ကဲ့ရဲ့စကား ချီးမွမ်းစကား
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ…..
ရာသီဥတုကအလွန်ပူပြင်းလာပြန်ပြီဖြစ်ပါသည်။ စာရေးရန်အာရုံစိုက်မရ၊ အပူကိုသာအာရုံစိုက်နေရသည့်အချိန်ကာလလည်းဖြစ်ပါသည်။ သို့သော် စာရေးရန်အားစိုက်ထုတ်ပြီး စိတ်ကူးပေါက်ရာကို အချိန်တိုအတွင်း အလျင်အမြန်ပြီးရန် ရေးတင်လိုက်ခြင်းဖြစ်ပါသည်။ အစဉ်အမြဲရေးတင်နိုင်ရန်ကားမဖြစ်နိုင်သောကြောင့် အားထုတ်မှုတစ်ခုအဖြစ် မှတ်တိုင်ထူခြင်းလည်း ဖြစ်ပါသည်။ အစဉ်အမြဲပြောင်းလဲနေသော ကမ္ဘာလောကကြီးမှာ ကျွန်ုပ်တို့နေထိုင်ကြကြောင်းကို သတိမူကြရန်လို အပ်ပါသည်။ ပြောင်းလဲခြင်းသည်အချိန်နှင့်အမျှဖြစ်ပေါ်နေကြောင်းကိုလည်း လူတိုင်းသိရှိထားပြီးဖြစ်ပါသည်။ သို့သော် လူအများစုက ပြောင်းလဲခြင်းများကို မသိချင်ယောင်ဆောင်နေကြပေသည်။ ထိုသို့မေ့ချင်ယောင်ဆောင်နေကြသူများထဲတွင် ကျွန်ုပ်သည်လည်း တစ်ယောက်အပါအဝင်ဖြစ်ကြောင်းကို ဝန်ခံထားရပေမည်။ အစဉ်အမြဲပြောင်းလဲနေခြင်းသည် အမှန်တရားဖြစ်ပေသည်။ ယနေ့မိမိအား ကဲ့ရဲ့ပြစ်တင်နေသူသည် မနက်ဖြန်တွင် အားရဝမ်းသာချီးမွမ်းနေသူတစ်ယောက်ဖြစ်လာနိုင်ပေသည်။ ထို့အတူ မိမိအား ယနေ့အားရဝမ်းသာ ချီးမွမ်းနေသူတစ်ယောက်သည် မနက်ဖြန်တွင် မိမိအား ပယ်ပယ်နယ်နယ် ကဲ့ရဲ့ရူံ့ချသူတစ်ယောက်ဖြစ်သွားနိုင်ပါသည်။ ထိုထိုသော ကဲ့ရဲ့ခြင်း ချီးမွမ်းကြခြင်းသည် မိမိတစ်ဉီးတစ်ယောက်တည်းတွင်သာ ဖြစ်ပေါ်နေခြင်းမဟုတ်သကဲ့သို့ ယခုမှ ပေါ်ပေါက်လာသော အကြောင်းတရားများလည်းမဟုတ်ခဲ့ပါ။ လူသားတို့တွင် လောဘ ဒေါသ မောဟ မာန်မာနများ စတင်ပေါ်ပေါက် လာကတည်းက ထိုအရာတို့သည် ဖြစ်ထွန်းပေါ်ပေါက်လာဟန်ရှိပါသည်။ ပညာရှိသူတော်ကောင်းကြီးများကမူ လူသာမန်တို့၏ ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းကို လျစ်လျူရှုရန်ကိုသာ လမ်းညွှန်ထားကြပေသည်။ ပညာရှိသူတော်ကောင်းများ၏ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းကိုသာ အလေးထားရန်လည်း သင်ကြားပေးထားကြပါသည်။ ထိုထိုသော ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတို့သည်လည်း နှုတ်ခမ်းဖျားမှထွက်ပေါ်လာသော စကားများသာဖြစ်ကြပေ သည်။ ကဲ့ရဲ့ခြင်းအတွက် မည်သူ့ကိုမျှအကျိုးရှိစေနိုင်မည်မဟုတ်သလို မလိုမုန်းထားရန်လိုသူများပြားလာတတ် ပါသည်။ ချီးမွမ်းပြောဆိုပေးခြင်းသည်ကား မိမိရော သူတစ်ပါးပါ စိတ်လက်ချမ်းသာနိုင်သည့်အပြင် မိတ်ဆွေတိုးပွားရန်အကြောင်းရင်းတစ်ခုပင်ဖြစ်ပါသည်။ ကဲ့ရဲ့ခြင်းသည် လွယ်ကူသကဲ့သို့ ချီးမွမ်းခြင်းသည်လည်း လွယ်ကူပါသည်။ မိတ်ဆွေတို့၏ နှုတ်ခမ်းဖျားကထွက်လာသည့် စကားလုံးခြင်းအတူတူ မည်သို့သောစကားမျိုးကိုပြောဆိုပါမည်နည်း။ ကိုယ်တိုင်လုပ်ဆောင်ရမည့်အရာများသာ ဖြစ်ပါသည်။ မိတ်ဆွေအအနေနဲ့လည်း ချီးမွမ်းခံချင်သလား? ကဲ့ရဲ့ခံခြင်းသလား? ဆိုတဲ့မေးခွန်းမေးရင် ချီးမွမ်းခံခင်တယ်ဆိုတဲ့အဖြေကိုပဲရမှာပါ။ အခြားသူတွေလည်း ချီးမွမ်းခံချင်ကြမှာပဲလို့ တွေးမိပြီး အခြားသူတွေကို ချီးမွမ်းစကားပြောလာတဲ့နေ့မှာ မိတ်ဆွေလည်း စိတ်ချမ်းသာရသလို အခြားသူလည်းပဲ ပျော်ရွှင်စိတ်ချမ်းရပါလိမ့်မယ်ဆိုတာကို အမြဲသတိပြုနိုင်မယ်ဆိုရင် မိတ်ဆွေတိုးပွားများပြားလာမည်ဖြစ်ပါတယ်။
လောကကြီးတွင် သူတစ်ပါးတို့၏ ကဲ့ရဲ့ပြစ်တင်ခြင်းကို မည်သို့သောသူမျှ လွတ်ကင်းနိုင်မည်မဟုတ်ပါချေ။ ကဲ့ရဲ့ခြင်းစကားတို့ကို ကျွန်ုပ်အပါအဝင် လူအများစုတို့သည် အလွယ်တကူလုပ်ဆောင်နိုင်ကြသော်လည်း အခြားသူတစ်ယောက်ကို ချီးမွမ်းရန်အတွက် နှုတ်ခမ်းဖျားများသည် အလွန်ဝန်လေးနေတတ်ကြပါသည်။ လူမုန်းများကာ ရန်လိုစေနိုင်သော ကဲ့ရဲ့ခြင်းကိုသာ ဘိန်းစွဲသကဲ့သို့စွဲစွဲမြဲမြဲလုပ်ဆောင်နေကြပါသည်။ အဘယ်သို့သော အကြောင်းတရားတို့ကြောင့် သူတစ်ပါးတို့အား ချီးမွမ်းခြင်းစားပြောဆိုရန် နှုတ်ဆွံအနေကြရပါသ နည်း။ အများအားဖြင့် ကျွန်ုပ်တို့၏ အတ္တကြောင့်ပဲဖြစ်ပါလိမ့်မည်။ အခြားသူတစ်ယောက်အား ချီးမွမ်းခြင်းသည် မိမိကိုယ်ကို သူ့လောက်မတော်ကြောင်းပြေဆိုနေသကဲ့သို့ မသိစိတ်အတွင်းမှ မှတ်ယူထားသောကြောင့် ဖြစ်မည်ထင်ပါသည်။ ဘာမှမဟုတ်လောက်တဲ့အလုပ်ကလေးတစ်ခုအတွက်ချီးကျူးရန် ဝန်လေးနေခြင်းကြောင့် အသိအမှတ်မပြုလိုသောစိတ်ကြောင့်သာဖြစ်ပါလိမ့်မည်။ အလုပ်ကလေးတစ်ခုလောက်ပင်ဖြစ်သော်လည်း စိတ်ပါလက်ပါ အားရပါးရ ချီးမွမ်းခန်းဖွင့်ပေးခြင်းသည် မိမိအကျိုးအတွက်သာဖြစ်ကြောင်းကို သိရှိသူနည်းပါး မည်ဟုထင်ပါသည်။ အချို့သောလူတို့သည် ကဲ့ရဲ့ခြင်းမဟုတ်ပဲ ဟာကွက်ကို ထောက်ပြဝေဖန်ပေးတတ်ကြပါ သည်။ ကဲ့ရဲ့ခြင်းမဟုတ်သော်လည်း လိုအင်ဆန္ဒနှင့်မကိုက်ညီသောအခါတွင် ကဲ့ရဲ့သည်ဟု အထင်မှားတတ်ပါ သည်။ ဟာကွက်ကိုထောက်ပြဝေဖန်ပေးခြင်းကို လက်ခံသင့်ပါသည်။ မိမိကိုယ်တိုင် မသိမမြင်နိုင်သောအရာတို့ကို ဘေးမှသိမြင်သူတို့မှ ဝေဖန်ထောက်ပြခြင်းသည် မိမိ၏အားနည်းချက်ကို သိမြင်စေနိုင်ပါသည်။ မည်သို့ပင်ဆိုစေ ကာမူ ကဲ့ရဲ့သည်ဖြစ်စေ၊ ချီးမွမ်းသည်ဖြစ်စေ မိမိလုပ်ဆောင်ချက်ကို ကောင်းသောလုပ်ဆောင်ချက်အဖြစ် ယုံကြည်ပါက ခရီးလမ်းဆုံးသည်အထိ ဆက်လက်လျှောက်လှမ်းသင့်ပါသည်။ ပြီးဆုံးသွားပြီဖြစ်သော အတိတ်ကာလသို့ ပြန်သွားကာ မှားယွင်းမှုတို့ကို ပြုပြင်၍မရနိုင်သောကြောင့် သင်ခန်းစာယူကာ လှပတဲ့ အနာဂတ်ကို မျှော်မှန်းကာ လုပ်ဆောင်ကြရပေသည်။ လူတော်လူကောင်းတို့သည် အခြားသူတို့အား ချီးမွမ်းရန် ဝန်မလေးတတ်ကြပါ။ ချီးမွမ်းစကား ကဲ့ရဲ့စကား ရွေးချယ်ပြောကြားနိုင်လျှင် အောင်မြင်တိုးတက်လာမည်ဖြစ်ပါ ကြောင်းရေးသားရင်း ရပ်နားလိုက်ပါသည်။