ကပ်ရောဂါအလား တုပ်ကွေးဖျား(The Flu)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ဒီနေ့တော့ မကြာခင်ရက်ပိုင်းအတွင်းက ကြည့်လိုက်မိတဲ့ ကိုရီးယားဇာတ်ကားလေးတစ်ကားကို ညွှန်းချင်ပါ တယ်။ ရုပ်ရှင် ဇာတ်ကားတွေကို အစကနေ အဆုံးထိ မကြည့်ဖြစ်တာ နှစ်ပေါင်းအတော်ကြာနေခဲ့ပြီဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းကတော့ ထုံးစံအတိုင်း သူများတွေကြည့်နေတဲ့ ကိုရီးယားကားကို ဘေးကနေထိုင်ကြည့်မိတာ အစကနေ အဆုံးထိတိုင် ကြည့်ဖြစ်သွားခဲ့တယ်။ ဆွဲဆောင်မှုရှိတယ်လို့ပဲ ပြောရမလား၊ တိုက်ဆိုင်တယ်လို့ပဲ ပြောရမလားတော့ မသိပါဘူး။ ဒါပေမယ့် ရသစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီဇာတ်ကားကတော့ The Flu ဆိုတဲ့ ကိုရီးယားဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ထိုင်ကြည့်မိတော့ မထဖြစ်အောင် ဆွဲဆောင်သွားတာကြောင့် အစကနေ အဆုံးထိ ကြည့်ဖြစ်သွားခဲ့ပါတယ်။ စာရေးသူ၊ ဒါရိုက်တာ၊ သရုပ်ဆောင်များရဲ့ ပီပြင်မှုတွေကြောင့်လည်း ပါပါတယ်။ ဇာတ်ကားတစ်ကားကို အစကနေအဆုံးထိတိုင် စိတ်ရှည်ရှည် ထိုင်မကြည့်ဖြစ်ခဲ့တဲ့ ကျွန်တော် ဒီဇာတ်ကားလေးကိုတော့ ရသမျိုးစုံ ခံစားရင်းနဲ့ ဇာတ်ကားပြီးဆုံးသည်အထိ ထိုင်ကြည့်မိပါတယ်။ ကိုယ့်အယူအဆ၊ ခံစားချက်တွေနဲ့ပဲ တိုက်ဆိုင် နေလို့လားဆိုတာတော့ မပြောတတ်ပါ။ ကျန်းမာရေးဗဟုသုတအပြင် လူတွေရဲ့ စိတ်ဓာတ်အမျိုးမျိုးကို မြင်တွေ့ ခံစားရပါတယ်။ ဒီဇာတ်ကားဟာ 2013 ခုနှစ်ကတည်းက ထွက်ရှိထားတာဖြစ်လို့ ကြည့်ဖူးသူများလည်း ရှိပါလိမ့်မယ်။ မကြည့်ရသေးရင်လည်း ကြည့်ကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။ အပစ်အခတ် အကြမ်းအရမ်း ဇာတ်ကားမဟုတ်သလို မျက်စိနောက်လောက်အောင် ရှုတ်ထွေးလှတဲ့ ခေတ်လွန် သိပ္ပံကားမဟုတ်ပါဘူး။
The Flu ဇာတ်ကားကို Hong Kong ကနေ အစပြုထားပြီး တရားမ၀င် အလုပ်လုပ်ကိုင်ကြတဲ့ ငွေကြေးချို့တဲ့သူ များကို Container ထဲထည့်သွင်းပြီး Korea နိုင်ငံကို ပို့ဆောင်ပေးတာကနေ အစပျိုးဖွင့်လှစ်ထားပါတယ်။ အဲဒီ ကွန်တိန်နာထဲကို လူပေါင်းစုံထိုးသိပ်ထည့်တဲ့အခါ တုပ်ကွေးရောဂါ စတင်ဖြစ်ပွားနေတဲ့ သူတစ်ယောက်ပါလာ ခဲ့ရာကနေ ကိုရီးယားနိုင်ငံ၊ ဘွန်ဒန်းမြို့Bundang Cityကို H5N1 လို့သတ်မှတ်ကြတဲ့(၀က်တုပ်ကွေးလို့ ခေါ်ဆိုရမလားမသိ)ရောဂါပိုး အလျင်အမြန်ပြန့်ပွားပြီး လူဦးရေ 470,000 