လမ်းညွှန်

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


Point copy.png


လမ်းညွှန်ဆိုတာ နေရာဌာနတိုင်းမှာ လိုအပ်တယ်လိုထင်ပါတယ်။ လမ်းညွှန်ရှိမှ လွယ်ကူအဆင်ပြေတတ်ပါ တယ်။ လမ်းညွှန်ရှိပြီးတော့ လမ်းညွှန်အတိုင်းမလိုက်ရင်လည်း အလကားပဲဖြစ်ပါမယ်။ အချို့သော လူတို့ဟာ ကိုယ်ပိုင်လုပ်ငန်း ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်လိုကြတယ်။ အချို့သောသူတွေကျတော့လည်း အခြားသူတွေရဲ့ ကုမ္ပဏီကြီးတွေမှာ ၀န်ထမ်းတစ်ယောက်အဖြစ် ၀င်ရောက်လုပ်ကိုင်လိုကြတယ်။ ၀န်ထမ်းပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားပဲဖြစ်ဖြစ် တကယ်လက်တွေ့အဖြေကတော့ ငွေရှာနေကြခြင်းပဲဖြစ်ပါတယ်။ ငွေမရပဲ ပျော်တဲ့သူ ရှိချင်ရှိပါလိမ့်မယ်။ ဒါပေမယ့် အင်မတန်နည်းပါလိမ့်မယ်။ အများအားဖြင့်တော့ ငွေမရရင် လုပ်ငန်းအတော်များများမှာ မပျော်ပိုက် ကြပါဘူး။ လူတိုင်းကိုယ်စီမှာ ဖြစ်လိုတဲ့၊ ဖြစ်ချင်တဲ့ ဆန္ဒကိုယ်စီ ရှိနေတတ်ပါတယ်။ သိသိသာသာရော၊ မသိမသာရော ရှိနေကြပါတယ်။ ဒါပေမယ့် ဆန္ဒရှိတိုင်း ဖြစ်လာတာတော့ မဟုတ်ဘူး။ ဆန္ဒနဲ့ဘ၀ဆိုတာ ကလည်း တစ်ထပ်တည်းကျတဲ့သူက နည်းလိမ့်မယ်။ ဆန္ဒကတစ်ခြား ဘ၀ကတစ်ခြားဖြစ်နေတတ်ကြတယ်။ လူတိုင်းက အခြားသူတွေကို လုံးဝမှီခိုအားထားနေရလို့ရတာမဟုတ်ဘူး။ ဘေးကလူတွေကလည်း အစကနေ အဆုံးထိ ကူညီပေးနိုင်တာမျိုးမဟုတ်ဘူး။ လမ်းညွှန်ပေးမယ်။ ကူညီဖေးမပေးမယ် ဒီထက်ပိုပြီး ကူညီဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ဘာကြောင့်လဲဆိုတော့ ဘယ်အရာမဆို ကိုယ်တိုင်လုပ်မှ ရတယ်မဟုတ်လား။ လူတိုင်းက ချမ်းသာကြွယ်ဝတဲ့ မျိုးရိုးကနေ ဆင်းသက်လာမှာမဟုတ်သလို ဆင်းရဲတွင်းထဲရောက်နေတဲ့သူတွေ ချည်းပဲလည်းမဟုတ်ဘူး။ အစွမ်းအစမရှိကြတဲ့သူတွေလည်း မဟုတ်ပါဘူး။ သူများတစ်ကာလိုပဲ ဥာဏ်ရည်မီ၊ ကိုယ်လက်အင်္ဂါအပြည့်အစုံနဲ့ လူဖြစ်နေကြရတာများပါတယ်။ သူလည်း လူ ကိုယ်လည်း လူပါပဲ။ မမြင်ရတဲ့ လွန်ခဲ့တဲ့ အတိတ်က ကံဆိုတာကိုတော့ ထည့်မစဉ်းစားနဲ့ပေါ့။ စီးပွားရေးလုပ်တဲ့အခါမှာ ကိုယ့်ရဲ့လမ်းညွှန် ဆိုတာ ရှိသင့်ပါတယ်။ စီးပွားရေးမှာမှ မဟုတ်ပါဘူး။ ဘ၀အောင်မြင်ရေး ဘာရေး ညာရေးတွေမှာလည်း လမ်းညွှန်ဆိုတာရှိသင့်ပါတယ်။


