ကျန်းမာ ပျော်ရွှင် အောင်မြင်

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01 copy.png


လူတိုင်း လူတိုင်း ဘ၀မှာ ဘာတွေလိုချင်သလဲလို့မေးမယ်ဆိုရင် ကျန်းမာရေးကောင်းကောင်းမွန်မွန်နဲ့ ဘ၀ကို ဖြတ်သန်းနေထိုင်သွားချင်ကြတယ်။ ဘ၀ဆိုတဲ့ခရီးကြီးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားလိုကြတယ်။ အဲဒီလို ဘ၀ကို ဖြတ်သန်းကြရတဲ့အခါမှာလည်း ငွေကြေး ဒါမှမဟုတ် ရာထူး၊ အာဏာ စတဲ့ တစ်ခုခု အောင်မြင် တိုးတက်ချင်ကြတယ်။ ဒါက လူတိုင်းရဲ့ အခြေခံအကျဆုံး လိုအင်ဆန္ဒတွေပဲဖြစ်မယ်လို့ထင်ပါတယ်။ အဲဒီလိုအင်ဆန္ဒတွေနဲ့ကင်းပြီး နေထိုင်ချင်တယ်ဆိုတဲ့လူတော့ ရှိလောက်မယ်မထင်ပါဘူး။ ဒါက လူဆိုတဲ့ သာမန် ပုထုစဉ်တွေကိုပဲပြောလိုခြင်းသာဖြစ်ပါတယ်။ ကျန်းမာချင်တယ်၊ ပျော်ရွှင်ချင်တယ်၊ အောင်မြင်တိုးတက် ကြီးပွားချင်တယ် ဆိုတဲ့ အခြေခံလိုအင်တွေရှိပေမယ့် အဲဒီလိုအင်တွေကတော့ လူတိုင်း မပြည့်စုံတာကို မြင်တွေ့ နိုင်ပါတယ်။ အလွန်တန်ဖိုးကြီးနေလို့လား? ရနိုင်ဖို့ ခက်ခဲလွန်းလို့လား? ကျွန်တော့်အနေနဲ့တော့ အဲဒီလို မထင်မိပါဘူး။ သာမန်လူတွေအနေနဲ့ ခြေလက်အင်္ဂါ အစုံအလင်နဲ့ မွေးဖွားလာတာခြင်းအတူတူ ဘာကြောင့် ကွဲပြားခြားနားသွားရသလဲလို့လည်း စဉ်းစားမေးခွန်းထုတ်မိပါတယ်။ အမှန်ကတော့ ဘယ်သူမပြု မိမိမှု ဆိုသလိုပဲဖြစ်မယ်ထင်ပါတယ်။ ကျန်းမာရေးကောင်းချင်တယ်ပြောပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်၊ အနေအထိုင်တွေလုပ်နေမယ်ဆိုရင် ကျန်းမာရေးကောင်းဖို့ အလွန်ခဲယဉ်းပါလိမ့်မယ်။ ပျော်ရွှင်ချင်ပါတယ်ပြောပြီး ၀မ်းနည်းစရာ ကိစ္စတွေကို ဖန်တီးနေတတ်တယ်ဆိုရင်လည်း ပျော်ရွှင်ဖို့ အလွန် ခဲယဉ်းပါလိမ့်မယ်။ အဲဒီလိုပါပဲ။ အောင်မြင်တိုးတက်ချင်ပါတယ်ပြောပြီး ဆင်းရဲမွဲတေနိုင်တဲ့အလုပ်တွေကိုပဲ လုပ်နေမယ်ဆိုရင် အောင်မြင်ကြီးပွားတိုးတက်ဖို့ အလွန့် အလွန် ခဲယဉ်းနေလိမ့်မယ်လို့ အဖြေထွက်ပါတယ်။