ကျော်လောက်ရှိတဲ့မြို့ကြီးမှာ ကပ်ရောဂါသဖွယ် အလျင်အမြန်ကူးစက်ပြန့်ပွားပြီး ငရဲဘုံတစ်ခု သဖွယ် ဖြစ်ပျက်သွားတာကို ဖော်ကျူးရိုက်ကူး ထားတာ ကြည့်ရှုရပါတယ်။ ကြောက်လန့်ဖွယ်၊ သနားစဖွယ်၊ ကြည်နူးဖွယ်၊ ဒေါသထွက်ဖွယ်၊ မခံချင်ဖွယ် စတဲ့ စတဲ့ မြောက်မြားလှတဲ့ ရသတွေကို ပေးစွမ်းနိုင်ပြီး အေးမြတဲ့မေတ္တာလို့ခေါ်ဆိုကြတဲ့ (၅၂၈)သွယ်သော မေတ္တာ တရား၊ ပူလောင်တယ်လို့ပြောကြတဲ့ (၁၅၀၀) ကိလေသာမေတ္တာတရားတွေကို အံ့သြ ထိတ်လန့် ဒေါသထွက်ဖွယ် ရင်သပ်ရှုမော ခံစားကြရမှာလဲဖြစ်ပါတယ်။ အဲဒီလို များပြားလှတဲ့ ခံစားချက်မျိုးစုံကို ပေးစွမ်း နိုင်ခဲ့လို့လည်း ထိုင်ရာကမထနိုင်အောင် ဆွဲဆောင်သွားလေသလားတော့ မသိပါ။ ဇာတ်လမ်းဆုံးသွားမှ အော် ဇာတ်ကားတစ်ခုလုံး ထိုင်ကြည့်မိမှန်း သတိရမိပါတော့တယ်။
ဒီရသစုံ ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကိုတော့ တောင်ကိုရီးယားနိုင်ငံSouth Korea က Disaster film ကနေ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုရေးသားသူလည်းဖြစ် ရိုက်ကူးတင်ဆက်သူ ဒါရိုက်တာလည်း ဖြစ်တဲ့သူ(Written and Director) ကတော့ Kim Sung-su ဆိုသူဖြစ်ပါတယ်။ (၃၆)နာရီဆိုတဲ့ တိုတောင်း လှတဲ့ အချိန်ကလေးအတွင်းမှာပဲ ဘွန်ဒန်းမြို့Bundangကြီးဟာ ငရဲဘုံ၊ ငရဲခန်းတစ်ခုသဖွယ် ဖြစ်ပျက်သွားခဲ့ တာဟာ H5N1 ဆိုတဲ့ virus ပိုးကနေ လူပေါင်းများစွာ၊ အသက်ပေါင်းများစွာကို သတ်ဖြတ်သွားခဲ့တာဟာ မယုံကြည်နိုင်စရာ အဖြစ်အပျက်တစ်ခုလို ဖြစ်ပျက်သွားခဲ့ကြောင်းကို တင်ဆက်ပြသသွားပါတယ်။ ဒီနေရာမှာ လူသားဆန်တဲ့ လူသားတွေ၊ လူသားမဆန်တဲ့ လူသားတွေ၊ ခံယူချက် ယုံကြည်ချက် မတူညီတဲ့သူတွေ၊ တိုင်းပြည်မှာ နေထိုင်ကြတဲ့ ပြည်သူပြည်သားတွေ၊ အတ္တကြီးသူတွေ၊ အတ္တကိုစွန့်လွှတ်ပြီး ပရဟိတကို ဦးစားပေး ဆောင်ရွက်ကြသူတွေကို မြင်တွေ့ကြ၊ ခံစားကြရမှာပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ ဒုက္ခတွေ များပြား နေပါစေ၊ ကိုယ့်တိုင်းပြည် ကိုယ့်ပြည်သူ ပြည်သားတွေကို ကိုယ်တတ်စွမ်းနိုင်သမျှ ကာကွယ်မယ်ဆိုတဲ့သူတွေနဲ့ သေမင်းနဲ့ စစ်မခင်းလိုသူတွေရဲ့ အားပြိုင်မှုတွေကိုလည်း တွေ့ရှိကြရမှာပဲဖြစ်ပါတယ်။ သောင်းချီပြီး သေဆုံးနေသူတွေ ရောဂါဖြစ်နေသူတွေကို တိရစ္ဆာန်တွေ သဖွယ် လှောင်၊ သေဆုံးသူတွေကို ဆွေမျိုးသားချင်း သာမက အခြားဘယ်သူမှ မသိအောင် တိတ်တဆိတ် မီးလောင်တိုက်သွင်းနေကြတဲ့ ရက်စက်ယုတ်မာတဲ့ လူမဆန်တဲ့ အပြုအမူတွေကို စက်ဆုပ်ရွှံ့ရှာဖွယ် သနားစဖွယ် ခံစားကြရမှာပဲဖြစ်ပါတယ်။ သက်ဆိုင်ရာပညာရှင်တွေကို မလေးစား၊ အရေးမလုပ်၊ ငါ့အတ္တ၊ ငါ့နေရာ၊ ငါ့ထိုင်ခုံ၊ ငါသိ ငါတတ်လုပ်နေတဲ့ အစိုးရပိုင်းဆိုင်ရာ ၀န်ကြီးများ၊ အရာရှိကြီးများကိုလည်း ပညာရှင်တို့ဘက်မှ မခံချင်သဖွယ်ဖြစ်စေပါတယ်။
ဒီဇာတ်ကားမှာ အတုယူအားကျဖွယ် လူနှစ်ယောက်ကိုလည်း ကျွန်တော့်အနေနဲ့ မြင်တွေ့ခဲ့ရပါတယ်။ ပထမ တစ်ယောက်ကတော့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ သမတကြီးဖြစ်ပြီး နောက်တစ်ယောက်ကတော့ ပရဟိတကယ်ဆယ်ရေးသမားဖြစ်ပါတယ်။ သမတကြီးဖြစ်သူအနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို အပြည့်အ၀ယူပြီး ပြည်သူတို့ရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့အပြင် ပြည်သူတွေ ရောဂါဆိုးနှိပ်စက် နေတာကို မကြည့်ရက် မကြည့်နိုင်ပဲ မျက်ရည်တ၀ဲဝဲနဲ့ သရုပ်ဆောင်ချက်တွေဟာ ထိမိလှတယ်လို့လည်း ထင်မိပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ သူ့ရဲ့ ပြည်သူတွေဟာ ပြည်သူတွေ လူသားတွေပဲဖြစ်ပါတယ် လို့ ပြောပြီး အတိုက်အခံလုပ်ပြီး များပြားလှတဲ့ လူတွေရဲ့ အသက်ကို ကယ်တင်လိုတဲ့ စိတ်ဓာတ်ကိုလည်း လေးစားမိစေပါတယ်။ ပရဟိတသမားဖြစ်သူကလည်း ကိုယ်တိုင်က ကိုယ်လွတ်ရုန်းထွက်ပြေးနိုင်ပေမယ့် ဘာငွေကြေးမှမရတဲ့ သူတစ်ပါးကို ကူညီချင်တဲ့ သူ့ရဲ့ပရဟိတ စိတ်ဓာတ်နဲ့အတူ “ဘယ်သူမှ မသိပေမယ့် ကျွန်တော်ကိုယ်တိုင်ကတော့ သိနေတယ်” ဆိုတဲ့ စကားလုံးနဲ့ ကိုယ့်အသက်ကို ပဓာနမထား ရသမျှကယ်တင် ခဲ့တဲ့မြင်ကွင်းတွေက ထိမိလှပါတယ်။ “ဆရာဝန် ဆိုတာ ဆေးရုံရောက်မှ ကုသပေးလို့ ရတာပါ” ဆရာဝန်တွေက အခကြေးငွေရကြပါတယ်... ကျွန်တော်တို့အလုပ်ကတော့ ဘာအခကြေးငွေမှ မရပါဘူး” ဆိုခဲ့တဲ့ ပရဟိတသမားတို့ရဲ့ စိတ်ဓာတ်ကိုလည်း အထင်းသားမြင်တွေ့ရအောင် ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီနေရာမှာ သားသမီးနဲ့ မိခင်တို့ရဲ့မေတ္တာ၊ အားကျဖွယ်ဖြစ်တဲ့ ရဲရင့်တဲ့ ဆရာဝန်မလေး၊ ဆေးဝန်ထမ်းတွေ ဆရာဝန်တွေလည်း အများအပြားပါရှိပေမယ့် စာတွေ ရှည်ကုန်မဆိုးလို့ မရေးတော့ပါဘူး။ ကျန်တာကတော့ ကိုယ်တိုင်ကြည့် ကိုယ်တိုင်ခံစားကြပါလို့ပဲ ပြောရင်းနဲ့ပဲ The Flu ကို ရပ်နားလိုက်ပါတယ်။
ရေးသားသူ (Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
22-6-2019 စနေနေ့(Saturday)