ကိုယ်ပိုင် စီးပွား

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ဒီတစ်ခါတော့ စီးပွားအကြောင်း စိတ်ကူးပေါက်သမျှ ရေးတင်မယ်ဗျာ။ သည်းခံ ဖတ်ကြပါခင်ဗျ ☺။လွတ်လပ်တာကို လူတိုင်း လိုလားကြပါတယ်။ မလွတ်မလပ်နေထိုင်ကြရတာကိုကြိုက်နှစ်သက်ကြပါတယ်။ လုပ်ငန်းလုပ်ရာတွင်မဆိုထားနဲ့ အ၀တ်အစားဝတ်ဆင်တဲ့အခါမှာတောင် လွတ်လွတ်လပ်လပ် ၀တ်ဆင်လာ ကြပါတယ်။ မိန်းကလေးများမှာဆို ပိုတောင်သိသာသေးတယ် ☺ ဒီတော့ ကိုယ်ပိုင်တဲ့ စီးပွားရေးလုပ်ငန်း တစ်ခုကို မလုပ်ချင်တဲ့သူ နည်းလိမ့်မယ်လို့လည်း ယူဆပါတယ်။ သူများတွေဆီမှာ လက်ဝေခံ အခိုင်းခံ လုပ်နေချင်တဲ့သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ စီးပွားရေးဆိုတာ ကိုယ်ဖာသာတစ်ယောက်တည်း တောကြီး မျက်မဲမှာ သွားလုပ်လို့ရတာမဟုတ်ဘူး။ လူတွေနဲ့ စီးပွားရေးလုပ်ရတာမဟုတ်လား။ ဒီတော့ လူတွေနဲ့ တည့်အောင်ပေါင်းတတ်ဖို့က ပထမဆုံးအရေးကြီးတယ်။ လူတွေနဲ့ မပေါင်းတတ်ရင် ပေါင်းတတ်အောင် လေ့ကျင့်သင့်တယ်။ အဲဒီလိုမှ လူတွေနဲ့ ပေါင်းသင်းဆက်ဆံခြင်း မလုပ်လိုဘူးဆိုရင်တော့ စီးပွားရေး မလုပ်တာ အကောင်းဆုံးပဲလို့ အကြံပြုလိုပါတယ်။ လူနဲ့လူချင်းပေါင်းသင်းဆက်ဆံမှုကောင်းမှ စီးပွားရေးဆိုတာလုပ်လို့ ရနိုင်တာမဟုတ်လား။ အိမ်တွင်းမှုလုပ်ငန်းလုပ်တာပါလို့ ဆိုချင်ဆိုကြပါလိမ့်မယ်။ အိမ်တွင်းမှုလုပ်ငန်းမှာလည်း လူနဲ့လူချင်း ဆက်ဆံကြရတာပါပဲ။ ကိုယ့်ပစ္စည်းကို ၀ယ်ယူသူ၊ ဖြန့်ဖြူးသူ၊ ရောင်းချသူတွေဆိုတာကလည်း လူတွေပါပဲ။ နတ်တွေတစ်ပါးမှ ဈေးလာဝယ်တယ်ဆိုတာ မမြင်ဘူးသေးပါဘူး။ ကိုယ်ပိုင်စီးပွားရေးလုပ်မယ့်သူ အတွက်ဆို အပေါင်းအသင်းဆက်ဆံရေး ပိုပြီးတော့လိုအပ်မှာပါ။ ကုမ္ပဏီမှာ လခစားဝန်ထမ်းဘ၀နဲ့ လုပ်ကိုင် နေတဲ့သူဆိုရင်တောင် ဆက်ဆံရေးမကောင်းရင် အလုပ်ပြုတ်သွားနိုင်တဲ့ခေတ်ကြီးပါ။ အစိုးရလခစားဝန်ထမ်း တွေလည်း ဆက်ဆံရေးမကောင်းရင် ယနေ့ခေတ်မှာ ပြဿနာဖြစ်ပြီး အလုပ်ထိခိုက်နိုင်တဲ့ခေတ်ဖြစ်နေပါပြီ။ ဒီတော့ ကိုယ်ပိုင်စီးပွားလုပ်တော့မယ့်သူတစ်ယောက်အနေနဲ့က အခြားသူတွေထက် ပိုပြီးတော့ လူမှုပေါင်းသင်း ဆက်ဆံရေးကဏ္ဍက ပိုအရေးကြီးတာကြောင့် လူမှုပေါင်းသင်းဆက်ဆံရေးကို အလေးထားသင့်ပါတယ်။ လူမှန်ရင်စားဖို့အတွက် အလုပ်လုပ်ကြရမယ်ဆိုတဲ့စကားကို လူတိုင်းကြားဖူးမယ်ထင်ပါတယ်။ ထမင်းစားရုံသက် သက်အတွက် အလုပ်လုပ်နေတဲ့သူတွေ လောကမှာ အင်မတန်များပြားလှပါတယ်။


