ကုသိုလ်နဲ့လဲပါ

dead.jpg


မရေးတာကြာပြီဖြစ်တဲ့ ကြီးကြီးကျယ်ကျယ်စာလေးအနည်းငယ်လောက်တော့ရေးတင်ချင်သေးသဗျ။ မရေးတာကြာတော့လည်း စာမရေးချင်၊ ဉီးနှောက်ကလည်းအလုပ်မလုပ်ချင်တော့တာ တနည်းအားဖြင့်ပြောရမယ် ဆိုရင် ဉီးနှောက်ကသံချေးကိုက်ချင်လာပြန်ပြီပေါ့ဗျာ။ ဒီတော့လည်း ဉီးနှောက်ကိုအလုပ်ပေးပြီး စာရေးရပြန်တာပေါ့။ ကြီးကျယ်တယ်လိုတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်းရေးမှတော့ စာဖတ်တဲ့သူအကျိုးရှိ သွားစေမယ့်စာမျိုးတွေကိုရေးချင်မိတာတော့စိတ်ရင်းအမှန်ပဲ။ လူ့လောကကြီးမှာ အသက်ရှင်သန်နေထိုင်ကြတဲ့ လူသားတိုင်းအတွက်က ငွေရှာကြရစမြဲပဲမဟုတ်လား။ အဆင်ပြေပြေနဲ့ငွေရှာနိင်ရင် စိတ်ချမ်းသာသလို အဆင်မပြေတော့ဘူးဟေ့ဆိုပြန်ရင်လည်း စိတ်လည်းမချမ်းသာသလို ကိုယ်လည်းမကျန်းမမာဖြစ်ချင်လာတတ်တယ်။ ဝင်ငွေ ကောင်းချင်ကောင်း၊ ရာထူး အာဏာရှိချင်ရှိ၊ သူတစ်ပါးကိုသဘောကျစေနိုင်လောက်တဲ့စကားမျိုး မှန်မှန်မှားမှားပြောရဲချင်ပြောရဲရှိချင်ရှိ အဲလိုအရည်အချင်းတွေရှိနေမှ လူရာဝင်ပြီး လုပ်ငန်းတွေအဆင်ပြေ ချောမွှေ့စေနိုင်တာက ခေတ်အဆက်ဆက်ပါပဲ။ ဝင်ငွေကလည်းမကောင်း၊ ရာထူး အာဏာကလည်း နိုး၊ အမှန်တွေကပဲ အမြဲပြောဆိုနေတဲ့သူတစ်ယောက်အတွက်ကတော့လုပ်ငန်းအဆင်ပြေစေဖို့က သိပ်မလွယ်ကူဘူး။ အမှန်တရားကို လူတိုင်းကတန်ဖိုးထားတတ်ကြတယ်လို့ဆိုကြပေသော်ငြားလည်း မှန်တိုင်းမကောင်းတာ လူတိုင်းသိနေပါတယ်။


dead1.jpg


လူ့ဘဝ လူလောကကြီးမှာအသက်ရှင်သန်နေထိုင်ရစဉ်ကာလအတွင်းမှာ ငွေများများရအောင် ရှာဖွေပါ။ သေရွာကို ငွေယူဆောင်မသွားနိုင်ပေမယ့် ငွေနဲ့ ကုသိုလ် အကုသိုလ်ကိုတော့ လဲလှယ်ယူနိုင်မှာဖြစ်တဲ့အပြင် မသေခင်မှာ လူအများစုရဲ့ လေးစားချစ်ခင်မှုကို ရရှိနိုင်ပါသေးတယ်။ အမှန်တကယ် လေးစားချစ်ခင်တာမျိုးတော့ဟုတ်ချင်မှဟုတ်မှာပေါ့။ မည်သို့ပင်ဆိုစေကာမူ ငွေရှာကြရမှာဖြစ်တဲ့အတွက် ငွေကိုရှာကြပါ။ မပြောလည်းရှာနေကြတာပဲမဟုတ်လား ☺ ရလာတဲ့ငွေတွေနဲ့ ကုသိုလ်နဲ့လဲယူနိုင်ကြပါစေ။ အကုသိုလ်တွေနဲ့တော့ မလဲမိစေချင်ပါ။ ဘဝဆိုတာတိုတိုလေးပါလို့တော့ လူအများစုကပြောကြပါတယ်။ ဒါပေမယ့် ဘဝဆိုတာတိုတိုလေးပါဆိုတာကို လက်ခံပြီး နေထိုင်ကျင့်သုံးတဲ့သူကတော့ အတော်နည်းပါလိမ့်မယ်။

ကျန်းမာ ချမ်းသာ ဘေးဘယာ ဝေးကွာကြပါစေ……


@ansoe 10-May-2020(Sunday)


HIVE LOGO ansoe myanmar.png