ကကြီး ခကွေး အောင်မြင်ရေး(အချိန်လေးစားပါ)
ချစ်မိတ်ဆွေအပေါင်း မင်္ဂလာပါ...
စာတွေရေးသာရေးတင်နေကြပါတယ်... စာကိုဖတ်ကြသူတွေကော ရှိပါရဲ့လားမသိ... စာမဖတ်ဖြစ်ပဲနဲ့ Vote သာပေးသွားကြလိမ့်မယ်လို့ပဲ မှတ်ယူမိပါတယ်... ဖြစ်နိုင်တယ်... ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်ကိုယ်တိုင်ကလည်း စာမဖတ်ပဲ Vote သာပေးပြီး ပြန်ပြန်ထွက်သွားလို့ပါပဲ ☺ အရေးကြီးသည်မှာကလည်း စာဖတ်ခြင်း မဖတ်ခြင်းမဟုတ်ပေပဲ Vote ရခြင်း မရခြင်းသာဖြစ်နေလေတော့လည်း Vote ပေးသွားကြသည်ကိုပင် ကျေးဇူးတင်ရမှာပဲ... ရေးလက်စခေါင်းစဉ်အောက်ကပဲ ဆက်ရေးလိုက်ပါတယ်... ကကြီး ခကွေး အဆင့်သာဖြစ်ပေမယ့်လည်း သေချာလိုက်နာနိုင်ရင်ဖြင့် ကကြီး ခကွေးက ဘဝတစ်လျှောက်လုံး အသုံးဝင်သွားပါလိမ့်မယ်... အခုပို့စ်မှာတော့ အချိန်ကိုလေးစားပါ ဆိုတဲ့အရာကိုပဲ ရေးသားလိုက်ပါတယ်... ကျွန်တော်တို့အနေနဲ့ ရွှေ ငွေ ကျောက်သံ ပတ္တမြား ဆိုတဲ့အရာတွေ ဘယ်လောက်ပဲ ပုံပေးနေပါစေ ကုန်လွန်ပြီးသွားတဲ့ အချိန်ဆိုတာကြီးကို ပြန်လည်ရရှိဖို့တော့ မဖြစ်နိုင်တော့ပါဘူး... မကုန်လွန်သေးတဲ့အချိန်တွေ မရောက်ရှိသေးတဲ့အချိန်တွေကိုသာ တန်ဖိုးရှိရှိအသုံးချနိုင်ဖို့ကြိုးစားကြရမှာမဟုတ်လား... နောင်တဆိုတဲ့အရာတွေ ကိုယ့်ဆီမှာ ကျန်ရစ်မနေစေဖို့အတွက် စက္ကန့်တိုင်းမှာ သတိနဲ့ ကောင်းကျိုးမှန်သမျှကို လုပ်ဆောင်သင့်ပါတယ်... စက္ကန့်လေးတစ်ခုအတွင်းမှာပဲ ကျွန်တော်တို့တစ်တွေဟာ လူ့လောကကကြီးကိုကျောခိုင်းထွက်ခွာသွားရနိုင်ပါတယ်... စက္ကန့်ပိုင်းလေးအတွင်းမှာပဲ မီလျှံနာ ဘီလျှံနာ သူဌေးကြီးဘဝကိုလည်း ပိုင်ဆိုင်နိုင်ကောင်း ပိုင်ဆိုင်ရပါလိမ့်မယ်... ဒါပေမယ့် အဲဒီစက္ကန့်ပိုင်းလေးအတွက် နာရီပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ကြမှာပဲဖြစ်ပါတယ်... လောကကြီးမှာ အလကားရတာ ဘာမှမရှိပါဘူး ကြိုးစားအားထုတ်မှုဆိုတဲ့ စက္ကန့်လေးတွေ စုပုံလာပြီးမှ အောင်မြင်မှုဆိုတဲ့ စက္ကန့်လေးတွေကို ပိုင်ဆိုင်နိုင်ခြင်းပါ...
ဘဝမှာအောင်ဖြင်ကျော်ကြားလိုတဲ့သူတွေ အင်မတန်ရည်ရွယ်ချက်ကြီးကြီးမားမားထားတဲ့သူတွေက အချိန်ရဲ့တန်ဖိုးကို သိနားဘည်ပြီး အချိန်ကို စနစ်တကျစီမံခန့်ခွဲလုပ်ဆောင်တတ်ကြတယ်... အချိန်ကို ဖြုန်းပစ်ရမှာထက် ပိုက်ဆံကိုသာ ဖြုန်းပစ်ချင်ကြပါလိမ့်မယ် အဲဒီလိုလူမျိုးတွေမှာ အချိန်ကို အလဟဿဖြုန်းတီးပစ်ဖို့ စိတ်ကူးထဲမှာမရှိကြပါဘူး... လူတိုင်းပိုင်ဆိုင်ထားတဲ့ အချိန်ချင်းအတူတူ သူတို့တစ်တွေရဲ့အချိန်တွေက စက္ကန့်နဲ့အမျှ တန်ဖိုးရှိနေရခြင်းကလည်း သူတို့ရဲ့အချိန်တွေကို မဖြုန်းတီးပစ်ခဲ့ကြလို့ပဲဖြစ်ပါလိမ့်မယ်... အချိန်ကိုနည်းနည်းလောက်ဖြုန်းတီးပစ်လိုက်ခြင်းဟာ သူတို့ရဲ့ဘဏ်တိုက်ထဲရောက်မယ့်ငွေတွေကို ဖြုန်းတီးပစ်လိုက်ရသလို ခံစားရတတ်လေသလားမသိပါ... အဲဒီလိုလူတွေဟာ ကိုယ့်အချိန်ကိုဖြုန်းတီးမပစ်ကြသလို အခြားသူတွေရဲ့အချိန်ကို ဖြုန်းတီးမပစ်တတ်ကြပါဘူး... အချို့အချို့သော လူတွေကတော့ သူတို့ရဲ့အချိန်တွေကိုသာ တန်ဖိုးထားတတ်ကြပြီး သူတစ်ပါးရဲ့အချိန်တွေကိုတော့ တန်ဖိုးမထားတတ်ကြတာကိုလည်း တွေ့မြင်နိုင်ပါတယ်... မနက်(၉)နာရီအရောက်လာမယ်ချိန်းထားပြီး (၅)မိနစ်နောက်ကျနေခြင်းက သူတစ်ပါးအချိန်ကို တန်ဖိုးမထားတတ်ကြလို့ပဲဖြစ်ပါတယ်... အချိန်ဆိုတာက လူတိုင်းစိုက်ထုတ်နေကြရတဲ့ အရင်းအနှီးတစ်ခုပဲဖြစ်ပါတယ်... ဒီတော့ ချစ်မိတ်ဆွေများ အောင်မြင်မှုလမ်းပေါ်ကိုလျှောက်လှမ်း ကြတော့မယ်ဆိုရင်ဖြင့် ကိုယ့်အချိန်ကိုလေးစားသလို အခြားသူတွေရဲ့အချိန်ကိုလည်း လေးစားတတ်အောင်ကြိုးစားသင့်ပါကြောင်း အကြံပြုရင်းဖြင့်
ဘဝခရီးလမ်းမှာ အောင်မြင်တဲ့သူများဖြစ်နိုင်ကြပါစေ...