ကကြီး ခကွေး အောင်မြင်ရေး(ဘာဖြစ်ချင်တာလဲ သိပါစေ)

ချစ်မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ပြောရရင် လေကြီးလေကျယ်တွေနဲ့လို့ မထင်ကြပါနဲ့... ဗေဒင်ဆရာက ဟောပြောပြီး ထီပေါက်နိုင်တယ်လို့ ပြောသလိုပေါ့... သူ့မှာ ထီပေါက်နိုင်တဲ့ ကံဇာတာမရှိလေတော့ ထီပေါက်နိုင်တဲ့သူကို ဟောပြလမ်းညွန်တယ်လို့ပဲ မှတ်ကြပါလေလော့... ကျွန်တော်တို့ အများစုသော လူတွေဟာ ရည်မှန်းချက်တွေ လုပ်ချင်တာတွေ များပြားလွန်းလှတယ်လို့ထင်ပါတယ်... ကျွန်တော်ငယ်စဉ်ကဆို အခြားသူတွေကို သင်ပြပေးတဲ့ ဆရာဆိုတာလည်း ဖြစ်ချင်ခဲ့တယ်... ကမ္ဘာမြေကြီးကို လေ့လာသုံးသပ်ပြီး သယံဇာတတွေကိုဖော်ထုတ်တဲ့ ဘူမိဗေဒပညာရှင်ဆိုတာကြီးလည်း ဖြစ်ချင်ခဲ့တယ်... အောင်မြင်ကျော်ကြားလှတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးလည်းဖြစ်ချင်ခဲ့တာပဲ... စကြ်ာဝဠာကြီးတစ်ခုလုံးကို လေ့လာတဲ့ နက္ခတ္တပညာရှင်ကြီးလည်း ဖြစ်ချင်ခဲ့တာပဲ... ဆေးပညာတွေနဲ့ လူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူတွေရဲ့အသက်ကို ကယ်တင်နိုင်တဲ့ ဆရာဝန်ကြီးလည်း ဖြစ်ချင်ခဲ့တယ်... လူတွေကို လုံခြုံနွေးထွေးမှုအတွက် အဆောက်အဉီတွေကို ဆောက်လုပ်ပေးနိုင်တဲ့ အင်ဂျင်နီယာဆိုတာကြီးလည်း ဖြစ်ချင်ခဲ့တာပဲ... အဲ-ဖြစ်ချင်ခဲ့တာတွေကို ရေးမယ်ဆိုရင် အများကြီးကျန်နေအုံးမှာပါ... တကယ့်လက်တွေ့ကတော့ အဲဒါတွေ တစ်ခုမှ ဖြစ်မလာခဲ့ဘူး...


success 1.png


ပြောရရင်တော့ ကျွန်တော်တို့တစ်တွေဟာ ကိုယ်ဘာဖြစ်ချင်မှန်း သေချာမသိခဲ့တာပဲလို့ ထင်ပါတယ်... ကိုယ့်ရည်မှန်းချက်က ဘာမှန်းသေချာမသိခဲ့တာပဲ... ကျွန်တော်တို့တစ်တွေဟာ စက်ပစ္စည်းတစ်ခုမဟုတ်တဲ့အတွက် အရာအားလုံးကို လိုက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... Multi Function ပါတဲ့ စက်ပစ္စည်းတွေတောင်မှ အရာအားလုံးကို လုပ်ဆောင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... လူဆိုတာက Multi Function ပါသော်ငြားလည်း Multi လိုက်လုပ်နေဖို့ မဖြစ်နိုင်ပါဘူး... ဒီနေ့ခေတ်ကာလမှာက စက်ပစ္စည်းတွေက လူတွေနေရာမှာ အစားထိုး နေရာယူလာနေပါပြီ... စက်ပစ္စည်းတွေကို လူတွေအနေနဲ့ လိုက်လံယှဉ်ပြိုင်ဖို့ မဖြစ်နိုင်တာကလည်း သေချာပါတယ်... စက်လုပ်နိုင်သလောက် လူကလိုက်မလုပ်နိုင်ပါဘူး... ဒါပေမယ့် လူက စက်ပစ္စည်းတွေကို ဘယ်ရွေ့ ဘယ်မျှပြီးရမယ်ဆိုတဲ့ ရည်မှန်းချက်ထည့်ပေးလိုက်တဲ့အတွက် စက်ရဲ့ ရည်မှန်းချက် အောင်မြင်တာကများပါတယ်... ပြောလိုတာကတော့ အောင်မြင်ချင်တဲ့လူတစ်ယောက်အနေနဲ့ ဗဟုသုတကြွယ်ဝတာက ကောင်းမွန်ပေမယ့် ရည်မှန်းချက်ကို ပစ်ပယ်ပြီးတော့ လျှောက်လုပ်နေတာမျိုး မဖြစ်သင့်ပါ... ကိုယ့်ရဲ့ ရည်မှန်းချက်ကို သေသေချာချာ ချမှတ်ထားပါ ဘယ်အလုပ်ကိုပဲလုပ်လုပ် ကိုယ့်ရည်မှန်းချက်ကိုတော့ မမေ့လျော့ပါစေနဲ့။ ကိုယ့်ရည်မှန်းချက် ပစ်မှတ်ကို ဘယ်တော့မှ မမေ့ပစ်သင့်ပါ ယနေ့အချိန်ထိ ကျွန်တော်ကတော့ ဟိုဟာလည်း ဖြစ်ချင် ဒီဟာလည်းတတ်ချင် ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ်နဲ့ ကိုယ်ဘာဖြစ်ချင်မှန်း သေချာမသိသေးပါ... ဒီလိုနဲ့ပဲ ဘဝဆိုတာကြီးက ပြီးဆုံးတော့မှာပါပဲ...

ကိုယ်ဘာဖြစ်ချင်မှန်း သေချာသိကြပြီး ဘဝမှာ အောင်မြင်တဲ့သူများ ဖြစ်ကြပါစေ...

@ansoe