ကကြီး ခကွေး အောင်မြင်ရေး
ချစ်မိတ်ဆွေအပေါင်း မင်္ဂလာပါ ...
လူငယ် လူရွယ်ဘဝမှာ အိုင်ဒီယာတွေအတော်များများရှိတတ်ကြတယ်... ကျွန်တော်လည်းရှိခဲ့တာပါပဲ... အသက်အရွယ်ကလည်း ငယ်ရွယ်တဲ့အရွယ်ဖြစ်လေတော့ ဘာမဆိုလုပ်နိုင်မယ်လို့လည်း ထင်ခဲ့ပါတယ်... ဒါပေမယ့် အဲဒီအိုင်ဒီယာတွေကို အကောင်အထည်ဖော်တဲ့အခါမှာတော့ တကယ့်လက်တွေ့မှာ အလုပ်မဖြစ်တာကို တွေ့ရတယ်... တကယ့်လက်တွေ့ကတော့ ဟိုဟာကောင်းနိုးနိုး ဒီဟာဟုတ်နိုးနိုးနဲ့ အချိန်တွေကုန်လာခဲ့တာပဲ အဖတ်တင်ခဲ့တယ်... ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့လည်း မျိုးစုံအောင် စဉ်းစားတတ်ကြတယ်... အသက်အရွယ်ငယ်စဉ် အချိန်မှာ တစ်နည်းအားဖြင့် ဘွဲ့ရပြီးလို့ပဲဖြစ်ဖြစ် ဘွဲ့မရပဲနဲ့ပဲဖြစ်ဖြစ် အသက် (၂၀)လောက်ကနေ အသက်(၃၀)အရွယ်လောက်ထိ အချိန်တွေမှာ ခေါင်းဆောင်ကောင်းတစ်ဉီးရဲ့ နောက်လိုက် တပည့်လုပ်သင့်တယ်... အခုခေတ်မှာ နောက်လိုက်လုပ်ဖို့ထက် ဆရာလုပ်ချင်သူတွေများနေသလားပဲ... နောက်လိုက်ကောင်းဖြစ်အောင်မကြိုးစားပဲနဲ့လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့မလွယ်ဘူး...
အသက်အရွယ်(၃၀)ကျော်ပြီဆိုရင်တော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ပြီး ကိုယ်တိုင်ကြိုးစား လုပ်ကိုင်သင့်တယ်... ငယ်ငယ်ကတည်းက ခေါင်းဆောင်နေရာမှာလုပ်ချင်ရင် အဆင်မပြေနိုင်ဘူး ထင်ပါတယ်... ကျွန်တော့်အတွေး နဲ့ အတွေ့အကြုံ အရ ပြောပြတာပါ... ကိုယ်ပိုင်လုပ်ငန်းကိုလည်း ကြိုးကြိုးစားစားလုပ်ကိုင်တတ်တဲ့အရွယ်ကလည်း အသက်(၃၀) နဲ့ အသက်(၄၀)ကြားမှာ ဖြစ်တတ်ကြလို့ပါပဲ... လူငယ် လူရွယ်တွေဟာ တန်ဖိုးသိပြီး တန်ဖိုးထားတတ်သင့်တယ်၊ အပြန်အလှန် လေးစားမှု ယုံကြည်မှု ပူးပေါင်းဆောင်ရွက်တတ်မှု၊ အခြားသူတွေကို ဂရုစိုက်တတ်မှု၊ လွတ်လပ်တဲ့အတွေးအမြင် အတွေးအခေါ်ရှိမှု ဆိုတာတွေရှိသင့်တယ်လို့လည်း မြင်ပါတယ်... အားလပ်ချိန်တွေမှာလည်း မိမိတို့ဝါသနာပါရာ စာပေ၊ ဂီတ၊ အားကစား၊ ပန်းချီ၊ အနုပညာ စတာတွေကို လုပ်ကိုင်ကြမယ်ဆိုရင်ဖြင့် အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ဖို့ နီးစပ်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားလိုက်ပါတယ်...
အောင်မြင်ကြပါစေ...