02.png


ကိုယ်ပိုင်စီးပွားဖြစ်စေ၊ ကုမ္ပဏီဝန်ထမ်းဖြစ်စေ လမ်းဟောင်းများအား အသုံးပြုသင့်သောအချိန်၊ လမ်းသစ်ထွင် သင့်သောအချိန်တို့ကို နားလည်သင့်ပါတယ်။ အများစုသောလူတို့သည် အသစ်အဆန်းကို စိတ်ဝင်စားကြသည့် အလျောက် အသစ်အဆန်းများအား ဖန်တီးအသုံးပြုနိုင်လေ လူစိတ်ဝင်စားမှုကို ခံရလေလေဖြစ်တတ်ကြောင်း မြင်တွေ့ရပါတယ်။ ရိုးအီနေသော နည်းစနစ်၊ ကုန်ပစ္စည်းတို့အပေါ်တွင် လူအများက စိတ်မ၀င်စားတတ်ကြပါ။ အရည်အသွေးကောင်းခြင်း၊ မကောင်းခြင်းကို သုံးကြည့်ပြီးမှသာ ဆုံးဖြတ်တတ်ကြပါတယ်။ ပစ္စည်းရောင်းလိုသူ တစ်ယောက်အနေနှင့် ဇွတ်ရောင်းခြင်းမျိုးကိုရှောင်ရှားသင့်ပါတယ်။ အခြားသောနိုင်ငံများ၏ အကြိုက်ရေးသား ထားကြသော စီးပွားရေးစာအုပ်စာတမ်းများဟာ ကျွန်တော်တို့နိုင်ငံအတွက်မူ ကိုက်ချင်မှ ကိုက်ညီပါလိမ့်မယ်။ ဒီလိုပါပဲ၊ နိုင်ငံအတွင်းမှာလည်း တစ်နေရာနှင့်တစ်နေရာ ဒေသကွာခြားသွားတဲ့အခါမှာ ကိုက်ညီမှုတွေ ကွဲလွဲသွားတတ်ကြပါသေးတယ်။ စီးပွားလုပ်တယ်လို့ဆိုတဲ့နေရာမှာ မဖြစ်လို့ ထလုပ်ကြရသောသူများ၊ ရှိစု မဲ့စု စုဆောင်းထားတာတွေကို ပေါင်နှံရောင်းချလုပ်ကိုင်သူများဟာ စတင်စွန့်စားမှုကို လုပ်ကြရခြင်းဖြစ်ပါတယ်။ ခြေချော် လက်ချော်ဆိုတဲ့စကားလုံးကို မကြားဝံ့သူများဖြစ်ကြပါတယ်။ မိသားစုလုပ်ငန်း၊ တစ်ဦးတည်းပိုင် လုပ်ငန်း လုပ်ကိုင်ရာမှာ ခြေချော်လက်ချော်ကိစ္စများကိုလည်း ထည့်သွင်းစဉ်းစားထားကြရပါတယ်။ အတတ်နိုင်ဆုံး ပြင်ဆင်ထားကြရပါတယ်။ အတတ်ပညာကျွမ်းကျင်သူဖြစ်နိုင်သလို အသိပညာသာ ကျွမ်းကျင်သူလည်းဖြစ်နိုင်ပါတယ်။ နှစ်ခုစလုံးကို ကျွမ်းကျင်နေသူလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကိုယ်ပိုင် ပစ္စည်းကို ပေါင်နှံရောင်းချပြီး စီးပွားလုပ်သူများအနေနဲ့ ဆုံးရှုံးသွားလျှင် ငွေကြေးပြန်ဆပ်စရာမလိုပေမယ့် ငွေကြေးများကို ချေးငှားလုပ်ကိုင်သူဖြစ်ပါက ထိုငွေကြေးကို ပြန်ဆပ်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေး စတင်မလုပ်ကိုင်မီကပင် စဉ်းစားရမယ့်အချက်တစ်ချက်ကတော့ ငွေကို ဘယ်ကရယူပြီး လုပ်ငန်းလုပ်မှာလဲ ဆိုတာပါပဲ။


