ရေတော့လောင်းတာပဲ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


ohcov5sbm4.png


ရေးလက်စတွေဖြစ်တော့ ဆက်ရေအုံးမယ်ဗျာ။ မနေ့ကတော့ လူမိုက်တွေရဲ့သဘာဝလေးတွေကို မျှဝေရေး လိုက်မိတယ်။ ဒီလူမိုက်ဆိုတဲ့ နောက်ဆက်တွဲ ရေးလိုစိတ်ကလည်း မရိုးမရွဖြစ်လာပြန်တော့ နည်းမှား လမ်းမှား ဆိုတဲ့ ဒီစာကိုဆက်ရေးဖြစ်တော့ပါတယ်။ နည်းမှား လမ်းမှားတွေကို လုပ်ဆောင်ဖြစ်တယ်ဆိုတာကလည်း အကုသိုလ်ကံတွေ စတင်အကျိုးပေးလာတာရဲ့အစပဲဖြစ်တာကို မသိနားမလည်ကြတာကြောင့်လည်း ဖြစ်ပါ တယ်။ ဘာနဲ့ဥပမာပေးရမလဲဆိုတော့ နွားနို့ကိုစတင်ညှစ်ယူချိန်မှာ နွားနို့ရဲ့ အရသာက ချိုတယ် ဆိမ့်တယ် လူတွေရဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတယ်မဟုတ်လား။ ဒါပေမယ့် ဒီနွားနို့ကိုပဲ ဖန်ခွက်ထဲမှာ ထည့်ထားမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ အဲဒီ ချိုတယ် ဆိမ့်တယ်ဆိုတဲ့ အရသာတွေပျောက်ကွယ်သွား ပြီးတော့ ချဉ်တဲ့အရသာကို ခံစားလာကြရမယ်မဟုတ်လား။ နွားနို့ရဲ့ အရသာက တသမတ်တည်းတည်ရှိနေတာ မဟုတ်တော့ပဲ ချဉ်လာတဲ့အခါမှာ ကျန်းမာရေးကိုလည်း ဒုက္ခပေးတတ်ပါသေးတယ်။ အကုသိုလ်ကံ အကျိုးပေး တော့မယ်ဆိုရင်လည်း အဲဒီလိုပဲလို့ ဆိုနိုင်မယ်ထင်ပါတယ်။ အစမှာတော့ ချိုမြိန်တဲ့အရသာတွေ၊ ဆိမ့်တဲ့အရသာတွေကို ပေးစွမ်းနေမှာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ချိုမြိန်တဲ့အရသာတွေ ဆိမ့်တဲ့အရသာ တွေ ကွယ်ပျောက်သွားပြီးတော့ ပျက်စီး ဆုံးရှုံးစေမယ့်အရာတွေကို ဖြစ်ပေါ်လာတော့မှာပဲဖြစ်ပါတယ်။ အဲဒီလို အချိန်ကိုရောက်လာပြီဆိုရင်တော့ ဘယ်သူမှ ကူလို့ ကယ်လို့မရတော့ပါ။


