နောက်ကွယ်က လက်တစ်စုံ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ယနေ့စာရေးရန်အတွက် ခေါင်းတွင်းဘာမှ စဉ်းစားမရ။ မရေးပဲကလည်း မနေနိုင်ပေ။ ဒီတော့ အချိန်ကိုလုပြီး စာရေးဖို့ကြိုးစားမိတယ်။ ဒါပေမယ့် ဘာရေးရမလဲဆိုတာကို စဉ်းစားမရ။ အရင်က တစ်ဝက်တစ်ပျက်နဲ့ရေးထား တာတွေကို ပြန်ဖတ်ကြည့်တော့လည်း ဆက်ရေးချင်စိတ်ကမရှိ။ လူငယ်တွေကိုပဲ တွန်းအားပေးစာတွေကို အမြဲလိုလိုရေးချင်နေတယ်။ အခုလည်း ဆက်တက်လိုလိုရေးခဲ့တော့ အဲဒီလူငယ်တိုးတက်ရေးကို ခဏလောက် ရပ်နားထားချင်တယ်။ ဒီတော့ ဘာရေးမလဲစဉ်းစားနေတာ တစ်နေကုန်တော့မယ်။ ဘာ့ကြောင့်မှန်းမသိတော့။ ဒီနေ့မှ ဘယ်လိုပဲစဉ်းစား စဉ်းစား ဘာရေးရမှန်းကို မသိတော့ဘူး။ စနည်းနာဖို့ လက်ဖက်ရည်ဆိုင်ထွက်တော့ လည်း ဘာသဲလွန်စမှမရပဲနဲ့ ပြန်လာခဲ့ရတယ်။ ဘယ်လိုတွေဖြစ်နေပါလိမ့်နော်။ စဉ်းစားလေ စဉ်းစားလေ ရေးစရာ စဉ်းစားမရလေဖြစ်နေတော့တာပဲ။ ကဲကွာ ဒီလောက်တောင်ဖြစ်လှတာ မစဉ်းစားတော့ဘူးဆိုပြီး စိတ်ကူးတည့်ရာလျှောက်လုပ်နေတော့တာပါပဲ။ စိတ်ကူးတည့်ရာလျှောက်လုပ်နေပေမယ့်လည်း စိတ်က စာရေးချင် ဆဲပဲရှိနေတော့ ဘယ်အလုပ်မှ အပြီးမသတ်မိတော့ဘူး။ တစ်ခါတစ်ခါ အဆင်မပြေချင်ရင်အဲဒီလိုပဲ။ စာရေးဖို့တောင် စဉ်းစားမရတော့ဘူး။ စာတွေလျှောက်ဖတ်လို့လည်း ခေါင်းထဲမှာ ဘာမှ ၀င်မလာ။ အဲဒီလိုစိတ် ရှုတ်နေစဉ်မှာပဲ ဘေးအိမ်က ကလေးတစ်ယောက်ရဲ့ အော်ခေါ်လိုက်တဲ့အသံတစ်ချက်ကို ကြားမိတော့ အဲဒါရေး တာပဲကောင်းမယ်ဆိုတဲ့စိတ်ကူးဝင်လာတော့တာပဲ။ ကလေးကို ချစ်စနိုးနဲ့စလိုက်တဲ့အတွက် ကလေးက အမေဖြစ်သူကိုတပြီး “မေမေရေ” “မေမေရေ” လို့အော်ပြေးတဲ့အသံလေးပဲဖြစ်ပါတယ်။ မကြာခဏကြားနေရ တတ်တဲ့အသံဖြစ်ပေမယ့် မစဉ်းစားမိခဲ့မိ၊ မတွေးတောမိပါ။ စာရေးဖို့စဉ်းစားမရတဲ့အချိန်ကြမှ ဒီအသံက စာရေးစရာကုန်ကြမ်းဖြစ်လာတော့တယ်။ စဉ်းစားမိတာကလည်း လူတွေဟာ ငယ်ရွယ်စဉ်မှ အသက်အရွယ် ကြီးရင့်တဲ့အထိ ဘာကြောင့်များ “မေမေရေ” လို့ပဲ တ တတ်ကြပြီး “ဖေဖေရေ” လို့ ဘာကြောင့် မ တ တတ်ကြသလဲဆိုတာလေးပါ။ စဉ်းစားမိတဲ့အရာ ဖတ်ခဲ့ဖူးတဲ့စာတွေနဲ့ ရေးသားလိုက်ခြင်းဖြစ်ပါတယ်။
