ကကြီး ခကွေး အောင်မြင်ရေး(မညှာမတာ ဝေဖန်ပါ)
ချစ်မိတ်ဆွေအပေါင်း မင်္ဂလာပါ...
လူဘဝကြီးကို စတင်လာကတည်းက သိမှုဆိုတာတွေနဲ့ စတင်လာခဲ့ရတယ်... အသက်အရွယ်အလိုက် သိစရာတွေ တတ်စရာတွေကို အသက်သေဆုံးတဲ့အထိ မကုန်ခမ်းနိုင်အောင် များပြားလှပါတယ်... သိစရာတွေအားလုံးထဲမှာ အင်မတန်အရေးကြီး အင်မတန် အရေးပါလှတဲ့ အသိတစ်ခုကတော့ မိမိနှင့်ဆိုင်တာကို သေသေချာချာ သိမှုပဲ ဖြစ်ပါတယ်... လူအများစုကတော့ ကိုယ့်ကိုယ်ကို အသိဆုံးပါ... ငါ့အကြောင်း ငါ့ထက် ဘယ်သူကမှ ပိုမသိနိုင်ဘူး... ဆိုတဲ့ စကားမျိုးတွေကို နေ့စဉ် နေ့တိုင်း ကြားနေကြရမှာပါ... အဲဒီစကားက အကုန်မမှန်နိုင်ဘူးလို့ထင်ပါတယ်... ကိုယ့်အကြောင်းကို ဂဃဏဏ သိဖို့ဆိုတာက ကိုယ့်ကိုယ်ကို မညှာမတာ ဝေဖန်ဆန်းစစ်ပြီး နေ့စဉ် စစ်ဆေးရေးဝင်နေမှသာ သိနိုင်မယ်လို့ထင်ပါတယ်... ကိုယ့်ကိုယ်ကို မညှာတမ်း နေ့စဉ် စစ်ဆေးနေတဲ့သူတွေ (၁၀၀)မှာ ဘယ်လောက်များဖြစ်နိုင်မလဲ? ဒါတော့ မသိပါဘူး... ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို မညှာမတာ မစစ်ဆေးဖြစ်တာတော့ သေချာပါသဗျာ... ကိုယ့်ကိုယ်ကို ညှာညှာတာတာလေးပဲ ဝေဖန်ဆန်းစစ်တဲ့ အဆင့်လောက်ပဲ လုပ်နိုင်ပါသဗျ... မိတ်ဆွေတို့ရော နေ့စဉ် ကိုယ့်ကိုယ်ကို မညှာမတာ ဆန်းစစ်ဝေဖန်ဖြစ်ကြပါရဲ့လား? ကိုယ့်ကိုယ်ကို မညှာမတာ ဝေဖန်ဆန်းစစ်နေမှသာ ကိုယ့်ရဲ့ အားနည်းချက် အားသာချက်တွေကိုသေချာသိပြီး လုပ်ငန်းတွေကို လုပ်ကိုင်တဲ့အခါ သူများထက်ပိုမိုအောင်မြင်နိုင်မှာဖြစ်ပါတယ်...
ကိုယ့်အကြောင်း တစ်နည်းအားဖြင့်ဆိုရရင် ကိုယ့်ရဲ့မကောင်းတဲ့ အမူ အကျင့်ကို မှန်မှန်ကန်ကန် အမှန်မြင်အောင် တွေးလေ့မရှိတတ်ကြပါဘူး... ကိုယ့်ရဲ့ ရှိတဲ့အရည်အချင်းထက် ကိုယ့်ကိုယ်ကို ပိုပြီး အထင်ကြီးနေတတ်ပါတယ်... အမှန်တကယ်လုပ်နိုင်တာထက် ပိုလုပ်နိုင်တယ်လို့ ထင်တတ်ကြပါတယ်... အများအားဖြင့်တော့ အောင်မြင်နေကြသူတွေက အောင်မြင်သင့်လို့ အောင်မြင်နေကြတာဖြစ်ပြီး ကျရှုံးနေကြရသူတွေဟာလည်း ကျရှုံးသင့်လို့ ကျရှုံးနေကြရတာပဲ ဖြစ်ပါတယ်... အောင်မြင်နေကြသူတွေ၊ လူအများအပေါ် ဩဇာလွှမ်းနိုင်သူတွေကို လေ့လာကြည့်ရင် အောင်မြင်သင့်တယ်ဆိုတဲ့ ခံစားချက်ပေါ်လာမှာ ဖြစ်သလို ကျရှုံးသူတွေကို လေ့လာရင်လည်းပဲ ကျရှုံးသင့်လို့ ကျရှုံးနေကြတာဖြစ်တယ်ဆိုတဲ့ ခံစားချက်မျိုးပေါ်လာပါလိမ့်မယ်... အလုပ်ကြီးလုပ်နေကသူတွေအဖို့ကတော့ အလုပ်ကြီးလေလေ သဘောထားကြီးလာရပါတယ်... အလုပ်ကကြီးပြီး သဘောထားသေးနေရင် ကြာရှည်ခံမယ်မဟုတ်ပါဘူး... အလုပ်အကိုင်ကြီးလာလေလေ အလုပ်အကိုင်အောင်မြင်လာလေလေ အလုပ်ကြီးသလောက် ကိုယ့်ရဲ့အရည်အချင်းကော ကြီးလာရဲ့လား? ကိုယ့်အရည်အချင်းက တိုးတက်လာရဲ့လား? ဆိုတာကိုလည်း အမြဲမပြတ် စစ်ဆေးသင့်ပါကြောင်း ရေးသားရင်းနဲ့ပဲ ရပ်နားလိုက်ရပါတယ်...
ကိုယ့်ကိုယ်ကို မညှာမတာ မှန်မှန်ကန်ကန် ဝေဖန်ဆန်းစစ်ခြင်းဖြင့်
ဘဝမှာ အောင်မြင်ကြီးပွားသူများ ဖြစ်ကြပါစေ...