1dw4lwgvzp.png


တစ်ခါတစ်ရံမှာပြောတတ်ကြတဲ့စကားလုံးလေးတစ်ခု ရတနာမိုးရွာရင် ကောင်းမယ်တဲ့။ အဲဒီလိုရတနာမိုး တကယ်ရွာခဲ့ဘူးသလား မရွာခဲ့ဘူးသလားတော့မသိပါ။ စာတွေထဲမှာတော့ ရတနာမိုးရွာတဲ့အဆင့်ရောက်ပြီဆို ရင်တော့ အကုသိုလ်အကျိုးပေးမယ့်အချိန် အမြင့်ဆုံးအဆင့်ကိုရောက်နေပြီလို့ သတိပေးတာနဲ့အတူတူပဲဆိုတာ တွေ့လိုက်ရတော့ ထိတ်လန့်ခဲ့မိဘူးပါတယ်။ ရတနာမိုးမရွာစေချင်ကြပါနဲ့။ ရတနာမိုးရွာပြီးရင်တော့ မီးကျီးမိုးတို့ လက်နက်မိုးတို့ဆက်ရွာတတ်လေရဲ့။ ဒါကစာထဲမှာ ဖတ်ဖူးတာတွေကိုပြောတာပါ။ တကယ်ဟုတ်နိုင် မဟုတ်နိုင် ကတော့ သဘောအတိုင်းပါပဲ။ နည်းမှား လမ်းမှားတွေကို ကျင့်ကြံမိတဲ့အခါမှာလည်း ချက်ချင်းလက်ငင်း မသိသာနိုင်ဘူးလို့လည်းဆိုပါတယ်။ ကံ ကံ၏အကျိုးကြောင့် ကောင်းကျိုးလေးတွေ ရနိုင်နေသေးတယ်။ ကောင်းကျိုးခံစားဖို့ ကံအကြောင်းကုန်ပြီဆိုရင်တော့ မကောင်းကျိုးတွေကို ခံစားတဲ့အချိန်ကို ရောက်လာတတ် ပါတယ်။ တိုင်းပြည်ကို မင်းလုပ်အုပ်ချုပ်နေကြတဲ့သူတွေက နည်းလမ်းမှားတွေကို လုပ်နေ ကိုင်နေမိတဲ့အခါ တိုင်းပြည်တိုးတက်မယ်လို့ ပညာရှိများကယုံကြည်နိုင်မယ်လို့ထင်ပါသလား? အဲ တိုင်းပြည်လို့ဆိုတော့ ကြီးကျယ်သွားပြီး အုပ်ချုပ်တဲ့သူတွေကို အပြစ်တင်နေတယ်ထင်တဲ့သူတွေက ထင်သွားနိုင်တော့ မေးခွန်းပြောင်း မေးမှဖြစ်မယ်။ မိသားစုတစ်စုကို ဦးဆောင်နေတဲ့သူတစ်ယောက်က နည်းမှား လမ်းမှားတွေကို ဆောင်ရွက်နေပြီဆိုရင် အဲဒီမိသားစု တိုးတက်အောင်မြင်နိုင်တယ်လို့ ယုံကြည်ပါသလား? ဒီလိုမေးခွန်းပြောင်းမှ ဖြစ်မယ်။ ဒါမှ လွတ်လွတ်ကင်းကင်းဖြစ်မယ်။ နို့မို့မတော် အကြည်ညိုပျက်စေတယ်တွေ ဘာတွေဖြစ်လာရင် ဒုက္ခဖြစ်သွားနိုင်သေးတယ်။