02 copy.png


ကျန်းမာရေးကောင်းဖို့ပဲဖြစ်ဖြစ်၊ ပျော်ရွှင်ဖို့ပဲဖြစ်ဖြစ်၊ အောင်မြင်ကြီးပွားတိုးတက်ဖို့ပဲဖြစ်ဖြစ် လိုအင်ဆန္ဒ(၃)မျိုး စလုံးအတွက် အခြေခံလိုအပ်ချက်တစ်ခုအနေနဲ့ကတော့ စိတ်ပိုင်းဆိုင်ရာ လို့ခေါ်နိုင်တဲ့ လူတို့ရဲ့ အခြေခံစိတ် က အလွန်ရေးပါ ဆက်နွှယ်ပတ်သက်နေပါတယ်။ မြတ်ဗုဒ္ဓက ဟောကြားထားခဲ့တာကလည်း အဓိကအားဖြင့် စိတ်ပဲမဟုတ်လား။ စိတ်ကောင်းထားရမယ်၊ စိတ်ဆိုး စိတ်ယုတ် မထားရဘူးဆိုတဲ့စကားလုံးကို လူတိုင်း လူတိုင်း နေ့စဉ်နဲ့အမျှ ကြားနေကြရမယ်ထင်ပါတယ်။ ဒါပေမယ့် စိတ်ကို ဆုံးမပြီး စိတ်ကို နိုင်အောင်ထိန်းချုပ်တဲ့ သူတွေကတော့ အလွန်အလွန်ရှားပါးပါလိမ့်မယ်။ စိတ်ကို ထိုက်သင့်သလောက် ထိန်းချုပ်နိုင်တဲ့သူက ထိုက်သင့်သလောက် ကျန်းမာမယ်၊ ပျော်ရွှင်မယ်၊ ကြီးပွားတိုးတက်အောင်မြင်မယ်။ စိတ်ကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်တဲ့သူကတော့ ဘယ်အရာမဆို အလွယ်တကူဖြစ်နိုင်ပါတယ်။ ဒါကိုလည်း စာရေးဆရာကြီး အများအပြားက ရေးသားခဲ့တဲ့စာအုပ်ပေါင်းများစွာ ရှိနေပြီးဖြစ်ပါတယ်။ တကယ်လုပ်ရင် တကယ်ဖြစ်ပြီး အဟုတ်ဖြစ်ပါတယ်။ တကယ်မလုပ်ပဲနဲ့တော့ တကယ်မဖြစ်ပါဘူး။ ဘယ်အရာမဆို တကယ်လုပ်မှ တကယ်ဖြစ်မှာပါ။ ဗိုက်ဆာနေသူတစ်ယောက်ဟာ ခူးပြီး ခပ်ပြီးသား ဖြစ်နေတဲ့ ထမင်းတွေ ဟင်းတွေကို ထိုင်ကြည့်နေရုံနဲ့တော့ ဗိုက်ပြည့် သွားမှာမဟုတ်သလိုပါပဲ။ ခူးပြီး ခပ်ပြီးသား ထမင်းဟင်းတွေတောင်မှ တကယ်စားမှ တကယ်ဗိုက်ပြည့်မယ်မဟုတ်လား။ တကယ်မစားပဲနဲ့တော့ တကယ် ဗိုက်မပြည့်တာ သေချာပါတယ်။


03.png


ယနေ့လို IT ခေတ်ကြီးထဲမှာ ခူးပြီး ခပ်ပြီးသားတွေ အဆင်သင့်ချပေးထားတဲ့ လုပ်ငန်းတွေ အများအပြား ရှိနေပါတယ်။ ခူးပြီး ခပ်ပြီးသားဆိုပေမယ့် တကယ် ကိုယ်တိုင် လုပ်မှ ကိုယ်တိုင်ရမှာပဲဖြစ်ပါတယ်။ ကျန်းမာရေး ကောင်းချင်တဲ့ လူက အခြားသူတွေက “အသက်ရာကျော်ရှည်ပါစေ” ဆုတောင်းကို မျှော်လင့်နေရမှာမဟုတ်ပဲ ကျန်းမာရေးကောင်းစေတဲ့ နည်းလမ်းတွေကို လိုက်နာပြီး ကျန်းမာရေးထိခိုက်စေမယ့်အရာတွေကို ရှောင်ရှားမှ ကျန်းမာရေးကောင်းပြီး နေနိုင်မှာပါ။ ပျော်ရွှင်ချင်တဲ့သူကလည်း အခြားသူတွေရဲ့ “ပျော်ရွှင်ပါစေ” ဆိုတဲ့ ဆုတောင်းကို မျှော်လင့်နေရမှာ မဟုတ်ပဲ ကိုယ်တိုင်က စိတ်ညစ် စိတ်ပျက်စရာတွေကို ကျောခိုင်းပြီး ပျော်ရွှင်စေမယ့် နည်းလမ်းတွေနဲ့ ကြိုးစားနေထိုင်ရမှာပါ။ စိတ်ညစ် စိတ်ပျက်နေသူတွေရဲ့ စိတ်မှာ ကျန်းမာရေး နဲ့ ပျော်ရွှင်မှု ကို ထိခိုက်စေနိုင်တဲ့ ဓာတ်တွေ ထုတ်လွှတ်တတ်တယ်ထင်ပါတယ်။ စိတ်ညစ်တာ၊ စိတ်ပျက်တာ၊ စိတ်ဆိုး စိတ်တိုတာ၊ ဒေါသကြီးတာတွေက လူ့နှလုံးကို တိုက်ခိုက်ဖျက်ဆီးနေတဲ့ အကြောင်းတွေပဲဖြစ်ပါတယ်။ တိုးတက်အောင်မြင်ကြီးပွားလိုသူတွေ လည်း ထို့အတူတူပါပဲ။ သူများတွေပေးတဲ့ဆုကို ထိုင်စောင့်နေရုံနဲ့တော့ ဘာမှဖြစ်လာမယ်မဟုတ်ပါဘူး။ လူအများစုဟာ အပြစ်တင်တာကို သဘောကျနှစ်ခြိုက်တတ်တာတွေ့ရပါ တယ်။ သူတစ်ပါးကို အပြစ်တင်ရုံနဲ့ အားမရတတ်သလို ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်တတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာက ပိုဆိုးတတ်ပြီး အောင်မြင်တိုးတက်ကြီးပွားလိုသူတွေအတွက်တော့ အလွန် ကြီးမားတဲ့ အဟန့်အတားတစ်ခုဖြစ်မယ်လို့လည်း ထင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိရင် စိတ်ညစ် စိတ်ပျက်သွားပြီး ပျော်ရွှင်မှု နဲ့ ကျန်းမာရေးကိုပါ ထိခိုက်တော့တာပါပဲ။


