လုပ်စရာရှိတာ လုပ်ရမှာပဲ
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ…..
အသက်ရှင်သန်နေထိုင်နေသမျှကာလပတ်လုံး နောက်တစ်မျိုးပြောရမယ်ဆိုရင် မသေခင်အချိန်ထိပေါ့လေ... ဘေးအန္တရာယ်တွေဘယ်လောက်ပေါပေါ လုပ်စရာရှိတာတွေတော့လုပ်နေကြရတာပဲ... မလုပ်လို့မှမရပေပဲကိုးဗျ... စားရေးကတစ်နည်း ဝတ်ရေးကတစ်ဖုံ နေရေးကတစ်မျိုး တစ်နည်းတစ်ဖုံတစ်မျိုးနဲ့ နေ့ညအခါမလပ် နှိပ်စက်နေတတ်သေးတော့ လုပ်စရာကိုရှာကြံလုပ်နေကြရတော့တာပဲ... လုပ်စရာကလည်း ငွေရမှပိုက်ဆံရမှ လုပ်စရာလို့မသတ်မှတ်နိုင်ဘူး... ငွေမရလည်းပဲ လုပ်စရာရှိတာကို လုပ်နေရမှာပဲမဟုတ်လား... ကိုယ့်အိမ်ကရေမြောင်းပိတ်နေလို့လုပ်ရတဲ့အခါ ဘယ်သူကများ ငွေပေးလို့လဲ... ကိုယ်တိုင်ထမြောင်းဖော်ရတာပဲ... ပိုက်ဆံမရတဲ့အပြင် ဘေးကနေ ဟောက်မန်နေဂျာရဲ့ လမ်းညွန်ချက်မခံယူလို့ လက်ညှိုးတစ်ထိုးထိုးနဲ့တောင် ဟောက်ခံရအုံးမယ် ☺ ဒီတော့ကာ လုပ်စရာလို့ဆိုတာကိုက ပိုက်ဆံရတာ မရတာနဲ့မဆိုင်တော့ဘူးပေါ့နော... ပိုက်ဆံမရလည်း လုပ်စရာဆိုတာကရှိနေမှာဆိုတော့ အလုပ်နဲ့လက်ပြတ်တယ်ကိုမရှိတော့ဘူးပေါ့... အဲဒီမှာ ခက်တာက ပိုက်ဆံမရတဲ့အလုပ်တွေကများနေပြန်ရင်လည်း ပိုက်ဆံမရလို့ အဆင်မပြေ... ပိုက်ဆံရတဲ့အလုပ်လိုက်ရှာပြန်ရင်လည်းပဲ ပိုက်ဆံမရခဲ့ရင် ပိုက်ဆံမရတဲ့အလုပ်တွေ မလုပ်နိုင်ပြန်တော့ ဟောက်မန်နေဂျာရဲ့ အငေါက်အငမ်း ငြူဆူမှုကမလွတ်တော့ အဆင်မပြေပြန်တော့ဘူး ☺ ပိုက်ဆံများများရတဲ့အလုပ် လုပ်စရာရှိပြီး များများသာတကယ်ရရင် ဟောက်မန်နေဂျာက ဘာမှမခိုင်းပဲ အဲဒီနေ့တစ်ရက်အတွက်တော့ အဆင်ကိုပြေလို့...
ကိုဗစ်ကတစ်မျိုး မုန်တိုင်းတစ်ဖုံ ဘယ်လိုပင် အခက်အခဲတွေနဲ့ကာဆီးနေပေသော်လည်း လုပ်စရာရှိတာတော့လုပ်ရမှာပဲ... လုပ်စရာမရှိရင် ရှိအောင်ကြံဖန်လုပ်... အနည်းဆုံးက အိမ်သန့်ရှင်းရေးတော့ လုပ်ဖြစ်သွားတာပေါ့... အဲဒီကနေတစ်ဆင့်တက်လို့ အိမ်ဝိုင်းသန့်ရှင်းရေး၊ ရေကန်သန့်ရှင်းရေး၊ ထမင်းချက်၊ ထမင်းချက်၊ ဟင်းချက်၊ အိုးခွက် ပန်းကန်ဆေး၊ အဝတ်လျှော်၊ မီးပူတိုက် ဆက်ဆိုက်ဆိုသလို လုပ်စရာတွေ တန်းစီလို့ပေါ်လာပေလိမ့်မပေါ့ ☺ အားကြိုးမာန်တက်နဲ့ လုပ်စရာရှိတာတွေကိုလုပ်လိုက်မယ်ဆိုရင်ဖြင့် ဟောက်မန်နေဂျာက တပြုံးပြုံးနဲ့ ပျော်ပြုံးပြီး ကျေနပ်နှစ်သက်နေပေလိမ့်မယ်... အဲလိုလုပ်စရာကို စပြီးလုပ်မိပြီဆိုရင်ဖြင့် နောက်နေ့အတွက်လုပ်စရာအလုပ်တွေကို ဟောက်မန်နေဂျာက အဆင့်သင့်လုပ်နိုင်အောင် တန်းစီပေးထားပေလိမ့်မယ်... ဟောက်မန်နေဂျာက သဘောကောင်းလွန်းစွာနဲ့ "ဈေးသွားခဲ့တာ ကျမအတွက်ဘာမှမဝယ်မလာခဲ့ဘူး...ရှင့်အတွက်ပဲ အများကြီးဝယ်လာခဲ့တယ်" ဆိုပြီးတော့ ကြက်သွန်လှီးဓား၊ အမှိုက်ပုံး၊ တံမြက်စည်း၊ အမှိုက်ကျုံးဂေါ်၊ ဖူဂျီဆပ်ပြာပုံး စတာတွေကို ဘုန်းဘောလအော ရက်ရက်ရောရော နဲ့ငွေသုံးပြီး ဝယ်ပေးမှာအသေအချာပဲ ☺ သေပြီဆရာပေါ့ ☺ ကဲ-လုပ်စရာရှိတာသာလုပ်ကြပေရော့ ☺ ပြောရင်းဆိုရင်းနဲ့အိမ်က မဟေသီလေဒီ ဟောက်မန်နေဂျာက "လုပ်စရာရှိတာမလုပ်ပဲ ကွန်ပျူတာရှေ့တစ်ဂျောက်ဂျောက်နဲ့ ဘာတွေလုပ်နေတာတုံး" အော်နေပြီဗျို့... လုပ်စရာရှိတာ မြန်မြန်ပြေးလုပ်လိုက်အုံးမယ်... နောက်ရက်မှ ဆက်ရေးတော့မဗျို့... မိတ်ဆွေတို့လည်း စိတ်ညစ်မနေပဲ လုပ်စရာရှိတာ လုပ်ကြနော် ☺☺☺