လူမှုဆက်ဆံရေးနယ်ပယ်

အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ…..

ဒီကနေ့တော့ လူတိုင်းလူတိုင်းအတွက်လက်တွေ့အသုံးချရင် အသုံးကျစေနိုင်တဲ့ အကြောင်းအရာအချို့ကို စိတ်ကူးတည့်သလောက်လေး မျှဝေလို့ပေးချင်မိပါတယ်။ စာအုပ်ထဲကစာတွေဆိုတာက ဖတ်နေရုံသက်သက်မဟုတ်ပဲ အများစုကလက်တွေ့အသုံးချရတဲ့နည်းစနစ်တွေကို ရေးသားကြတာများပါတယ်။ ဖတ်ရုံဖတ်ထားပြီးမေ့ပျောက်ပစ်လိုက်တာကတော့ စာမဖတ်တာနဲ့အတူတူပဲဖြစ်လိမ့်မယ်။ ဖတ်ပြီးရင် မှတ်၊ မှတ်ပြီးရင် လက်တွေ့အသုံးချနိုင်အောင်ကြိုးစားရမှာပဲမဟုတ်လား။ လက်တွေ့အသုံးချနိုင်ကြရင် အထိုက်အလျောက်တော့အဆင်ပြေစေနိုင်မယ်လို့လည်းယုံကြည်ပါတယ်။ မှတ်မိတ်မဟုတ်လား ယုံရင် ကြည်ပါတယ်။ ဒါနဲ့စာရေးလိုရင်းပျောက်တော့မှာပဲ ☺ ကျွန်တော်တို့တစ်တွေ လူ့လောကကြီးထဲမှာ ရုန်းကန်လှုပ်ရှားတဲ့အခါမှာ လူတွေနဲ့ပေါင်းသင်းဆက်ဆံကြရမှာပါပဲ။ ဒီတော့ လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အောင်မြင်ဖို့လိုအပ်မှာဖြစ်သလို အောင်လည်းအောင်မြင်ချင်ကြမှာပဲမဟုတ်လား။ လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အောင်မြင်ချင်တဲ့လူတစ်ယောက်အတွက် ဘယ်လုပ်ငန်းကိုမဆို အခြားသူတွေထက် လွယ်လွယ်ကူကူနဲ့ အခက်အခဲတွေကို ဖြတ်ကျော်သွားနိုင်တာ ပြေလည်သွားတာတွေ အများကြီးရှိနေပါတယ်။ ဒီတော့ကာ လူ့လောကကြီးမှာအသက်ရှင်နေထိုင်စဉ်ကာလအတွင်းမှာ လူမှုပေါင်းသင်းဆက်ဆံရေးအောင်မြင်သူတစ်ယောက် ဖြစ်အောင်ကြိုးစားသင့်ပါကြောင်း အကြံပြုရေးသားလိုက်ပါတယ်။ မိတ်ဆွေများလည်း ဒီအချက်ကို သိပြီးသားဖြစ်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော်ကဲ့သို့ လက်တွေ့အသုံးမချပဲနေသူက များလိမ့်မည်ထင်ပါတယ် ☺


success.png


ရှေ့ဆောင်လမ်းပြဆိုတဲ့စကားလုံးက အလကားသက်သက်ပြောဆိုခဲ့တာမဟုတ်တန်ပါဘူး။ ရှေ့က ဒီလိုအခက်အခဲမျိုး ဒီလိုအလုပ်အကိုင်မျိုးကို ဒီလိုနည်းစနစ်တွေနဲ့ဖြေရှင်းခဲ့ကြတာပဲဆိုတာကနေ အတုယူပြီး လိုက်လံလုပ်ဆောင်ခဲ့ကြရတာပဲမဟုတ်ပါလား။ မှန်ကန်တဲ့နည်းစနစ်၊ ခေတ်ကာလနဲ့ လျော်ညီတဲ့နည်းစနစ်၊ နေရာဒေသနဲ့ကိုက်ညီတဲ့နည်းစနစ်တော့ဖြစ်ရမှာပေါ့။ နည်းစနစ်ကမမှန်ကန်၊ ခေတ်ကာလနဲ့လည်းမလျော်ညီ၊ နေရာဒေသနဲ့လည်း မကိုက်ညီနိုင်တဲ့နည်းစနစ်မျိုးကိုတော့ လက်တွေ့လိုက်နာကျင့်သုံးဖို့ ဘယ်ဖြစ်နိုင်မလဲ။ လူမှုပေါင်းသင်းဆက်ဆံမှုတိုးတက်ရေး ဆိုတာကတော့ ခေတ်မီနေဆဲ လျော်ညီနေဆဲ ကိုက်ညီနေဆဲလို့တော့ထင်ပါတယ်။ ဆိုတော့ကာ ကျွန်တော်တို့အနေနဲ့ လူမှုပေါင်းသင်းဆက်ဆံတိုးတက်ရေးကို ဖတ် မှတ်ပြီးတော့ လက်တွေ့လိုက်နာကျင့်ကြမယ်ဆိုရင် လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး စတဲ့နယ်ပယ်အသီးသီးမှာ အဆင်ပြေချောမွေ့မယ်လို့ ယုံကြည်မိပါတယ်။ လူမှုပေါင်းသင်းဆက်ဆံမှုတိုးတက်ရေး အတွက် အဓိကလိုအပ်တာက စကားအပြောအဆိုကောင်းခြင်းပဲဖြစ်မယ်လို့ယူဆမိပါတယ်။ အလကားသက်သက်မဲ့ အချိန်ဖြုန်း လေဖြုန်းတဲ့ စကားပြောဆိုတာမျိုးတော့မဟုတ်ဘူးပေါ့။ စာရေးကောင်းတဲ့သူတစ်ယောက်အတွက်က စာတွေအများကြီးရေးပြဖို့လိုအပ်ပေမယ့်လည်း စကားပြောကောင်းတဲ့သူတစ်ယောက်အတွက်ကတော့ အချိန်ခဏလေးပဲလိုအပ်တယ်။ ဆိုတော့ကာ ကျွန်တော်တို့အနေနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာအောင်မြင်ဖို့အတွက် စကားပြောကောင်းသူတစ်ယောက် ဖြစ်အောင် မဖြစ်မနေကြိုးစားအားသင့်ပါကြောင်းရေးသားရင်းနဲ့ပဲ ရပ်နားလိုက်ပါတယ်ဗျာ။


ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ 💖💖💖


@ansoe 19-May-2020(Tuesday)


HIVE LOGO ansoe myanmar.png