ပေါင်းစပ် ဖန်တီးခြင်း
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လောကမှာ တူရာစုတဲ့သဘောတရားရှိတယ်လို့ လူအများက လက်ခံထားပါတယ်။ စကားအားဖြင့်လည်း ဖော်ပြ တတ်ကြပါတယ်။ ရတနာရှိရာ ရတနာလာ ဆိုတာမျိုး၊ ဂျိုကုပ်ရှိရာ ဂျိုထောင် မလာဘူးဆိုတဲ့စကားမျိုးတွေကို ထောက်ရင် တူရာစုတတ်တယ်ဆိုတဲ့သဘောကို လက်ခံကြတယ်ဆိုတာ မြင်နိုင်ပါတယ်။ ဒါက သာမန်အုပ်စု တစ်ခုအဖြစ်သာ မြင်မိပါတယ်။ လူကောင်းတွေက လူကောင်း လူကောင်းချင်းပေါင်းသင်းဆက်ဆံတတ်သလို လူဆိုး လူမိုက်တွေကလည်း လူဆိုး လူမိုက်အချင်းချင်းသာ ပေါင်းသင်းဆက်ဆံကြတယ်ဆိုတာက လုပ်ငန်းတူ အချင်းချင်း ပူးပေါင်းတဲ့သဘောပဲလို့မြင်မိပါတယ်။ လူဆိုးက လူကောင်းနဲ့ပေါင်းရင် လူဆိုးလူမိုက်အလုပ်ကို လုပ်ဖို့ ကိုင်ဖို့ ခဲယဉ်းသွားသလို လူကောင်းက လူဆိုးလူမိုက်တွေနဲ့ ပေါင်းသင်းနေမယ်ဆိုရင် လူကောင်းအလုပ် ကိုလုပ်ဖို့ ခဲယဉ်းသွားတတ်လို့လည်းဖြစ်ပါလိမ့်မယ်။ သဘာဝရဲ့အခြေခံက ကောင်းတာ ဆိုးတာ ကို သီးခြားစီ ဖြစ်ဖို့အတွက် စီမံထားတယ်လို့ ထင်စရာပါပဲ။ ဒါက သာမန်အနေနဲ့တော့ မှန်တယ်လို့ယူဆရတာပဲ။ တကယ့် လက်တွေ့ဘ၀အတော်များများမှာလည်း အဲဒီအတိုင်းပဲ ကောင်းတဲ့လူအချင်းချင်း၊ ဆိုးတဲ့လူအချင်းချင်း ပေါင်းသင်းနေကြတာပဲမဟုတ်ပါလား။ လူကောင်းက လူဆိုးတွေနဲ့ပေါင်းရင် လူကောင်းကနေ လူဆိုးဖြစ်သွား တတ်သလို လူဆိုးကလည်း လူကောင်းတွေနဲ့ပေါင်းရင် လူကောင်းဖြစ်သွားတတ်ကြတယ်မဟုတ်လား။ ဒါက များတဲ့အရာက နိုင်သွားတတ်တဲ့သဘောပဲဖြစ်ပါတယ်။ ကောင်းတာများလာရင် ဆိုးတာပျောက်တတ်ပြီး ဆိုးတာများလာရင် ကောင်းတာပျောက်သွားတတ်ပါတယ်။ ရေများရေနိုင် မီးများမီးနိုင်ဆိုတဲ့စကားလိုပေါ့။
ဒီနေရာမှာ ရေးချင်တာက ကောင်းတာတွေချည်းပဲစုနေရင် ကောင်းတယ်လို့ ဆိုနိုင်သလို ဆိုးတာတွေချည်းစု နေရင်လည်း ဆိုးတယ်လို့ဆိုကြမှာပါပဲ။ ဒါပေမယ့် ကောင်းတာတစ်ချို့ ဆိုးတာတစ်ချို့ စုစည်းတတ်ကြမယ် ဆိုရင် ကောင်းတယ်ဆိုတဲ့အရာထက် ဆိုးတယ်ဆိုးတယ်အရာထက် ပိုကောင်းတတ်သလို ပိုဆိုးသွားတတ် တယ်လို့ ထင်မြင်မိပါတယ်။ ဘာနဲ့တူမလဲဆိုရင် အလွန်လက်ရာကောင်းတယ်ဆိုတဲ့ စားဖိုမှူးတစ်ယောက်ဟာ သူ့ရဲ့ လက်ရာ အမြဲကောင်းမွန်စေဖို့ တူတဲ့အရာတွေကိုသာ ချက်ပြုတ်ကြော်လှော်နေတာမျိုးမဟုတ်ပဲ လိုအပ်တဲ့အရာတွေကို နည်းနည်းစီစုပြီး ချက်ပြုတ်တာပဲဖြစ်ပါတယ်။ စားဖိုမှူးကောင်းတစ်ယောက်ဖြစ်ဖို့ ဒါမှမဟုတ် ဟင်းချက်ကောင်းသူတစ်ယောက်ဖြစ်ဖို့အတွက် မတူတာတွေကို နည်းနည်းစီ စုပေါင်း ချက်ပြုတ်တတ်ရမှာပဲဖြစ်ပါတယ်။ ပစ္စည်းတစ်ခုတည်းကိုပဲ ဘာမှ မပါပဲနဲ့ချက်ပြုတ်မယ်ဆိုရင် ဟင်းချက်ကောင်းသူတစ်ယောက်၊ စားဖိုမှူးကောင်းတစ်ယောက်ဖြစ်မယ်မထင်ဘူး။ အသား ဒါမှမဟုတ် ဟင်းသီး ဟင်းရွက်ကို ချက်ပြုတ်မယ်ဆိုရင်တောင် အနည်းဆုံး စားလို့အဆင်ပြေအောင် ဆား တို့၊ အချိုမှုန့် ဒါမှမဟုတ် အခုခေတ်ပေါ် ကြက်သားမှုန့်တို့တော့ ထည့်မှ အဆင်ပြေမယ်မဟုတ်လား။ အသားသက်သက်၊ အရွက်တစ်ခုတည်းသက်သက် ဘာမှမထည့်ပဲ ချက်မယ်ဆိုရင်တော့ ဘာမှ အဆင်ပြေလိမ့်မယ်မထင်ဘူး။ ဟင်းကောင်းတစ်ခွက်ကို လူအများကြိုက်နှစ်သက်အောင် ချက်ပြုတ်နိုင်ပါမှ စားဖိုမှူးကောင်းတစ်ယောက်၊ ဟင်းချက်ကောင်းသူတစ်ယောက်ဖြစ်နိုင်မယ်မဟုတ်လား။
ဒီစာမှာ ချစ်မိတ်ဆွေတို့ သိပြီးသားဖြစ်ပေမယ့် သတိမေ့နေတတ်လို့ အသိပေးလိုတာက လူ့လောကမှာ လူအချင်းချင်း ပေါင်းသင်းဆက်ဆံဆိုတာ မရှိမဖြစ် လိုကိုလိုအပ်ပါတယ်ဆိုတယ်ကိုပဲဖြစ်ပါတယ်။ အဲဒီလို လူနဲ့လူချင်းပေါင်းသင်းဆက်ဆံကြတဲ့အခါမှာ လူအမျိုးမျိုးအထွေထွေကို ပေါင်းသင်းဆက်ဆံကြဖို့ လိုတဲ့ အကြောင်းကို ပြန်လည် သတိပေးလိုတာပဲဖြစ်ပါတယ်။ အလွန်ဆိုးရွားတဲ့ လူမျိုးမဟုတ်ရင် အဆိပ်သင့်စေတဲ့ အပေါင်းအသင်းမျိုးမဟုတ်ရင် ပေါင်းသင်း ဆက်ဆံထားသင့်ပါတယ်။ အဆိပ်လိုဖြစ်စေတဲ့လူမျိုးကို ပေါင်းသင်း ထားမိရင်တောင် တစ်ခါတစ်ရံ ဆေးဖြစ်တတ်ပါသေးတယ်။ လူ့ပေါင်းသင်းဆက်ဆံကို ရှောင်ရှားချင်သူက လူ့အသိုင်းအ၀ိုင်းနဲ့ကင်းကွာနေသူဖြစ်သွားတတ်လို့ အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒီတော့ လူနဲ့လူချင်းပေါင်းသင်းဆက်ဆံမှုကို မလုပ်ချင်လည်း လုပ်ကြရမှာပါပဲ။ ဟင်းကောင်းတစ်ခွက်ဖြစ်ဖို့ လိုအပ်တဲ့ အသား၊ ငါး၊ အသီး၊ အရွက် စတာတွေလိုအပ်မှာဖြစ်သလိုပဲ လူ့လောကအသိုင်းအ၀ိုင်းမှာ အောင်မြင်တဲ့ လူဖြစ်ဖို့အတွက်ဆိုရင် အပေါင်းအသင်းမိတ်ဆွေတွေကို သူ့နေရာနဲ့သူ သူ့အရည်အချင်းနဲ့သူ နေရာတကျ စီမံခန့်ခွဲနိုင်မယ်ဆိုရင် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်နိုင်လိမ့်မယ်လို့ထင်မိပါတယ်။ ဌာနတစ်ခု ဒါမှမဟုတ် ကုမ္ပဏီတစ်ခုမှာ ပိုင်ရှင်တွေချည်းဖြစ်နေလို့မရသလို အလုပ်သမားတွေချည်းပဲဖြစ်နေလို့လည်း မရနိုင်ပါဘူး။ ဒါကိုအရင်ကလည်း ရေးခဲ့ဖူးပါတယ်။ သူ့နေရာနဲ့သူ သူ့အရည်အချင်းနဲ့သူ စီမံခန့်ခွဲခိုင်းစေနိုင်သူတွေဟာ ဟင်းကောင်းတစ်ခွက်ကို ချက်နိုင်တဲ့ စားဖိုမှူးတစ်ဦးနဲ့တူတယ်လို့ထင်မိပါတယ်။
