမဆိုင် ညာမဆိုင် စိတ်တွေကနေ ဘယ်နှယ့်လုပ်ပြီး ပြဿနာအကြောင်းရောက်သွားရတာလဲလို့မစဉ်းစား ပါနဲ့။ အဲဒီလိုပြဿနာကို ကြီးထွားစေတတ်တာ ကြောက်စိတ်နဲ့ ရှောင်လွှဲခဲ့လို့ဖြစ်လာခြင်းလို့ပါ။ ဓားတစ်လက်ကိုင်ပြီး ရပ်ကွက်မှာ သောင်းကျန်းနေတယ်တာကို ကြောက်လို့အိမ်ထဲပုန်းနေလို့ မရပါဘူး။ ရပ်ကွက်သူ ရပ်ကွက်သားတွေ အထိအခိုက်မဖြစ်သေးချိန်မှာ အိမ်တွေစုပေါင်း ၀ိုင်းဝန်းဖမ်းဆီးသင့် ဖမ်းဆီးရမှာဖြစ်သလို သက်ဆိုင်ရာကို အကြောင်းကြားဖမ်းဆီးသင့်ရင်ဖမ်းဆီးရမယ်မဟုတ်လား။ ဒါက မဖြေရှင်းပဲ အိမ်တွင်းအောင်းပြီးနေလို့မဖြစ်တဲ့ ပြဿနာဖြစ်တယ်မဟုတ်လား။ အသက်ဆိုတာကလည်း Spear လာတတ်တာမျိုးမှမဟုတ်။ မတော်ကိုယ့်အလှည့်ကျမှ ကံဆိုးနေရင် ဘယ်နှယ့်လုပ်မလဲဆိုတာ စဉ်းစားသင့်ပါ တယ်။ ပြဿနာကို ရှောင်ဖယ်တာ ကြောက်စိတ်ကြောင့်ပဲဖြစ်ပါတယ်။ အချို့သော ပြဿနာတွေဟာ သဘာဝ တရားကြီးက ကိုယ့်ရဲ့စွမ်းအားတွေကို စမ်းသပ်တဲ့ စမ်းသက်ချက်တွေဖြစ်နေတတ်သလို ပြဿနာကို ဖြေရှင်းပြီး တိုင်းမှာ အားရပါးရ ပြောရတဲ့စကားတွေဟာလည်း အင်မတန် အရသာရှိလှပါတယ်။ မဖြေရှင်းပဲ လိပ်ခွံထဲ ခေါင်းဝှက်သလို ၀ှက်နေမယ်ဆို တစ်သက်လုံး ပြဿနာဆိုတာကို ရှောင်နေရမှာပဲဖြစ်ပါတယ်။ ပြဿနာကို ဖြေရှင်းပုံနည်းစနစ်တွေလည်း ပိုမိုသိရှိလာစေနိုင်ပါတယ်။ နေရာတကာဝင်ပြီးဆရာလုပ်တတ်တာမျိုးကို ပြောတာမဟုတ်ပါဘူး။ နေရာတကာဆရာဝင်လုပ်တတ်သူကတော့ လူမုန်းများပြီး ဓားခုတ်ခံရတတ်ပါတယ်။ ပြဿနာဖြေရှင်းတာနဲ့ ဆရာလုပ်တာကလည်း ကဏ္ဍတစ်ခုစီသာဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ စွမ်းအား၊ စွမ်းရည်တွေကို သိရှိနိုင်ဖို့အတွက် အကြံပေးလိုတာကတော့ ပြဿနာတွေ့တိုင်း ရှောင်ရှားတတ်တဲ့အကျင့်ကို ဖျောက်ဖျက်ပစ်လိုက်ပါ။ ဆရာတော့ မလုပ်မိစေနဲ့ပေါ့။
အချို့လူတွေကတော့ ကောင်းတဲ့အလုပ်ကို လုပ်ရမှာ ရှက်စိတ်ရှိနေတတ်ပါတယ်။ ကောင်းတာလုပ်ဖို့ ရှက်တတ် ကြတယ်။ လူအများရှေ့မှာ အမှိုက်ကောက်လိုက်ရမှာ ရှက်တတ်တာမျိုး၊ လူအများရှေ့မှာ ကျေးဇူးရှင်တွေကို ထိုင်ကန်တော့ရမှာ ရှက်တတ်တာမျိုးစတဲ့ ကောင်းတယ်လို့သတ်မှတ်ထားကြပေမယ့် အများရှေ့မှာ လုပ်ရမှာကြတော့ ရှက်နေတတ်ကြတယ်။ မကောင်းတာလုပ်ရမှာကြတော့ မရှက်တတ်ကြပဲ ကောင်းတာလုပ်တာကို ရှက်နေတတ်တာက အကြောက်စိတ်နဲ့ ရှက်နေတာပဲဖြစ်ပါတယ်။ ဘာကိုကြောက်နေ သလဲဆိုရင်တော့ လူတွေက ငါ့ကို ဘယ်လိုထင်မလဲဆိုတဲ့ သူများတွေရဲ့ အထင်အမြင်ကို ကြောက်နေတတ်တဲ့ စိတ်နဲ့ ရှက်နေတတ်ကြတာပဲဖြစ်ပါတယ်။ ကိုယ့်လုပ်သင့်တဲ့အလုပ်ကို ယုံကြည်စိတ်နဲ့ လုပ်နေမယ်၊ လုပ်နေတဲ့ အလုပ်ကလည်း ကောင်းတဲ့အလုပ်ဖြစ်နေမယ်ဆိုရင် ဘယ်သူ့အထင်အမြင်ကိုမှ ထည့်တွက်မနေပဲ လုပ်သင့်တာကို လုပ်ရမှာပဲဖြစ်ပါတယ်။ မကောင်းတဲ့အလုပ်ဆိုတာကတော့ တတ်နိုင်ရင် မလုပ်ဖြစ်လေ ကောင်း လေပါပဲ။ လူအများရှေ့မှ မဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တည်းရှိနေချိန်မှာလည်း မကောင်းတဲ့အလုပ်ကို မလုပ်တာအကောင်းဆုံးပဲဖြစ်ပါတယ်။ ကောင်းတာကိုလုပ်ဖို့ဆိုရင် ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်ဒေသမှာပဲဖြစ်ဖြစ် မကြောက်ပဲ လုပ်သင့်ပါတယ်။ ကောင်းတာလုပ်လိုက်လို့ သူတစ်ပါးချီးကျူးသံကို နားထောင်နေစရာမလိုပါဘူး။ မိမိကိုယ်ကိုပဲ ချီးကျူးနိုင်အောင်၊ လေးစားနိုင်အောင်ပဲ ပြုလုပ်သင့်ပါတယ်။ ရှက်သင့်တာ နဲ့ မရှက်သင့်တာကို ခွဲခွဲခြားခြားသိသင့်ပါတယ်။ ဒီတော့ အကြံပြုလိုတာက မရှက်သင့်တဲ့အရာကို မရှက်မကြောက်ပြုလုပ်နိုင်ကြစေချင်ပါတယ်။
လူတွေဆိုတာ အမြဲတမ်းတစ်ခုခုကို လုပ်ကိုင်နေရမှ နေသာပါတယ်။ တစ်ခုမှမလုပ်ပဲ ကုလားထိုင်ကြိုးနဲ့ ချည်ထားရင်အချိန်များများစားစားနေနိုင်လိမ့်မယ်မထင်ဘူး။ လုပ်တော့ လုပ်နေကြပါတယ်။ အကျိုးတစ်ခုခုရရှိ သလား၊ မရရှိဘူးလားဆိုတာကိုတော့ ချိန်ဆသင့်ပါတယ်။ အများအကျိုး ဒါမှမဟုတ် ကိုယ့်အကျိုး တစ်ခုခုရှိတဲ့ အလုပ်တစ်ခုကို လုပ်သင့်ပါတယ်။ အကျိုးမရှိတဲ့အလုပ်တွေကိုပဲလုပ် နေခဲ့မယ်ဆိုရင် နှစ်အနည်းအတွင်းမှာပဲ အကျိုးရှိတဲ့အလုပ်လုပ်နေတဲ့သူတွေနဲ့ အတော်ကွာခြားသွားတတ်ပါတယ်။ ကောင်းမှုတစ်ခုနေ့စဉ်ပြုလို့လည်း ဆိုစမှတ်ရှိကြတယ်မဟုတ်လား။ တစ်နေ့တစ်နေ့ ကောင်းမှု လုပ်ခဲ့သလား မကောင်းမှုလုပ်ခဲ့သလားဆိုတာကို တော့ ဆန်းစစ်နိုင်ပါလိမ့်မယ်။ ကောင်းမှုတစ်ခု လုပ်ပြီးတိုင်းလည်း စိတ်ချမ်းသာမှု တစ်ခုတိုးလာသလို မြန်မြန် အောင်မြင်နိုင်ပါလိမ့်မယ်။ ဒီနေရာမှာ လုပ်သင့်တာနဲ့ လုပ်ချင်တာကိုလည်း ကွဲကွဲပြားပြား သိနေရပါမယ်။ လုပ်ချင်တာတွေကိုလုပ်နေပြီး လုပ်သင့်တာတွေကို မလုပ်ရင် မဖြစ်သင့်တဲ့အရာတွေလည်း ဖြစ်တတ်ပါတယ်။ ငွေ တစ်ရာ ၀င်လို့ ကိုယ်တစ်ယောက်တည်း အစားအစာတစ်ခုကို စားချင်တာနဲ့ အိမ်မှာ မိသားစု စုံစုံညီညီ ထမင်းစားနိုင်ဖို့ လုပ်သင့်သလားဆိုတာလေးကိုတော့ စဉ်းစားတတ်မှ ဖြစ်လိမ့်မယ်။ ဒီတော့ နောက်ဆုံးအနေနဲ့ အကြံပြုပေးချင်တာကတော့ လုပ်ဆောင်သင့်တဲ့ အလုပ်တွေကို လုပ်သင့်တဲ့အချိန်၊ လုပ်သင့်တဲ့နေရာမှာ လုပ်ဖြစ်အောင်လုပ်ကြပါလို့ ရေးသားရင်း ရပ်နားလိုက် ပါတယ်။
ရေးသားသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
18-Nov-2018 တနင်္ဂနွေနေ့(Sunday)