03.png


သူများတွေ Online လုပ်ငန်းလုပ်ပြီး ချမ်းသာနေတာကိုကြည့်ကာ အားကျပြီး လိုက်လုပ်ခဲ့မယ်ဆိုရင် ကျွမ်းကျင်သူဖြစ်ခဲ့မယ်ဆို ပြဿနာသိပ်မရှိနိုင်ပေမယ့် မကျွမ်းကျင်သူဖြစ်မယ်ဆိုရင်တော့ ကိုယ့်အလှည့်ကျမှ လူလိမ်တွေနဲ့ချည်းတွေ့နေနိုင်ပါတယ်။ ကိုယ်ဘာကျွမ်းကျင်သလဲဆိုတာကိုလည်း အရင်ဆုံး ကိုယ့်ဖာသာ ပြန်မေး၊ ပြန်စစ်ပြီး လုပ်ငန်းကို ထောင့်စေ့အောင်လော့ပြီးမှသာ စတင်သင့်ပါတယ်။ သူများချဲရောင်းတာကို အားကျပြီး ချဲရောင်းခဲ့ရင် ကိုယ့်အလှည့်ကျမှ ရဲဖမ်းတာနဲ့ တိုးပြီး အချုပ်ထဲ ရောက်သွားတတ်ပါတယ်။ ဒီတော့ ကိုယ်ပိုင်စီးပွားလုပ်ချင်သူများအနေနဲ့ကတော့ အမြဲတမ်းလုပ်ကိုင်နေရမယ့်အလုပ်ဖြစ်တဲ့အတွက် မိမိနဲ့ အံဝင်ခွင်ကျဖြစ်စေနိုင်တဲ့အလုပ်မျိုး၊ ၀ါသနာလည်းပါသောအလုပ်မျိုး၊ ပိုင်နိုင်ကျွမ်းကျင်တဲ့အလုပ်မျိုးကို စတင် တည်ထောင်သင့်ပါတယ်။ အဲဒီထဲကတစ်ခုခုနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ မဆိုးနိုင်လောက်ဘူးလို့လည်း ထင်ပါတယ်။ စီးပွားရေးမလုပ်ခင်မှာ စဉ်းစားစရာရှိတာကို အကုန်စဉ်းစားနိုင်လေကောင်းလေပဲဖြစ်ပါလိမ့်မယ်။ လုပ်ငန်းထူတောင်ပြီးကမှ နောက်ဆုတ်ဖို့ အင်မတန်ခက်ခဲသွားတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ စကားပုံ တစ်ခုနဲ့ ချွေးသိပ်တတ်ကြတတ်ကြပါသေးတယ်။ “သစ်မရှိခင် ၀ါးပေါင်းကွပ်” ဆိုလားပဲ။ ခဏတာလုပ်ကိုင် ကြည့်မယ်ဆိုတဲ့စိတ်ကူးမျိုးဖြစ်လိမ့်မယ်ထင်ပါတယ်။ ခဏတာ လုပ်နေရင်းနဲ့ သစ်ကို မရှာနိုင်ပဲ ၀ါးပေါင်းကွပ်ရင်းနဲ့ပဲ အိုမင်းမစွမ်းဖြစ်ကုန်ကြတဲ့သူတွေ၊ သေဆုံးကုန်ကြရတဲ့သူတွေ လောကမှာ အများကြီး ရှိနေတာကို အမှတ်ရစေချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ၀ါးပေါင်းကွပ်မနေသင့်ဘူးလို့လဲ ထင်ပါတယ်။ လူအများစု အောင်မြင်ဖို့ခက်ခဲတဲ့အလုပ်မျိုးကိုရှောင်ကြဉ်နိုင်သင့်တယ်။ နောက်ပြီးတော့ ကားမောင်းနေသူတစ်ယောက်လို စိတ်ကူးကို ထိန်းချုပ်နိုင်ရပါမယ်။ ကားမောင်းတဲ့သူလို့ဥပမာပေးတာ နားလည်လွယ်စေချင်လို့ပါ။ ကားမောင်းတဲ့ သူဟာ အာရုံတွေများ၊ အာရုံထွေပြားနေမယ်ဆိုရင် အန္တရာယ်ဖြစ်နိုင်တာ နားလည်ကြမှာပါ။ ဒီလိုပဲ ကိုယ်လုပ်နေတဲ့ လုပ်ငန်းကို အာရုံမစိုက်နိုင်ရင် အဲဒီအလုပ်ကို မလုပ်တာအကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်။


