ကကြီး ခကွေး အောင်မြင်ရေး(ဆင်ခြေမပေးနဲ့)

ချစ်မိတ်ဆွေအားလုံး မင်္ဂလာပါ...

ဘာ့ကြောင့်များ လူနည်းစုလောက်သာ အောင်မြင်ကြပြီး လူအများစုက မအောင်မြင်ကြရတာလဲဆိုတာကို ရုတ်တရက်စဉ်းစားမိတယ်... အောင်မြင်တဲ့သူတွေကို လေ့လာရင် အယူအဆတွေကတော့ အမျိုးမျိုးကွဲပြားနေတတ်တာကို တွေ့နိုင်တယ်... တစ်ယောက်နဲ့တစ်ယောက်ကလည်း ဘဝအတွေ့အကြုံ လုပ်ငန်းအတွေ့အကြုံ လုပ်ကိုင်တဲ့လုပ်ငန်းအမျိုးအစားတွေပေါ်မူတည်ပြီး ကွဲပြားသွားကြတာပဲဖြစ်မှာပါ... ဒါပေမယ့် သူတို့အားလုံးမှာ တူညီတာတော့တွေ့မိတယ်... အဲဒါကလည်း ကျွန်တော့်အထင်ပဲ ဖြစ်လို့ မှန်ချင်မှလည်းမှန်မှာပေါ့... မမှန်ဘူးထင်ရင်ပယ်လိုက်နိုင်ပါတယ်... အောင်မြင်နေတဲ့သူတွေအားလုံးဟာ ဘယ်တော့မှ ဆင်ခြေမပေးတတ်ကြတာပါပဲ... ပြဿနာကို ဆင်ခြေတွေ အကြောင်းပြချက်တွေနဲ့ မဖြေရှင်းတတ်ကြတာကို တွေ့ရပါတယ်... ကိုယ့်အားနည်းချက်ကို ဝန်ခံဖို့ ဝန်မလေးတတ်ကြသလို ပြဿနာအတွက် အခြားသူကို လက်ညှိုးထိုးတတ်တဲ့ အကျင့် သူတစ်ပါးကို လွှဲချတတ်တဲ့အကျင့်လည်း လုံးဝမရှိတာကို မြင်နိုင်ပါသဗျ... ကျွန်တော်တို့အောင်မြင်ချင်တယ်ဆိုရင် အောင်မြင်သူတွေ လုပ်တဲ့အမူအကျင့်တွေအတိုင်း လိုက်လုပ် လိုက်အတုခိုး မှ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ နီးစပ်ပါလိမ့်မယ်... ပါးစပ်ကကြွေးကြော်နေရုံနဲ့တော့ အောင်မြင်လာမှာ မဟုတ်တာကိုလည်း ထည့်စဉ်းစားထားကြရမှာပါ... ဘဝမှာ အောင်မြင်ချင်တယ်ဆိုပြီး အရက်သမား ဖဲသမား လူရှုပ် လူပွေတွေရဲ့ လမ်းစဉ်ကို လိုက်တုနေကြမယ်ဆိုရင်တော့ အောင်မြင်သူတစ်ယောက် ဖြစ်လာနိုင်သလားဆိုတာကိုတော့ စဉ်းစားကြည့်ကြပေတော့...


success 4.png


များစွာသောလူတွေကတော့ အောင်မြင်ချင်တယ် အောင်မြင်ချင်တယ် ကြွေးကြော်နေကြတာပဲ... မအောင်မြင်တဲ့အခါမှာလည်း ငြီးတွားနေတတ်ကြတာပဲ... ဘာ့ကြောင့် ဘယ်သူ့ကြောင့် ဘယ်လိုအကြောင်းတွေကြောင့် ဟိုဝှာကြောင့် ဒီဟာကြောင့်ဆိုတဲ့ အကြောင်းပြချက် ဆင်ခြေတွေနဲ့ မအောင်မြင်ရတဲ့အကြောင်းရင်းကို ကာကွယ်တတ်ကြပါတယ်(ကျွန်တော်လည်းအတူတူပါပဲ ☺) အကယ်၍များ မအောင်မြင်ရတဲ့အကြောင်းကို ကိုယ်တိုင် သုံးသပ် အဖြေရှာပြီး အားနည်းချက်ကို ပြုပြင်သင့်တာပါ... မအောင်မြင်ခြင်းရဲ့အကြောင်းကို ထိပ်တိုက်ရင်ဆိုင် အမှန်ကိုမြင်အောင်ကြည့်ပြီး ဖြေရှင်းလိုက်တာက မှန်ကန်တဲ့နည်းတစ်ခုဖြစ်မယ်လို့လည်းထင်ပါတယ်... အလုပ်သေးသေးလေးပဲလုပ်လို့ မအောင်မြင်တဲ့အခါမှာတောင် ဆင်ခြေမပေးပဲ ဘာ့ကြောင့် ညာကြောင့်ဆိုတာတွေကို အကြောင်းမပြပဲနဲ့ မအောင်မြင်ကြောင်းဝန်ခံတတ်တဲ့ အကျင့်ကို မွေးမြူထားသင့်ပါတယ်... အရင်တုံးက ဆိုင်အတော်များများမှာ ကပ်ထားတဲ့ စာလေးတစ်ကြောင်းကို အမှတ်ရမိပါတယ်... ဘယ်သူပြောထားခဲ့တဲ့စကားလည်းဆိုတာလည်း မသိပါဘူး... အဲဒီစာလေးကို ခုခါမှာတော့ သိပ်မတွေ့ရတော့ဘူး... ဘာစာလေးလည်း ဆိုတော့

ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ်တတ်တယ်

တဲ့... ထမင်းကတော့ မငတ်နိုင်ကြသေးပေမယ့်လည်း အောင်မြင်ချင်တဲ့လူတစ်ယောက်မဖြစ်နိုင်တော့တာကတော့ သေချာပါတယ်... ဒါပေမယ့်လည်း ခုချိန်ထိအောင် ကျွန်တော်ကတော့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆင်ခြေတွေပေးနေတုံးပါပဲ... ဒါ့ကြောင့်လည်း ခုချိန်ထိ မအောင်မြင်ပါဘူး... ချစ်မိတ်ဆွေတို့လည်း အောင်မြင်ချင်တယ်ဆိုရင်တော့

ဘယ်တော့မှ ဆင်ခြေမပေးပါနဲ့

အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ...

@ansoe