တွေးမိတွေးရာ အပူကမ္ဘာ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
စာရေးဖို့ကို အာရုံယူမရဖြစ်နေတာတော့အမှန်ပါပဲ။ ဈေးတွေကလည်းကျ ရာသီဥတုကလည်း ပူပြင်းဆိုတော့ကာ စာရေးဖို့နေနေသာသာ အလင်းရောင်ပြင်းပြင်းကို မကြည့်ချင်ဘူး။ ဒါပေမယ့်လည်း Post လေးကတော့ တင်ချင်သား။ ဒီတော့ တိုတို နဲ့ တုတ်တုတ် ရေးတင်မိတာ နားလည်ပေးကြပေရော့ဗျို့။ နေပူတော့ ရောဂါတွေလည်း ထူလာတယ်။ အပူဒဏ်ကြောင့် အမျိုးမျိုးအဖုံဖုံ ကိုယ်ခန္ဓာကြီးကို ဒုက္ခပေးပြီး အဆင်မသင့်ရင် သေတောင် သေနိုင်သေးတယ်။ အပူဒဏ်ကိုလည်း သတိပြုကြပါလို့။ နေပူထဲ မဖြစ်မနေသွားကြ၊ လာကြရမယ်ဆိုရင်လည်း အပူကာလေးတွေနဲ့ သွားကြလာကြပါ။ အသက်ကို ဥာဏ်စောင့်လို့ပြောတယ်မဟုတ်လား။ ဥာဏ်လေးတော့ စောင့်ကြပါခင်ဗျ။
အေးလွန်းတဲ့ရာသီက မီးလှုံ၊ စောင်ခြုံလို့ ရပေမယ့် ပူလွန်းတဲ့ရာသီကတော့ မီးလှုံ၊ စောင်ခြုံမရနိုင်လေတော့ အဲကွန်းဆိုလား ဘာဆိုလား အအေးပေးအခန်းထဲမှာ နေတတ်ကြတယ်။ ရုတ်တရက်အပြင်ကိုထွက်ရင်တော့ သတိပြု ထွက်ကြပါခင်ဗျ။ အပြင်အပူချိန်က ပြင်းထန်လွန်းသလို အခန်းတွင်း အအေးဓာတ်ကလည်း ပြင်းထန်ပါတယ်ခင်ဗျ။ အပူ နဲ့ အအေး ဆိုတာ ထိပ်တိုက်တွေ့ရင် ရင်ဆိုင် ယှဉ်ပြိုင်ဖြစ်လာကြရင် လေမုန်းတိုင်းမျိုးစုံဖြစ်တတ်သေးသမို့လား။ ဒိတော့ အအေးခန်းရှိသူများ အပြင်အပူဒဏ်ကို ဂရုပြုကြပါခင်ဗျ။ အပူထဲက ပြန်လာရင်လည်း ရေသောက်တာဂရုစိုက်ကြပါခင်ဗျ။ အပူ နဲ့ အအေးဆိုတာ ထိပ်တိုက်တွေ့ရင် အန္တရာယ်ဖြစ်တယ်ဆိုလားပဲ။
ပူလွန်းတော့ မီးဘေးအန္တရာယ်ကလည်း ကြောက်ရသေး။ မြက်ခြောက်တွေက မီးထတောက်လို့တောက်၊ ကိုင်းတောတွေက မီးလောင်လို့လောင်၊ ဒီကြားတဲ့ လျှပ်စစ်မီးက ပြတ်တောင်း ပြတ်တောင်းနဲ့။ ထမင်းပေါင်းအိုး မတက်ခင် မီးပျက်ပျက်သွားလို့ တည်ထားတဲ့ ထမင်းပျက်သွားလို့ ထမင်းငတ်ရတဲ့ ရက်တွေကလည်းပါသေးဗျို့။ ပူလွန်းတဲ့အပြင် မီးကပျက်၊ မီးကပျက်တော့ ရေကမလာ။ ရေကမလာတော့ မြစ်ထဲဆင်းကာ ရေသွားချိုးကြ၊ ရေသွားချိုးကြတော့ မကျွမ်းကျင်သူတွေ ရေမှာနစ်ကာ ပရဟိတသမားတွေ ရေထဲငုပ်ရှာကြရောဗျို့။ ဒါကြောင့် ပြောပါတယ်။ အပူက ဒုက္ခမျိုးစုံကို ပိုပေးတတ်သဗျ။ အပူမရှိရင်လည်း သတ္တ၀ါမှန်သမျှကလည်း သေကြရော။ ထိုက်သင့်တဲ့အပူလေးတော့ ကျန်ပါမှအသက်ရှည်မယ်။
ပူလွန်းတဲ့နွေရာသီမှာ အချို့ အချို့သော ကျေးရွာတွေ သောက်သုံးရေရှားပါးမှုပြဿနာအပြင်၊ သုံးစွဲစရာ ရေမရှိလောက်အောင် ရေပြတ်လပ်မှု ပြဿနာတွေနဲ့ ထိပ်တိုက်တွေ့နေကြရတာ နှစ်စဉ် နှစ်တိုင်း မရိုးနိုင်တဲ့ မြန်မာပြည်က ပုံပြင်ဖြစ်နေတယ်။ ရေလှူတဲ့ အလှူရှင်တွေကလည်း နေ့တိုင်း သွားလှူနေနိုင်တာမှ မဟုတ်လေတော့ ချိုးရေ၊ သုံးရေ လုံလောက်မှုမရှိတော့ ဒုံရင်းက ဒုံရင်းပြန်ရောက်သွားမလားပဲ။ ကိုင်း ရေရှားပါးမှုကို နှစ်စဉ်မကြုံတွေ့ရလေအောင် ဘယ်လိုများလုပ်သင့်သတုံး စဉ်းစားသင့်တယ် မဟုတ်လား။ တော်ပြီ တော်ပြီ လို့...
အပူဘေး အမြန်ပြေးကာ အေးအေးလူလူ နေနိုင်ကြပါစေ......
စာရေးသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
26-4-2019 သောကြာနေ့(Friday)