bv95go1u0h.png


ဒီနေရာမှာ နည်းမှား လမ်းမှားဖြစ်တတ်ပုံကို ဇာတ်တော်တစ်ခုထဲကအကြောင်းလေးမှတ်မိသလောက် ဖော်ပြချင် ပါတယ်။ ဇာတ်တော်ရဲ့ အမည်ကိုတော့ မမှတ်မိတော့ဘူး။ ဒါကိုတော့ခွင့်လွှတ်ပေတော့ဗျို့။ တစ်ခါတုံးက တိုင်းပြည်တစ်ပြည်ရဲ့ အလွန်သာယာစိုပြေလှတဲ့ ဥယျာဉ်ကြီးတစ်ခုရှိသတဲ့။ သာယာစိုပြေလှတဲ့ဥယျာဉ်ကြီးမှာ ခန့်အပ်ထားတဲ့ဥယျာဉ်မှူးနဲ့ အလုပ်သမားတွေလည်းရှိမယ်ပေါ့။ တစ်ခုသောနွေရာသီမှာ မိုးခေါင်လေတော့ ရေကန်တွေ ချောင်းတွေ မြောင်းတွေမှာ ရေတွေခမ်းခြောက်လောက်တဲ့အထိဖြစ်လာတယ်။ ဒီတော့ ဥယျာဉ်ထဲ မှာရှိတဲ့ သစ်ပင်ပန်းမာန်တွေကို စိုစိုပြေပြေဖြစ်စေဖို့ ရေကိုချွေတာသုံးစွဲရတဲ့အပြင် ဥယျာဉ်မှူးက အလုပ်သမား တွေကို လုပ်ခများများမပေးနိုင်တဲ့အတွက် ဖြုတ်ပြီးလိုက်ပြီး လုပ်ခနည်းတဲ့ ဘာမှမလုပ်တတ်မကိုင်တတ်သေး တဲ့ လူတွေကို ဥယျာဉ်မှာ ခေါ်ယူပြီး အလုပ်ခန့်လိုက်ပါတယ်။(ဇာတ်တော်ထဲမှာကတော့ မျောက်တွေကိုခေါ်လာ တယ်လို့ဆိုပါတယ်) ဥယျာဉ်က ဘုရင့်ရဲ့ ဥယျာဉ်တော်ကြီးဖြစ်တဲ့အတွက် အသီးအနှံတွေက အဆင့်မမီ ပိန်လိန် နေတာကိုတွေ့တော့ ဘယ်လိုများဖြစ်သလဲလို့ ဥယျာဉ်မှူးကိုမေးတဲ့အခါ ရေမလုံလောက်တဲ့အကြောင်းပြန်ပြော ပါတယ်။ ဒါဆို ရေရရှိရေးအတွက် ဘုရင်က ကူညီဆောင်ရွက်ပေးမယ်ဆိုပြီး နန်းတော်ကိုလာခဲ့ဖို့ခေါ်ယူလိုက် ပါတယ်။ ဥယျာဉ်မှူးဟာ နန်းတော်ထဲကိုသွားနေတဲ့အချိန်မှာ အလုပ်သမားသစ်တွေကို သစ်ပင်တွေကို ရေချွေတာလောင်းဖို့ အပေါ်ယံလောက်မှာကြားပြီး ထွက်ခွာသွားပါတယ်။ အလုပ်သမားသစ်တွေဟာ သစ်ပင် စိုက်ပျိုးပြုစုနည်းကိုသေချာသိကြတာမဟုတ်သေးတဲ့အတွက် နောက်တစ်နေ့ရေလောင်းကြရမယ့်အချိန်မှာ ရေကိုချွေတာလောင်းလို့မှာကြားချက်နဲ့အညီ ဘယ်လိုရေလောင်းမယ်ဆိုတာကို စုပေါင်းတိုင်ပင်ကြတယ်။ ပညာမဲ့သူများဖြစ်တဲ့အတွက် သစ်ပင်ရဲ့ အမြစ်ကိုကြည့်ပြီးရေလောင်းကြဖို့ ဆုံးဖြတ်ချက်ချလိုက်ကြပါတယ်။


