ပေါင်းသင်းဆက်ဆံရေး

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


relationship copy.png


ကြီးကြီးကျယ်ကျယ်စာတွေကို မရေးသားဖြစ်တာကြာပြီဆိုတော့ ကြီးကြီးကျယ်ကျယ်စာတွေကို ရေးတင်လိုက် ပါအုံးမယ်။ ဖတ်ရှုအားပေးကြပါအုံး။ ငယ်ငယ်ကတော့ ကြီး မှ ကျယ် တယ်ဆိုပြီး ပြောဆိုတတ်ကြတယ်။ တကယ်လည်း ကြီး မှ ကျယ် ပေသကိုး။ ဒီတော့ကာ ကြီးကျယ်ပါရစေ။ ပေါင်းသင်းဆက်ဆံရေးဆိုတာ ခုလို အပြိုင်အဆိုင်တွေပေါများလှတဲ့ ခေတ်ကာလကြီးမှာ အမှန်တကယ် လိုအပ်လာခဲ့ပါပြီ။ ပေါင်းသင်းဆက်ဆံရေး ဆိုတာကလည်း ပညာရပ်တစ်ခုဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမကောင်းပဲ ညံ့ဖျင်းတဲ့သူတွေကို လူအများစုကတော့ မပေါင်းသင်း မဆက်ဆံလိုကြပေဘူး။ ဘုကလန့်တိုက်တတ်တဲ့လူစားမျိုးတွေကိုလည်း အများစုက ရှောင်ကြဉ်လိုကြတယ်။ ဟိုးလွန်လေပြီးတဲ့ နှစ်များစွာကတော့ ပေါင်းသင်းဆက်ဆံရေးဆိုတာကို လောကနီတိ၊ ပြည်သူ့နီတိ ဆိုပြီး စာသင်ကျောင်းတွေမှာ ပြဌာန်းချက်တစ်ခုအနေနဲ့ ထည့်သွင်း သင်ကြားပေးခဲ့ဘူးတယ်လို့ ဖတ်မှတ်ဖူးပါတယ်။ ခုခေတ်မှာတော့ လောကနီတိဆိုတာတောင် ဘာမှန်းမသိတော့တဲ့ လူငယ်တွေ လူကြီးတွေ ဖြစ်ကုန်ကြပါပြီ။ ပေါင်းသင်းဆက်ဆံရေးဆိုကတည်းက လူတစ်ဦးတည်း တစ်ယောက်တည်းအတွက် မဟုတ်တော့ဘူးပေါ့။ အနည်းဆုံးတော့ လူနှစ်ယောက်ရှိလာပြီ။ ပေါင်းသင်းဆက်ဆံရေးဆိုတာက စည်းရုံးမှု၊ စုပေါင်းနေထိုင်မှု၊ အသက်မွေးဝမ်းကြောင်းမှု၊ ယဉ်ကျေးမှုစတဲ့ လူမှုရေးလို့ ခေါ်ဆိုနေကြတဲ့အရာတွေကို သတ်မှတ်နိုင်မယ်ထင်ပါတယ်။ စည်းရုံးမှု မကောင်းရင်၊ စုပေါင်းနေထိုင်မှုမပြုတတ်ရင် ပေါင်းသင်းဆက်ဆံရေး မကောင်းဘူးလို့သတ်မှတ်မယ်ထင်ပါတယ်။ ပေါင်းသင်း ဆက်ဆံရေးညံ့ဖျင်းရင် အသက်မွေးဝမ်းကြောင်းမှုလည်းမကောင်းတော့သလို ယဉ်ကျေးမှုဆိုတာလည်း ခေါင်းပါးသွားပါလိမ့်မယ်။


