ရေးချင်ရာရေး အနုပညာ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


‌art copy.png


သူများတွေကတော့ ဘယ်နေရာက ဘယ်လို coin တွေပေးနေတယ်။ ဘယ်လိုလုပ်ကြပါ။ ဘာ ညာနဲ့ စာတွေရေးတင်နေကြတာတွေ့ရတယ်။ ကိုယ်ကတော့ အဲဒီ coin တွေအကြောင်း သေချာသိတဲ့သူမဟုတ်တော့ ရေးမတင်နိုင်ဘူး။ တစ်ခါတစ်လေ ကိုယ့်ရှေ့မှာ မြင်မိလို့ ၀င်ကြည့်ပြီး နားလည်သလောက်တော့ လမ်းညွှန်လေးအဖြစ်လောက်တော့ ရေးတင်ပေးခဲ့ပါတယ်။ အခုလည်း သူများတွေက ဟို coin ဒီ coin တွေကို ရေးတင်နေတာတွေ့တော့ ရေးချင်စိတ်တော့ ပေါက်မိပါရဲ့။ ဒါပေမယ့်လည်း ကိုယ်သိထားတဲ့ coin မှ မရှိလေတော့ ပုံမှန်ရေးနေကြအတိုင်းပဲ ရေးတင်လိုက်ပါတယ်။ ခုတစ်လော စာတွေမှာရော အခြားနေရာတွေမှာ ပါ အနုပညာဆိုတဲ့စကားလုံးကို မြင်တွေ့နေရတယ်။ စာအုပ်တောင်ထွက်လာသေး။ ဘာတဲ့ ဂရုမစိုက်ခြင်းအနုပညာ ဆိုလားပဲ။ အဲဒီနောက်မှာ တွေ့မိတဲ့ အနုပညာဆိုတာနဲ့ တွဲလျက်စကားလုံးတွေကို တွေ့ တွေ့လာရတယ်။ ဘယ်လိုလည်းတော့ သေချာမဖတ်မိတော့ ဘာတွေကို ရည်ညွှန်းရေးသားတယ်ဆိုတာ တော့ မသိဘူးလို့ပဲ ပြောရမှာပါပဲ။ ဘာခြင်း အနုပညာ၊ ညာခြင်း အနုပညာ ဆိုတာတွေ ပိုပိုတွေ့လာရတော့ အနုပညာဆိုတဲ့စကားလေးကို အမှတ်တမဲ့နေရာကနေ အမှတ်တရဖြစ်လာခဲ့မိတယ်။ ဒီတော့လည်း အနုပညာ ဆိုတာ ဘယ်လိုအရာကို ခေါ်ဆိုတာလဲဆိုတာကိုလည်း သိချင်လာမိတယ်။ အရင်ကတည်းက ဒီစကားလုံးကို အလွန်ရင်းနှီးခဲ့ပေမယ့် တစ်ခါမှ မစဉ်းမိခဲ့ဘူး။ အခုမှ အရူးထတယ်လို့ပြောရမလားပဲ။ အကျိုးအကြောင်း တိုက်ဆိုင်တယ်လို့ပဲ ပြောရမလားမသိပါဘူး။ ဒီတော့လည်း အနုပညာဆိုတာကို သိချင်စိတ်နဲ့ ဟိုလှန်ဒီလှန် လှန်မိတော့တာပေါ့။