gf4xyup7ce.png


ဘယ်လိုများရေလောင်းကြမလဲဆိုရင် အမြစ်တိုတဲ့အပင်ကို ရေနည်းနည်းလောင်း၊ အမြစ်ရှည်တဲ့သစ်ပင်ကို ရေများများလောင်း၊ အမြစ်မတိုမရှည်ကို ရေမနည်းမများလောင်း၊ အမြစ်မရှိရင် ရေမလောင်းဖို့ ဆုံးဖြတ်ချက်ကို သဘောတူလိုက်ကြပါတယ်။ အလွန်ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ကြောင်း အားရ၀မ်းသာနဲ့ လက်ခုပ်တီး အားပေးနေကြလေရဲ့။ သစ်ပင်ရဲ့အမြစ် အတို အရှည်ကို သိဖို့ သစ်ပင်တွေကို နှုတ်ကြည့်ပြီး ပြန်စိုက် ပြီးမှ ရေလောင်းကြမယ်လို့လည်း သတ်မှတ်လိုက်ကြပါတယ်။ ကောင်းလိုက်တဲ့ အကြံဥာဏ်တွေပဲဆိုပြီး သြဘာပေး ကြလေရဲ့။ သစ်ပင်ရဲ့အမြစ်ကို သိဖို့အတွက် အလုပ်သမားအသစ်တွေဟာ ဥယျာဉ်ထဲမှာရှိတဲ့ သစ်ပင်တွေအားလုံးကို လိုက်နှုတ်ပြီး အမြစ် အတို အရှည်ကို တိုင်းတာပြီး ပထမနေ့ရေလောင်းလိုက်ကြပါ တယ်။ သူ့တို့ဟာနဲ့ သူတို့တော့ ငါတို့နည်းလမ်းဟာ အင်မတန်အောင်မြင်တယ်လို့ ယူဆနေကြပြီး ပျော်ရွှင်နေ ကြလေရဲ့။ နောက်တစ်နေ့ရေလောင်းကြမယ်ဆိုတော့ ပြဿနာတက်ပြန်ပါရော။ ဘယ်အပင်က အမြစ်ရှည်ပြီး ဘယ်အပင်က အမြစ်တိုတယ်ဆိုတာ သူတို့မသိကြတော့ဘူး။ ဒီတော့ သစ်ပင်အားလုံးကို နှုတ်ကြည့်ပြန်ပါ တယ်။ ရေလောင်းကြပါတယ်။ ဒီလိုနဲ့ ဥယျာဉ်မှူးမပြန်လာခင် တစ်ပတ်တိတိ နေ့စဉ် သစ်ပင်ကို နှုတ်ပြီး အမြစ် အတို အရှည်ကြည့် ရေလောင်းနေခဲ့ကြပါတယ်။ သူတို့ရဲ့နည်းစနစ်ဟာ အင်မတန်ကြီးကျယ်လှတယ်လို့လည်း ခံယူထားကြလေရဲ့။ ဒါပေမယ့် အင်မတန်စိုပြေသာယာလှပတဲ့ ဥယျာဉ်ကြီးကတော့ ခြောက်ကပ်လို့နေတာကို သတိမပြုကြပါဘူး။ သာယာစိုပြေလှတဲ့ ဥယျာဉ်ကြီးကတော့ ဥယျာဉ်မှူးရေရရှိရေးစီမံကိန်းကနေ ပြန်လာတဲ့ အချိန်မှာတော့ ရှင်သန်နေတဲ့ သစ်ပင်တစ်ပင်မှ ကျန်ရှိမနေတော့ပါဘူး။ ရေလောင်းဖို့ အစီအစဉ်လည်းရှိပါတယ်။ ရေလောင်းတော့ လောင်းတာပါပဲ။ ဒါပေမယ့် ဥယျာဉ်ထဲက သစ်ပင်အားလုံးကို နှုတ်ပြီးမှ ရေလောင်းတဲ့နည်းဖြစ်နေပါတယ်။ သစ်ပင်အားလုံးကို နှုတ်ပစ်မယ့်နည်းဖြစ်နေပါတယ်။ ဒါကို အသိဥာဏ်ပညာမပါပဲ နည်းစနစ်ကောင်းကောင်းနဲ့ ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်နေတဲ့အတွက် ဥယျာဉ်ကြီးကတော့ ပျက်သုဉ်းသွားခဲ့ပါတယ်။ ဒီအကြောင်းအရာကို သီတဂူဆရာတော်ဘုရားကြီးဟောကြားခဲ့ တဲ့ တရားတွေထဲမှာ နာကြားဖူးလို့ မျှဝေခြင်းဖြစ်ပါတယ်။ နည်းစနစ်ကောင်းကောင်းနဲ့လား၊ နည်းမှား လမ်းမှားလား ဆိုတာတော့ ပညာရှိများမှသာ သိနိုင်မှာဖြစ်ပါကြောင်းရေးသားရင်းနဲ့ပဲ ရပ်နားလိုက်ပါတယ်။


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

4-7-2019 ကြာသပတေးနေ့(Thurssday)