ဘယ်နေရာမှာမဆို အောင်မြင်ဖို့အတွက်ဆိုရင်တော့ ဟင်းကောင်းတစ်ခွက်ကိုချက်ပြုတ်တဲ့ စားဖိုမှူးတစ်ဦးလို မတူတာတွေကို ပေါင်းစပ်နိုင်ရပါလိမ့်မယ်။ တူတာတွေကိုပေါင်းစပ်တာက လွယ်ကူတယ်လို့ယူဆမိပါတယ်။ တူတာတွေကို ပေါင်းတာကို လူတိုင်းလုပ်ကိုင်နိုင်ပါလိမ့်မယ်။ မတူတာတွေကို အဆင်ပြေပြေ ပေါင်းစပ်နိုင်ဖို့ ဆိုရင်တော့ မလွယ်ကူတော့ပါဘူး။ မလွယ်ကူတာတွေကို အဆင်ပြေအောင်လုပ်ဆောင်နိုင်ပါမှ အရည်အချင်း ပြည့်တဲ့သူ၊ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်နိုင်မယ်လို့လည်းပြောနိုင်ပါလိမ့်မယ်။ လူတိုင်း လူတိုင်းမှာကလည်း မတူညီတဲ့အရည်အချင်းတွေ၊ အတွေးအခေါ်တွေ၊ ဘ၀အတွေ့အကြုံတွေ့ရှိတတ်ပါတယ်။ အဲဒီမတူညီတဲ့အရာ တွေကို စုစည်းပြီး လုပ်ငန်းလုပ်ကြခြင်းပဲဖြစ်ပါတယ်။ မတူညီလို့ဆိုပြီး ဖယ်ပစ်လိုက်ခြင်းက မှန်ကန်တဲ့အရာလို့ မထင်မှတ်ထားသင့်ဘူးလို့ထင်ပါတယ်။ မတူညီတာတွေကိုပေါင်းစပ်ပုံဖော်နိုင်ခြင်းက အကောင်းဆုံးအရည် အချင်းတစ်ခုဖြစ်ပါတယ်။ ဘ၀မှာ တစ်ဦးတစ်ယောက်တည်းရပ်တည်တယ်ဆိုတာ သာမန်လူသားတွေအဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ စကားမပြောရတာနဲ့တင်တောင် ပျင်းလွန်းလို့ အသက်ပါသွားနိုင်လောက်တယ်။ တစ်လလောက် ဘယ်သူနဲ့မှ စကားမပြောပဲနေကြည့်ရင် ပိုသိလိမ့်မယ်။ ဒီတော့ကာ လူ့ဘ၀ကြီးအတွင်း အသက်ရှင်သန်နေထိုင်ချိန်ကာလမှာ တိုးတက်အောင်မြင်ဖို့အတွက် လူနဲ့လူချင်းပေါင်းသင်းဆက်ဆံဖို့လိုပါ တယ်။ မပေါင်းသင်းမဆက်ဆံချင်ရင် မတိုးတက်မကြီးပွားပါဘူး။ လူတိုင်းမှာ သူ့အရည်အချင်းနဲ့သူရှိတာကို အသိအမှတ်ပြုပြီး ဟင်းကောင်းတစ်ခွက်ချက်သလို ပြုပြင်ဖန်တီးနိုင်အောင် ကြိုးစားသင့်ပါတယ်။ သုဘရာဇာလို အလောင်းကောင်ကိုင်မယ့်သူမရှိခဲ့ရင် လောကကြီးဘယ်လိုဖြစ်သွားနိုင်မလဲ။ နောက်ဆုံး အိမ်တိုင်း အိမ်တိုင်းမှာ ညစ်ပတ်တယ်လို့ယူဆကြတဲ့ အိမ်သာဆိုတဲ့အရာလေးတစ်ခုကို အိမ်ကနေ ဖယ်ထုတ်ကြည့်လိုက်စမ်းပါ။ ဘာတွေဖြစ်ကုန်မယ်လို့ထင်ပါသလဲ။ ပေါင်းစပ်တတ် ဖန်တီးတတ် စီမံတတ်တဲ့သူတွေ ဖြစ်ကြပါစေ။
ရေးသားသူ (Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
27-6-2019 ကြာသပတေးနေ့(Thursday)