04.png


ဘယ်လိုလုပ်ငန်းမျိုးကိုပဲ လုပ်လုပ်၊ အကောင်းတကာ့ အကောင်းဆုံးကို မျှော်လင့်နေရန်မဟုတ်ပေမယ့် အဆိုးဆုံးထဲမှာတော့ ရှိမနေသင့်ပါဘူး။ ဒီတော့ အကောင်းဆုံးမဖြစ်တောင်မှ အဆိုးဆုံးမဖြစ်စေဖို့ ဘယ်နေရာ၊ ဘယ်လုပ်ငန်းမှာမဆို ကြိုးစားအားထုတ်သင့်ပါတယ်။ ဖြစ်နိုင်မယ်၊ တတ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်အောင်လုပ်ရမှာပါပဲ။ လူတိုင်းရဲ့စိတ်ဟာလည်း ကိုယ့်စိတ်လိုပဲဆိုတာကိုလည်း နားလည်ထားသင့်ပါတယ်။ ကိုယ်က စိတ်ဆိုးတတ်သလို သူလည်းစိတ်ဆိုးတတ်ပါတယ်၊ ကိုယ်က အကောင်းကြိုက်တတ်သလို သူလည်းပဲ အကောင်းကြိုက်တတ်မှာပါပဲ၊ ကိုယ်က နေရာလိုချင်သလို သူလည်း နေရာလိုချင်မှာပါပဲ၊ ကိုယ်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံစေချင်သလို သူကလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံစေချင်မှာပါပဲ၊ ကိုယ်က ဈေးနှုန်းချိုချိုနဲ့ ပစ္စည်းကောင်းကောင်းကို လိုချင်သလို သူလဲအတူတူပါပဲဆိုတာကို နားလည်နိုင်မယ်ဆိုရင် လုပ်ငန်းအောင်မြင်ပြီလို့ ဆိုနိုင်ပါလိမ့်မယ်။ ဒါကို လူတွေရဲ့ အတ္တလို့ခေါ်ဆိုနိုင်ပါလိမ့်မယ်။ လူတိုင်းမှာ အတ္တ ရှိပါတယ်။ နည်းတာနဲ့ များတာပဲကွာပါလိမ့်မယ်။ အတ္တနည်းသူက သူများအတွက်ကြည့်တတ်သလို အတ္တများသူက သူတစ်ယောက်အတွက်သာ ကြည့်တတ်ကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။

ပေါင်းသင်းဆက်ဆံရေးကို တိုးတက်အောင်ကြိုးစားပါ

ဘယ်လုပ်ငန်းကိုမဆို ငွေကြေးကအစ သေသေချာချာ ရှု့ထောင့်စုံ စဉ်းစားပြီးမှလုပ်ပါ

အာရုံထွေပြားခြင်းကို တတ်နိုင်သလောက်ရှောင်ရှားပါ

လူတိုင်းမှာ အတ္တရှိတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

22-Oct-2018 တနင်္လာနေ့(Monday)