04.png


တိုးတက်လွန်းတဲ့ ယနေ့ခေတ်ကာလမှာ လူတိုင်း လူတိုင်းဟာ စိတ်ဖိစီးမှုတွေ တဖြည်းဖြည်းနဲ့ များပြားလာတာ ကို အလွယ်တကူမြင်တွေ့နေရပါတယ်။ စိတ်ဖိစီးမှုတွေများလာရင် ဘာဖြစ်တတ်သလဲဆိုတာ ရေးပြနေစရာ လိုမယ်မထင်လို့ မရေးတော့ပါဘူး။ စိတ်ဖိစီးမှုလျော့ကျစေဖို့အတွက် အကြံပြုလိုတာက-

(၁) လူမှုဆက်ဆံရေး နယ်ပယ်မှာ ကိုယ့်ရဲ့ ပေါင်းသင်း ဆက်ဆံရေးက အဆင်ပြေစေတဲ့ဆက်ဆံရေးဖြစ်ပါစေ။

(၂) ကျန်းမာရေးညီညွတ်စေတဲ့ အစားအသောက် အနေအထိုင်ဖြစ်အောင် နေထိုင်စားသောက်ပါ။

(၃) အချိန်တစ်ခုသတ်မှတ်ပြီး ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ပါ။

(၄) မိမိပတ်ဝန်းကျင်မှာ ဖြစ်ပျက်သမျှအကြောင်းအရာတွေကို အဆိုးမမြင်ပဲ အကောင်းမြင်စိတ်ထား မွေးမြူပါ။

(၅) လုပ်ငန်းနှင့်ပတ်သက်သော သိသင့်သောအကြောင်းအရာမှန်သမျှ သိအောင်ကြိုးစားပြီး အသစ်အဆန်းများကို လေ့လားထားပါ။(စာတွေ့+လက်တွေ့ ကျွမ်းကျွမ်း ကျင်ကျင် ဖြစ်အောင် ကြိုးစားပါ။)

(၆) သက်ဆိုင်ရာ ဘာသာတရား၏ အဆုံးအမနှင့်အညီ စိတ်ငြိမ်းချမ်းစေသော အကျင့်တို့အား လိုက်နာကျင့်ကြံကာ အချိန်ပေး လေ့ကျင့် သင်ကြားပါ။

ဒါဆိုရင် စိတ်ဖိစီးမှုတွေ လျော့ကျသွားမယ်ထင်ပါတယ်။ စိတ်ဖိစိးမှုလျော့ကျသွားပြီဆိုရင် ကျန်းမာ ပျော်ရွှင် အောင်မြင်လာမှာ အမှန်ပါပဲ။ အထက်က အချက်တွေကိုလိုက်နာနိုင်မယ်ဆိုရင် ဘ၀ခရီးလမ်းအတွက် ထိုက်သင့်တဲ့ ကျန်းမာ ပျော်ရွှင် အောင်မြင် နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ခူးပြီး ခပ်ပြီးသား ထမင်း ဟင်းတွေကို ကိုယ်တိုင်ယူပြီး စားသောက်မှ ကိုယ်တိုင် ဗိုက်ပြည့်မယ်ဆိုတာကိုလည်း အမြဲ သတိရစေချင်ပါတယ်နော။ အောင်မြင်တိုးတက်ပြီး ပျော်ရွှင် ကျန်းမာနေတဲ့ လူတစ်ယောက်မဟုတ်ပေမယ့် ကိုယ်သိထား နားလည်ထား သလောက်လေးကို ယူတတ်သူ ရပါစေဆိုတဲ့ စိတ်နဲ့ ရေးသားမိခြင်းဖြစ်ပါတယ်။ တကယ်လို့များ အယူအဆတွေ မတိုက်ဆိုင်ခဲ့ရင် ခွင့်လွှတ် သည်းခံကြပါဗျာ။ လူတိုင်း လူတိုင်း ကျန်းမာ ပျော်ရွှင် အောင်မြင် စေလိုသော ဆန္ဒမွန်ဖြင့် ------------


ရေးသားသူ(Author)___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

8-Feb-2019 သောကြာနေ့(Friday)