ဒီစာတွေကို စိတ်ကူးပေါက်လို့ရေးတာဖြစ်ပေမယ့် အမှန်တရားနဲ့ အနီးစပ်ဆုံးပဲဖြစ်လိမ့်မယ်ထင်ပါတယ်။ မကြာခဏ မြင်တွေ့ရတတ်ပါတယ်။ သားတွေ သမီးတွေကို ငယ်စဉ်အခါမှာ လမ်းမလျှောက်နိုင်တော့တဲ့အခါ ပုခုံးပေါ်ထမ်းပြီး လမ်းလျှောက်တတ်တဲ့ဖခင်ဖြစ်သူကို အချို့ အချို့သော သားသမီးများက မေ့လျော့နေတတ် ကြပါတယ်။ မမေ့မလျော့စေချင်ပါဘူး။ ထမင်းကျွေးတဲ့လက်ရှင်ဖြစ်တဲ့ မိခင်ဖြစ်သူကိုတော့ အမြဲတမ်း သတိရ တယ်၊ လွမ်းဆွတ်တယ် ပြောတတ်ကြတယ်။ ထမင်းကျွေးတဲ့လက်ရဲ့ နောက်ကွယ်ကနေ ထမင်းဖြစ်စေခဲ့တဲ့ ဖခင်ကို မေ့လျော့နေတတ်ကြပါတယ်။ ဖခင်အများစုက သားသမီးတွေရဲ့ အမေ့ခံ ဘ၀မှာ ရောက်ရှိနေတတ် တာမြင်တွေ့ရပါတယ်။ သူ့ကိုမေ့လျော့နေလို့ စိတ်မကောင်းဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် သားသမီးများရှေ့မှာ တော့ အပြုံးမျက်နှာနဲ့မြင်တွေ့နေရတတ်ပါတယ်။ ဖခင်ဆိုတာကလည်း သားသမီးတွေရဲ့ ရှေ့မှာတော့ ဖြူစင် ရိုးသားလွန်းတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်သလို၊ ဘေးအန္တရာယ်ကနေ အကွယ်အကာပေးနေတဲ့ ခိုင်မာလှတဲ့ တံတိုင်းကြီးတစ်ခုလည်းဖြစ်ပါတယ်။ ဖခင်ရဲ့ အမည်နာမကြောင့် သားသမီးများမှာ ဂုဏ်တက်ရပါတယ်။ ဘယ်သူ့ရဲ့သားပါ၊ ဘယ်သူရဲ့သမီးပါလို့ ပြောလိုက်တာနဲ့ ဖခင်ရဲ့ စာရိတ္တ၊ အရည်အချင်းကို ယုံကြည်သလို သားသမီးများကိုလည်း ယုံကြည်သွားတတ်ကြပါတယ်။ မင်းအဖေက အင်မတန်ရိုးသားတယ်၊ ဒီတော့ မင်းဟာ သူခိုးတစ်ယောက်မဖြစ်နိုင်ဘူးလို့ အာမခံပေးမယ့်သူတွေလောကမှာ တကယ်ရှိနေပါတယ်။ ထမင်းကျွေးနေတဲ့ လက်ရဲ့ နောက်က ထမင်းဖြစ်စေခဲ့သလို၊ အ၀တ်ဆင်ပေးနေတဲ့လက်ရဲ့ နောက်က အ၀တ်ဖြစ်စေခဲ့တယ်။ သနပ်ခါးကို သွေးလိမ်းပေးခဲ့တဲ့လက်ရဲ့နောက်ကွယ်မှာ သနပ်ခါးကိုဖြစ်စေခဲ့တဲ့လက်တစ်စုံရှိနေပါတယ်။