relationship copy 1.png


ပေါင်းသင်းဆက်ဆံရေးလို့ဆိုတဲ့နေရာမှာ လူမှုကိစ္စအ၀၀နဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ပေါင်းသင်း ဆက်ဆံရေးဆိုတာက လူအချင်းချင်း ဘယ်နည်း ဘယ်ပုံ ပေါင်းသင်းဆက်ဆံသင့်တယ်။ လူအများကို ဘယ်လို ဆက်ဆံသင့်တယ်။ ဘယ်လိုစည်းရုံးနေထိုင်သင့်တယ်။ အများနဲ့သက်ဆိုင်တဲ့ကိစ္စတွေမှာ ဘယ်လိုသွား ဘယ်လိုလာ စသဖြင့် စည်းကမ်းဥပဒေတွေကိုလည်း လမ်းညွှန်ပြသနေတဲ့ ပညာရပ်တစ်ခုဖြစ်တယ်လို့ ဆိုချင် ပါတယ်။ ဒီလိုသင်ပြပေးတယ်ဆိုတာကလည်း သင်ပြခံရသူတွေက ခံယူတတ်ပါမှဖြစ်ပါလိမ့်မယ်။ ပေါင်းသင်း ဆက်ဆံရေးနည်းပညာဆိုတာကို ယနေ့ခေတ်လူသားအများစု လက်ခံနေကြပြီဖြစ်ပေမယ့် ဘယ်လို ဘယ်ပုံ ပေါင်းသင်းရမယ်ဆိုတာကိုတော့ သိပုံမရသေးလို့ ထင်မိပါတယ်။ ပေါင်းသင်းဆက်ဆံရေးပညာဆိုတာက လူအများနဲ့ ဘယ်လိုပြေပြစ်အောင် နေထိုင်ပြုမူ ဆက်ဆံပေါင်းသင်းသင့်သလဲဆိုတာကို ဖော်ပြပေးတယ်လို့ ထင်ပါတယ်။ ပြုမူနေထိုင်ပုံမှားယွင်းရင် ပေါင်းသင်းဆက်ဆံရေးပျက်ယွင်းမှာဖြစ်ပါတယ်။ အဓိကအားဖြင့် စကားပြောဆိုဆက်ဆံရာမှာ မှားယွင်းတဲ့စကားတစ်ခွန်းကြောင့် ပေါင်းသင်းဆက်ဆံရေးပျက်စီးတတ်ပါတယ်။ စကားကိုစည်းကမ်းမဲ့ ငါ့စကားနွားရ ဆိုသလိုပြောဆိုခြင်းက ပေါင်းသင်းဆက်ဆံရေးကို သေချာပေါက် ပျက်စီစေပါတယ်။ အချိန်ကာလ ဒေသတွေနဲ့ လိုက်လျောညီထွေမနေထိုင်တတ်ရင်လည်း ပေါင်းသင်းဆက်ဆံရေး ပျက်သုဉ်းတတ်ပါတယ်။ ကိုယ့်ရဲ့ နေထိုင် ပြုမူ ပြောဆိုချက်များကြောင့် ပေါင်းသင်းဆက်ဆံရေးတိုးတက်လာ စေနိုင်သလို ပျက်စီးခြင်းလည်း ဖြစ်နိုင်တာကို သတိပြုသင့်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ တတ်နိုင်သမျှ မိမိတို့ရဲ့ အစွဲတွေ၊ အတ္တတွေကိုဘေးဖယ်ထားပြီး ဆက်ဆံကြရပါတယ်။ တစ်ဖက်က လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းနေပေမယ့် “ကိုယ့်ရဲ့ လက်သီးဆုပ်ကို မဖြေပဲ မြဲမြဲဆုပ်ထားရင်တော့ လက်ဆွဲနှုတ်ဆက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။” ဒီလိုဆိုရင် ပေါင်းသင်းဆက်ဆံရေးဆိုတာဟာလည်း ဖြစ်ပေါ်မလာနိုင်ပါဘူး။


relationship copy 4.png


လူတစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံကြရာမှာဖြစ်စေ၊ အဖွဲ့အစည်းအတွင်း ပေါင်းသင်းဆက်ဆံရာမှာဖြစ်စေ သိသင့် သိထိုက်တဲ့အရာတွေ၊ ပြုသင့် ပြုထိုက်တဲ့ အကြောင်းအရာတွေ၊ ပြုလုပ်သင့် ပြုလုပ်ထိုက်တဲ့ တာဝန် ၀တ္တရားတွေကို လေ့လာသင်ကြားလိုက်နာခြင်းအားဖြင့် လူအချင်းချင်းပေါင်းသင်းဆက်ဆံရေး၊ လူ့လောက တိုးတက်ရေး၊ လူ့အဆင့်အတန်းတိုးတက်မြင့်မားရေး စတာတွေကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ ပေါင်းသင်း ဆက်ဆံရေးညံ့ဖျင်းသူများအတွက်တော့ လူ့လောကအဆင့်အတန်းမြင့်မားတိုးတက်ဖို့နေနေသာသာ သူကိုယ်တိုင်ရဲ့ ဘ၀မှပင် အပေါင်းအသင်းမိတ်ဆွေကောင်း ရရှိနိုင်ဖို့မလွယ်ကူပါဘူး။ အရင်တုံးကလည်း ကျွန်တော်အနေနဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး စာအတော်များများရေးခဲ့ဖူးပေမယ့် အစ အဆုံး ဖတ်ကြည့်သူ နည်းမှာ အမှန်ပဲဖြစ်ပါတယ်။ Comment ပေးနိုင်ရုံလောက်သာ ဖတ်ကြတာပဲများပါလိမ့်မယ်။ တစ်ချို့ဆို ဖတ်ပင်မဖတ်ကြည့်ပဲ ခေါင်းစဉ်ကိုကြည့်ပြီး ရမ်းသမ်း Good ရေးနေတာတွေသာများခဲ့ပါတယ်။ ဒါဖြင့်ရင် ခုစာတွေကော ၀င်ဖတ်ပြီလား။ တိုးတက်လာပြီလားလို့များ မေးခဲ့ရင်တော့ ဒုံရင်း ဒုံရင်း၊ နေမြဲအတိုင်းပဲဖြစ်ပါလိမ့်မယ် ☺☺ ။ ဒါပေမယ့် ဖတ်မိသူတစ်ယောက် အတွေးတစ်ခုပေါက်ပြီး အကျိုးတစ်စုံတစ်ရာ ရရှိသွားမယ်၊ အသိတစ်ခု တိုးပွားသွားမယ်ဆိုရင်ကို ကျေနပ်လှပါပြီ။ အပင်ပန်းခံရကျိုးနပ်ပါပြီလို့ပဲ ခံယူထားတာ ကြာခဲ့ပေါ့လေ။


