ကကြီး ခကွေး အောင်မြင်ရေး(ကတိတည်ပါ)

ချစ်မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ဖေ့စ်ဘွတ်တစ်ခွင် လှန်လှောကြည့်ရင် ကိုဗစ်ရယ် မဲဆွယ်စည်းရုံးရေးရယ် အပုပ်ချတဲ့စာတွေရယ်ပဲ နေ၌စဉ်တွေ့နေရတယ်... ကြာတော့မျက်စိတွေညောင်းလို့ ခေါင်းတွေမူး ကိုယ်ပါ ကိုဗစ်ဖြစ်တော့မလိုလို ဖြစ်သွားတတ်လေတော့ အဲဒီကောင် ကိုဗစ်အကြောင်း မပြောတော့ မရေးတော့ဘူး... မရေးတော့ဘူးဆိုတာတောင် အဲဒီအကောင်အကြောင်းကပါလာနေသေးတယ်နော်... သတိလေးနဲ့ မေ့ထားလိုက်ကြတာပေါ့... ဒီနေ့ရေးတင်လိုတဲ့အကြောင်းအရာက ကတိ ဆိုတဲ့အကြောင်းလေးပါပဲ... စာလုံးနှစ်လုံးထဲရှိတတ်တာတွေက အတော်ဒုက္ခပေးတတ်သလားလို့... ဘဝ ကတိ ဆင်းရဲ ချမ်းသာ မိန်းမ ယောကျ်ား နောက်ထပ်အများကြီးကျန်အုံးမှာပဲ အားလုံးရဲ့ နောက်ဆုံး အဆုံးသတ်ကတော့ ဒုက္ခ ဆိုတဲ့ စကားလုံးလေးနှစ်လုံးပါပဲ... ဘေးချော်ထွက်နေပြန်ပြီ... ကတိအကြောင်းဆက်ကြပါအုံးစို့နော်... လူ့လောကကြီးမှာ အောင်မြင်ချင်တယ်ဆိုရင်ဖြင့် မပါမဖြစ် အရေးကြီးတဲ့အရာတစ်ခုကလည်း ကတိ ပါပဲ... လူမှုရေး စီးပွားရေး ဖြောင့်ဖြူးသာယာ ကောင်းမွန်ချင်တယ်ဆိုရင်ဖြင့် ကတိတည်ဖို့ အရေးကြီးပါတယ်... အောင်မြင်ကြီးပွားနေတဲ့ ပုဂ္ဂိုလ်တွေကို လေ့လာကြည့်ရင် ကတိတည်ကြသူများ ဖြစ်တာကို တွေ့ကြရပါလိမ့်မယ်... ကတိတည်ဖို့အတွက်ကလည်း ကိုယ်လုပ်နိုင်တာ ဖြစ်နိုင်တာကိုပဲ ကတိပေးသင့်ပါတယ်... မလုပ်နိုင်တာ မဖြစ်နိုင်တာကို ကတိပေးမိရင်တော့ ပေးထားတဲ့ကတိ ပျက်တာကများပါတယ်... ကတိပေးတဲ့အခါမှာလည်း ကိစ္စသေးသေး ကြီးကြီး အလွယ်တကူ မပေးသင့်ပါဘူး... ကိစ္စသေးသေးလေးပဲ ဆိုပြီးတော့ ပေါ့ပေါ့လျော့လျော့နဲ့ ကတိမပေးသင့်ပါ... ကိစ္စသေးသေးလေးပဲဆိုပြီး မေ့မပြစ်သင့်ပါ... ပေးထားတဲ့ကတိရှိခဲ့ရင် အဲဒီ ကတိတည်အောင် လုပ်သင့်ပါတယ်... ဒါက ကောင်းတဲ့အလေ့အကျင့်တစ်ခုကို စတင်မွေးမြူတာပဲဖြစ်ပါတယ်...


success 3.png


ကတိတွေ သစ္စာတွေဆိုတာ အရေးကြီးတယ်ဆိုတဲ့အကြောင်းကို ရှေးရှေးကတည်းက ဆရာ့ဆရာ့တွေက ရေးသားခဲ့တာတွေလည်း မနည်းမနောပါ... ကျွန်တော်တို့ မလိုက်နာကြခြင်းသာ အကျင့်ကောင်းတစ်ခုကို မွေးမြူခြင်း မပြုလုပ်ခဲ့ကြတာပဲဖြစ်ပါလိမ့်မယ်... ကတိကို အလွယ်ပေး အလွယ်ပျက်တတ်တဲ့ ကတိမတည်သူတစ်ယောက်ကို လူအများက ကြာရှည်ဆက်ဆံချင်ကြလိမ့်မယ်မထင်ပါဘူး... ကိုယ်ကမဆက်ဆံချင်သလို အခြားသူတွေကလည်း ကိုယ့်ကတိမတည်ရင် ဆက်ဆံချင်ကြလိမ့်မယ်မဟုတ်ဘူးဆိုတာ သေချာတာပေါ့... ကတိသူကိုတော့ လူတိုင်းက ယုံကြည်ကြတယ်ဆိုတာ အထင်အရှားရှိပါတယ်... သက်သေပြစရာလည်း လိုမယ်မထင်ပါဘူး... ကတိတည်တဲ့သူဟာ လူမှုရေးမှာပဲဖြစ်ဖြစ် စီးပွားရေးမှာပဲဖြစ်ဖြစ် လူအများရဲ့ ယုံကြည်မှုသာမက လေးစားမှုကိုပါ ရရှိမှာပါပဲ... ယုံကြည်မှု လေးစားမှုရပြီဆိုရင် လူမှုရေး စီးပွားရေးမှာ အောင်မြင်ဖို့ သေချာသလောက်ပါပဲ... ကတိမတည်သူတွေကိုတော့ ဘယ်လိုလူမျိုးက ပေါင်းသင်းဆက်ဆံ ချင်ကြမလဲဆိုတာကိုတော့ စဉ်းစားကြပေါ့လေ... ဒီတော့ကာ ကျွန်တော်တို့ လူ့ဘဝကြီးမှာ အသက်ရှင်သန်နေထိုင်စဉ် အောင်မြင်ဖို့အတွက် ကတိတည်ကြပါစို့ ကတိသစ္စာတည်သောခါဝယ် ဆိုတာတွေတော့ ဖန်တစ်ရာတေနေပြီဆိုတော့ မရွတ်တော့ပါဘူး...

ကောင်းသောအကျင့် ကောင်းသောအကြံ ကောင်းသောအလုပ်များနဲ့

လူ့ဘဝကြီးကို အောင်မြင်ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ကြပါစေ...

@ansoe