‌art copy 2.png


စာတွေထဲမှာ တွေ့ရတာတွေကတော့ အနုပညာဆိုတာက လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းကို ဖော်ပြတယ်လို့ ဆိုပါတယ်။ လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းလို့ ဆိုထားလေတော့ အနုပညာဆိုတာ လူမျိုးတွေနဲ့ တိုက်ရိုက်ကို ပတ်သက်နေတာဖြစ်နေတယ်။ အနုပညာဆိုတာမရှိခဲ့ရင် အဲဒီလူမျိုးက အဆင့်အတန်းမရှိတော့ဘူးလို့ ဆိုထား သလိုပါပဲ။ အနုပညာမရှိခဲ့ရင် လူမျိုးရဲ့ အဆင့်အတန်းလည်းမရှိတော့ဘူးလို့ ဆိုနိုင်မလားပဲ။ ဒါတွေကတော့ ကျွန်တော်တစ်ယောက်တည်းရဲ့ စဉ်းစားချက်သာဖြစ်ပါတယ်။ လူအများ၊ လူမျိုးစု တစ်စုကို ကိုယ်စားမပြုနိုင်ပါ။ ကျွန်တော့်ယူဆချက်သာဖြစ်တဲ့အတွက် လူမျိုးတစ်မျိုးကိုလည်း ကိုယ်စားပြုနိုင်လိမ့်မယ်မဟုတ်ပါဘူး။ မြန်မာ လူမျိုးများမှာ ငယ်စဉ်ကတည်းက သိမြင်ကြားခဲ့ရတဲ့ ဘုရားမတင် နတ်မ၀င် လူတွင် ပန်းဆယ်မျိုး ဒါမှမဟုတ် ဘုရားမတင် ၊ နတ်မ၀င် ၊ လူတွင် ဆယ်ပွင့်ပန်း ဆိုတာတွေက အနုပညာတွေပဲဖြစ်လို့ မြန်မာဆိုတာ ရှေးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အဆင့်အတန်းရှိတဲ့လူမျိုးတစ်မျိုး ဖြစ်တယ်ဆိုတာတော့ မငြင်းနိုင်ကြပါဘူး။ ပန်းဆယ်မျိုးနဲ့ပတ်သက်လို့လည်း ရာဇောဝါဒကျမ်းမှာ * “ပဲ ၊ တိမ် ၊ တဉ်း ၊ တော့ ၊ ရန် ၊ ပု ၊ မော့ မှတ်လော့ ပွတ် ၊ ချီ ၊ ယွန်း”* လို့ မှတ်သားရ လွယ်အောင် အတိုကောက်လေးနဲ့ ဖော်ပြပေးခဲ့ပါတယ်။ ဒီပန်းဆယ်မျိုး အတိုကောက်တွေကိုတော့ လူတိုင်းသိပြီးဖြစ်ပါလိမ့်မယ်။ အဲဒီပန်းဆယ်မျိုး က အနုပညာတွေပဲလို့ ယူဆပါတယ်။ အနုပညာလက်ရာလို့ ပြောမယ်ဆိုရင် အဲဒီပန်းဆယ်မျိုးနဲ့ မလွတ်ကင်းနိုင် ဘူးလို့လည်း မှတ်ယူမိပါတယ်။ တိုးတက်လာတဲ့ ခေတ်ကြီးမှာတော့ အခြားတီထွင် ဆန်းသစ်မှုတွေရှိပေမယ့် လည်း ဒီအနုပညာဆယ်မျိုးနဲ့တော့ မလွတ်ကင်းဘူးလို့လည်း မှတ်ယူမိပါတယ်။


‌art copy 3.png


အနုပညာ လို့ ဆိုလိုက်တာနဲ့ လူသားတွေရဲ့စိတ်ကို ခံစားချက်တစ်မျိုးမျိုးကိုတော့ ပေးစွမ်းနိုင်တယ်လို့ ထင်ပါတယ်။ လူသားတွေရဲ့ ၀မ်းနည်၊ ၀မ်းသာဆိုတဲ့ခံစားချက်မျိုး ပေးစွမ်းနိုင်တာ အနုပညာ လို့ ခေါ်နိုင်ပါလိမ့် မယ်။ ခံစားချက်လုံးဝမပေးစွမ်းနိုင်တဲ့ အနုပညာ ဆိုတာ မရှိဘူးလို့ ယူဆမိပါတယ်။ ခံစားချက်ပေးစွမ်းနိုင်မှ ရသ မြောက်တယ်လို့လည်း သတ်မှတ်ကြပါတယ်။ ဒါပေမယ့်လည်း လူတိုင်းကို ခံစားချက်ပေးနိုင်တယ်လို့တော့ မယူဆမိပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတိုင်း လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် ခံစားချက်၊ ခံယူချက်တွေ မတူညီနိုင်ဘူးလေ။ ခံယူချက်မတူရင် ခံစားချက်လည်းမတူညီနိုင်တော့ပါဘူး။ တစ်ယောက်က ချစ်စရာကောင်းတယ်လို့ ယူဆပေမယ့် နောက်တစ်ယောက်ကတော့ မုန်းစရာကောင်းတယ်လို့ ယူဆမိပါလိမ့် မယ်။ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ အနုပညာဆိုတာ ခံစားချက်တစ်ခုခုကိုတော့ ပေးသွားနိုင်တာပဲဖြစ်ပါတယ်။ တစ်ယောက်ကိုတော့ ချစ်စရာကောင်းတယ်၊ နောက်တစ်ယောက်ကတော့ မုန်းစရာကောင်းတယ်၊ နောက်တစ်ယောက်လာရင်လည်း တစ်မျိုးပြောင်းချင်ပြောင်းသွားနိုင်ပါတယ်။ ဒါပေမယ့် အနုပညာပစ္စည်း ကတော့ တစ်ခုတည်းပဲဖြစ်ပါတယ်။ အနုပညာဆိုတာ ငိုချင်လည်း ငိုနိုင်တယ်၊ ရယ်ချင်လည်းရယ်စေနိုင်တယ် ပုံမှန်အားဖြင့်တော့ လူတိုင်းကို ခံစားချက်အတူတူ ပေးတာဖြစ်ပေမယ့် တစ်ချို့အတွက်တော့ ခံစားချက်မတူ ဖြစ်တတ်ပါတယ်။ ဒါကလည်း ရှားမှာပါပဲ။ ရယ်စရာကို တွေ့ရင် ရယ်လိုက်ပြီး ငိုစရာကို တွေ့တဲ့အခါမှာလည်း ငိုလိုက်တာဟာ လူသားဆန်တယ်လို့ပြောရမှာပါပဲ။ ရယ်စရာတွေ့လည်း မရယ်၊ ငိုစရာတွေ့လည်း မငိုတာဟာ လူသားမဆန်တော့ပဲ ကွဲပြားသွားနေပါတယ်။