relationship copy 3.png


ယနေ့ခေတ်ကာလမှာ တိုးတက်နေပါတယ်ဆိုတဲ့ မြို့ကြီးတွေမှာ ရောက်ရှိခဲ့မယ်ဆိုရင် သတိထားကြည့်ရှုကြည့် ပါ။ စည်းမဲ့ ကမ်းမဲ့ အမှိုက်စွန့်ပစ်ထားမှုတွေကို မုချမသွေ တွေ့မြင်ရပါလိမ့်မယ်။ တစ်ဦးချင်း တစ်ယောက်ချင်း ကိုယ့်ကိုယ်ကိုယ် တာဝန်မယူနိုင်တာ ပေါ်လွင်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ် တာဝန်မယူနိုင်တဲ့လူတစ်ယောက် အနေနဲ့ အခြားသူများကို စည်းရုံးနိုင်မယ်လို့ ယူဆနေတာ အလွန်ရယ်စရာကောင်းလှပါတယ်။ အိမ်မှာ တံမြက်စည်း တစ်ချက်မလှဲချင်သူတစ်ယောက်က လမ်းပေါ်ကအမှိုက်တွေကို ကောက်မယ်လို့ကြွေးကြော် နေတာကို မိတ်ဆွေတို့အနေနဲ့ ဘယ်လိုများမြင်ကြမလဲ။ အဲဒီလိုအရာတွေက မိမိကိုယ်ကို တာဝန်မယူချင်တာ ဖော်ပြနေတယ်လို့ ကျွန်တော့်အနေနဲ့ သတ်မှတ်ပါတယ်။ အဲဒီလိုလူအများစုကလည်း ပေါင်းသင်းဆက်ဆံရေမှာ အလိုက်မသိ၊ စည်းကမ်းမဲ့ နေထိုင်တတ်သူများအဖြစ်လည်း မြင်မိပါတယ်။ တာဝန်သိမှုမရှိဟုလည်း သုံးသပ် မိပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လိုသူတစ်ယောက်က စည်းကမ်းမဲ့ နေထိုင်ပြုမူခြင်းကိုတော့ ရှောင်ရှားရမှာ အမှန်ပါပဲ။ လူတစ်ဦးတစ်ယောက်ရဲ့ ပေါင်းသင်းဆက်ဆံမှု၊ စဉ်းစားတွေးခေါ်မှု၊ တွေးတော ကြံဆမှုတွေဟာ သူကြီးပြင်းရာ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးခြင်းကို ခံနေကြရတတ်သော်လည်း ပြုပြင်မရတာ မဟုတ်တာကြောင့် ကောင်းချင်ရင် မကောင်းတာကိုတော့ စွန့်ပစ်ရမှာဖြစ်ပါတယ်။ တကယ်တော့ ပေါင်းသင်း ဆက်ဆံရေးပညာဆိုတာက လူသားအဖွဲ့အစည်း၊ လူ့အစည်းအရုံးရဲ့ အဆင့်အတန်းကို ဖော်ပြပေးနေတဲ့ ပညာရပ်တစ်ခုအဖြစ် ရှုမြင်ပါတယ်။ ကျွန်တော်တို့နိုင်ငံသူ နိုင်သားတွေ ပေါင်းသင်းဆက်ဆံရေးမကောင်းရင် နိုင်ငံတကာမှာ မျက်နှာငယ်ရမှာ တစ်ယောက်တည်း မဟုတ်၊ တစ်နိုင်ငံလုံးဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး ဆိုတာ အလွန်အရေးပါတာကြောင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်အောင် ကြိုးစားလေ့လာသင်ယူ ပြုပြင် နိုင်ကြပါစေလို့ ဆုမွန်တောင်းရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author) ___

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

19-5-2019 တနင်္ဂနွေနေ့(Sunday)