Point copy 2.png


လူအတော်များများက စာဖတ်ကြတယ်။ တစ်ချို့က စာတွေကို ပြီးစလွယ်ဖတ်တယ်။ တစ်ချို့က သေသေချာချာ မှတ်မှတ်သားသားလုပ်ထားပြီးဖတ်တယ်။ တစ်ချို့ကတော့ စာကို ကျော်ချပြီးဖတ်ကြတယ်။ ကွဲပြားခြားနားမှုက ရှိလာမှာပါပဲ။ စာမဖတ်ရင် အသိပညာ ဗဟုသုတ မတိုးတတ်သလို၊ စာဖတ်ပြီး မကျင့်ကြံနိုင်ပြန်ရင်လည်း စာမဖတ်ထာနဲ့ ဘာမှမထူးဘူး။ တစ်ခုခုကို ထူးထူးချွန်ချွန်ဖြစ်အောင် လုပ်ချင်ကိုင်ချင်စိတ်ဖြစ်လာပြီဆိုရင် အရာရာကို မှတ်မှတ်သားသားရှိမှရမယ်။ ကိုယ့်စိတ်နဲ့ သဘောတွေ့တဲ့ အဆိုအမိန့်တွေ၊ စီးပွားရေးဥပဒေသ တွေ၊ အဆုံးအမတွေ၊ စကားပုံတွေကိုလည်း သီးသန့်စာအုပ်ထား ရေးမှတ်ထားရင် အကောင်းဆုံးပဲဖြစ်မယ်။ ရေးထားသမျှကို နေ့စဉ် အချိန်လေးပေးပြီး ဖတ်ရှုလေ အကျိုးရှိလေပါပဲ။ ပေးလိုက်တဲ့အချိန်က ဂိမ်းကစားတဲ့ အချိန်လောက်မကြာမြင့်ပါဘူး။ နေ့စဉ်ဖြစ်စေ အားလပ်တဲ့အချိန်မှာပဲဖြစ်စေ စာတွေဖတ် မှတ် ရေးသားထား ခဲ့တာတွေကို ပြန်ဖတ်ကြည့်ပြီး ကိုယ့်ရဲ့ လမ်းညွှန်အဖြစ်ခံယူနိုင်ပါတယ်။ မှတ်သားထားတာတွေ၊ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို မှတ်တမ်းအဖြစ်ထားရှိတာဟာ အမှားအယွင်းကို ပြုပြင်နိုင်အောင်ကူညီပေးတယ်။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ပြန်လှန်လေ့ကျင့်ခန်းဆင်းသလိုပါပဲ။ မှားနေတယ်ဆိုတာကို သိရင် မှန်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားမိလိမ့်မယ်။ ဒါဆိုနောက်တစ်ကြီမ် အမှားဖြစ်ဖို့အခွင့်အရေးနည်း သွားပါတယ်။


Point copy 1.png


ဘယ်လုပ်ငန်းကိုမဆို လုပ်ကိုင်တော့မယ်ဆိုရင် ရည်မှန်းချက်ဆိုတာတွေ၊ ရိုးသားဖြောင့်မတ်မှုတွေ၊ မေတ္တာတရားတွေဆိုတာကတော့ ပါရစမြဲပဲမဟုတ်လား။ အဲဒါတွေကို အခြေခံပြီး ရည်မှန်းချက်ကို သွားကြရ ပါတယ်။ လမ်းညွှန်မရှိခဲ့ရင် လမ်းမှားနိုင်ပါတယ်။ ဒီတော့ ကိုယ့်အတွေ့အကြုံ၊ ဗဟုသုတနဲ့ ကြားဖူးနားဝ ဆိုတာတွေက ကိုယ့်ရဲ့ လမ်းညွှန်တွေ ဖြစ်လာပါတယ်။ လမ်းညွှန်ကို သေချာကြည့်မှ လမ်းမမှားမှာပဲဖြစ်ပါ တယ်။ သေချာမကြည့်လို့ လမ်းမှားရင် အချန်ကုန် လူပမ်းဖြစ်တတ်ပါသေးတယ်။ အဲဒီလိုလမ်းမှားခဲ့ရင်လည်း ကိုယ့်မှတ်စု မှတ်တမ်းတွေကို သေချာပြန်ဖတ် အမှားကို သေချာစဉ်းစားကြည့်ရင် အမှန်ကို ပြန်ရတတ်ပါတယ်။ အတွေ့အကြုံတွေဆိုတာက ငွေကြေးနဲ့ လဲလှယ်လို့ရတာမျိုးမဟုတ်ဘူး။ ဒီတော့ ကိုယ်မတွေ့ကြုံဘူးသေးရင် တွေ့ကြုံဘူးသူတွေရဲ့ ပြောစကားတွေကို မှတ်သားထားသင့်ပါတယ်။ အဲဒီမှတ်သားချက်တွေကပဲ လမ်းညွှန် ဖြစ်လာပါတယ်။ တစ်ခါတစ်ရံမှာ ပေါ်ပေါက်လာတတ်တဲ့ အမှန်တရားကို အခြေခံတဲ့အလုပ်တွေ အခွင့်အလမ်း တွေကိုလည်း လက်မလွတ်တမ်း ပြုလုပ်သင့်ပါတယ်။ အမှန်တရားကို အခြေခံခဲ့ရင် လူပုဂ္ဂိုလ် မစွဲပဲ ဘယ်သူ လုပ်တဲ့ အလုပ်ကမှန်တယ်ဆိုတာမျိုးထက် ဘယ်လိုလုပ်ရပ်ကိုလုပ်တာက မှန်တယ်ဆိုတာမျိုးပဲ ဖြစ်အောင် ကြိုးစားရမှာပဲဖြစ်ပါတယ်။ ဘယ်လုပ်ငန်းမှာမဆို အောင်မြင်ချင်တယ်ဆိုရင် ကိုယ်ဒူး ကိုယ်ချွန်ဖြစ်အောင် ကြိုးစားခဲ့ကြတဲ့ အကြောင်းအရာတွေကို များများဖတ်၊ များများမှတ်သားထားသင့်ပါတယ်။ လိုအပ်တဲ့အချိန်မှာ အဲဒီအကြောင်းအရာတွေကို ပြန်လည် ထုတ်နုတ်ပြီး လက်တွေ့အကောင်အထည်ဖော်လုပ်ကိုင်နိုင်ပါလိမ့်မယ်။