‌art copy 4.png


ရေးရင်းနဲ့ အနုပညာ ပျောက်တော့မှာပဲ။ ဆက်လက်ပါအုံးမယ်။ အနုပညာဆိုတာ လူတိုင်းမှာ ရှိနေပါတယ်။ အနုပညာခံစားချက်ဆိုတာလည်း လူတိုင်းမှာ ရှိနေပါတယ်။ ဘယ်လောက်ပဲ ကြမ်းတမ်းတဲ့သူဖြစ်ပါစေ။ အနုပညာတော့ရှိပါတယ်။ အနုပညာကို ခံစားတတ်ပါတယ်။ အနုပညာဆိုတာ အဲဒီလောက်ကို အစွမ်းအစရှိပါ တယ်။ အနုပညာဆိုတာ လူတစ်ဦးချင်းစီရဲ့ ဖြစ်ပေါ်နေတဲ့ စိတ်ကူး စိတ်သန်း အကြံဥာဏ်တွေကို တီထွင်မှုတွေ နဲ့ ပေါင်းစပ်ပြီး လူအများခံစားနိုင်အောင် ဖော်ပြပေးတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ ခံစားရတယ်ဆိုတိုင်းလည်း အနုပညာ လို့ မခေါ်နိုင်ပါဘူး။ သရဲကြောက်တာ အနုပညာမဟုတ်သလို ခွေးကြောက်တာကလည်း အနုပညာမဟုတ်ပါဘူး။ သာယာလှတဲ့ ကျေးငှက်များရဲ့ တေးသံသာဟာ အနုပညာမမြောက်ပါဘူး။ လှပလှတဲ့ တောတောင်ရေမြေရူခင်းတွေကလည်း အနုပညာမမြောက်ပါဘူး။ အဲဒီ ကျေးငှက်သာရကာတို့ရဲ့ သာယာတဲ့တေးသံတွေ ရေမြေတောတောင် ရူခင်း ရှုကွက်တွေကို ပန်းချီရေးဆွဲသူတစ်ယောက်က သူ့ရဲ့ခံစားချက်နဲ့ သူ့အမြင်၊ သူ့အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ပိတ်ကားပေါ်တင် ဆေးရေးခြယ်သလိုက်တော့မှ အနုပညာ လို့ ခေါ်ဆိုနိုင်ပါတယ်။ ဒီတော့ ရေးဆွဲ ထားတဲ့ ပန်းချီကားချပ်ကိုကြည့်ပြီး လွမ်းဆွေးသူ၊ ကြည်နူးသူ၊ ၀မ်းနည်းသူ၊ ပျော်ရွှင်သူ စသဖြင့် ကွဲပြားသွားကြ တတ်ပါသေးတယ်။ အဲဒါလို ခံစားချက်တစ်ခုခု ပေးစွမ်းနိုင်တဲ့ ဖန်တီးထားတဲ့အရာတစ်ခုကို အနုပညာလို့ ခေါ်ဆို နိုင်လိမ့်မယ်။ ပန်းချီဆိုတာ စာရေးခြင်းအတတ်ထက် အလွန်ရှေးကျစွာနဲ့ ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပန်းချီဆိုတာက တောင်ခြစ် မြောက်ခြစ် လုပ်ရာကနေ စတင်လာနိုင်ပေမယ့် စာဆိုတာ ကတော့ တောင်ခြစ် မြောက်ခြစ်လုပ်လို့မရတော့ စာဆိုတာ နောက်မှ ပေါ်တာဖြစ်မယ်မဟုတ်လား။ အနုပညာ အကြောင်းကို စုံစုံစေ့စေ့ ဖော်ပြဖို့ကတော့ မလွယ်ကူဘူး။ ဒီတော့က အနုပညာဆိုတာကို သဘောလောက်ပဲ ဖြစ်အောင်ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ အခုခေတ်ပြောပြောနေတဲ့ အနုပညာဆိုတဲ့ စကားရဲ့ရှေ့က ဘာ အနုပညာ ညာအနုပညာ ဆိုတာတွေက အနုပညာမြောက်မမြောက် ကျွန်တော်လည်း မဝေခွဲနိုင်ပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

19-6-2019 ဗုဒ္ဓဟူးနေ့(Wednesday)