Point copy 3.png


အောင်မြင်ချင်သူတွေကတော့ အောင်မြင်ရေးအတွက် ရေးသားထားကြတဲ့ စာအုပ်စာပေတွေကို များများဖတ်ပြီး များများကျင့်ကြံနေထိုင်ကြပါတယ်။ ဖတ်သာဖတ်ပြီး မကျင့်ကြံ မနေထိုင် လက်တွေ့မှာအသုံးမချရင်တော့ စာဖတ်တာက မျက်စိမွဲ ဇက်ကြောတက်ပြီး မျက်မှန်တပ်ရတဲ့ အကျိုးပဲ ရရှိလိမ့်မယ်။ ဘယ်ပညာရပ်မဆို လက်တွေ့ အသုံးမချခဲ့ရင်တော့ အသုံးမကျပါဘူး။ အသုံးချပါမှ အသုံးကျပါတယ်။ ဓားကို ၀ယ်ထားပြီး ထရံမှာထိုးထားရင် အဲဒီဓားဟာ အသုံးကျတဲ့ ဓားဖြစ်လာမှာမဟုတ်ပါဘူး။ လက်ထဲမှာ လမ်းညွှန်မြေပုံကြီးကို တော့ ကိုင်ထားပါရဲ့။ အညွှန်းအတိုင်း မသွားပဲနဲ့ ဆန့်ကျင်ဖက်ကို သွားပြန်ရင်လည်း အညွှန်းပါပေမယ့် အသုံး မကျတော့ပါဘူး။ အညွှန်းကို သေချာစွဲကိုင် ရည်မှန်းချက်ကို ပိုင်ပိုင်နိုင်နိုင်ချပြီး ဘယ်လိုအကြောင်းမျိုးနဲ့မှ မယိမ်းယိုင်သွားအောင် လမ်းကြောင်းကို ဖြောင့်ဖြောင့်သွားနိုင်ပါမှာ အချိန်အတိုင်းတာတစ်ခုအတွင်းမှာ ရည်မှန်းချက်အတိုင်း ရရှိနိုင်၊ ရောက်ရှိနိုင်မှာပဲဖြစ်ပါတယ်။ ရတနာတွေရှိတယ်လို့ ညွှန်ပြထားတဲ့ ရတနာမြေပုံ တစ်ခုကို လက်မှာ ပိုင်ဆိုင်ထားပေမယ့် လက်တွေ့ ကျကျအကောင်ထည်ဖော်ပြီး လမ်းညွှန်မြေပုံအတိုင်း သွားမရှာနိုင်ခဲ့ရင် ဒါမှမဟုတ် သွားမရှာခဲ့ရင်တော့ ရတနာတွေ ရလာမှာ မဟုတ်ပါ။ ရတနာရချင်တယ်ဆိုရင် ရှာရမှာပါ။ လုပ်ငန်းတွေမှာ လမ်းညွှန်ချက်တွေကို သေချာလိုက်နာပါမှ ရည်မှန်းချက်အတိုင်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ လမ်းညွှန်ထားတာတွေကို မလိုက်နာနိုင်ရင်တော့ အောင်မြင်နေတယ်ဆိုဦးတော့။ ပရမ်းပတာအောင်မြင်ပဲဖြစ်ပြီး ရေရှည်အောင်မြင်မှုနဲ့အတူ ရပ်တည်နိုင်လိမ့်မယ်လို့ မယူဆမိပါ။ ဒါ့ကြောင့် ကိုယ့်ရဲ့လမ်းညွှန်ချက်လေးတွေကို မှတ်သား ချမှတ် လိုက်နာဆောင်ရွက်ပြီး အောင်မြင်တဲ့ဘ၀လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်တောင်းရင်း ရပ်နားလိုက်ရပါတယ်။


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

10-6-2019 တနင်္လာနေ့(Monday)