အိမ်တစ်အိမ်မှာ မိခင်ဖြစ်သော အမေဖြစ်သူဟာ အင်မတန်အရေးပါအရာရောက်ပါတယ်။ သားသမီးများက ဖခင်ရဲ့မေတ္တာကို နားလည်အောင် ငယ်စဉ်ကတည်းက သွန်သင်ဆုံးမပေးထားသင့်ပါတယ်။ ဒါမှလည်း ဖခင်ကို အလေးထားတတ်တဲ့သားသမီးတွေဖြစ်လာနိုင်ပါတယ်။ ဖခင်ကို ရန်သူဖြစ်အောင် သားဖြစ်သူနဲ့ ရန်တိုက်ပေး တတ်တဲ့ မိခင်မျိုးကိုလည်း မြင်တွေ့ခဲ့ဖူးပါတယ်။ မိခင်ဖြစ်သူက အိမ်ထောင်ထိန်းသိမ်းမှုတင်မကပါဘူး။ မိသားစု အေးချမ်းသာယာစေနိုင်ပါတယ်။ ဒါက မေမေ များအပေါ်တွင် မူတည်နေပါတယ်။ မိဘကျင့်ဝတ်ဆိုတာတွေ ရှိခဲ့တယ်ဆိုတာ ယနေ့ခေတ်ကာလ သားသမီးတွေရော မိဘဖြစ်နေသူတွေပါ သိမှ သိကြပါသေးရဲ့လား။ ကနေ့ခေတ်ကာလမှာတော့ သိသူနည်းပါးနေပြီဖြစ်သလို သိသူများလည်း လိုက်နာသူနည်းပါးနေပြီထင်ပါတယ်။ ဖခင်ဖြစ်သူက အိမ်အပြင်ထွက် စီးပွားရှာတယ်။ သားသမီးတွေနဲ့ လက်ပွန်းတတီးနေရတဲ့အချိန်လည်း နည်းပါးပါတယ်။ အိမ်ထောင်ရှင်မဖြစ်တဲ့ မိခင်ဖြစ်သူတို့ကသာ သားသမီးများနဲ့ အချိန်တိုင်းထိ တွေ့ဆက်ဆံနေကြ ရပေမယ့် ဖခင်ဖြစ်သူများကတော့ တစ်ခါတစ်ရံ အိမ်တောင်ပြန်မအိပ်နိုင်တဲ့ရက်တွေ ရှိနေတတ်ပါတယ်။ သားသမီး များက အမေဖြစ်သူနဲ့ ပိုမိုရင်းနှီးနေတာ မဆန်းပေမယ့် အဖေဖြစ်သူကို လေးစားတတ်အောင်တော့ သင်ထားပေးသင့်ပါတယ်။ မိခင်ဖြစ်သူက သားသမီးများကို ဆုံးမတာ မိန်းမသားဖြစ် တဲ့အတွက် နူးညံ့နိုင်ပေမယ့် ဖခင်ဖြစ်သူဟာ ယောက်ျားသားဖြစ်တဲ့အတွက် သားသမီးများကို ဆုံးမတဲ့နေရာမှာ ကြမ်းတမ်းမှုတွေပါနိုင်ပါတယ်။ ဒီအတွက်လည်း ဖခင်ကို မချစ်တတ်သူတစ်ယောက်အဖြစ် သားသမီးများက မြင်သွားနိုင်ပါတယ်။ ကြမ်းတမ်းမှုရဲ့နောက်ကွယ်က နူးညံ့တဲ့နှလုံးသားတစ်စုံကတော့ နာကျင်စွာမျက်ရည်ကျနေ တတ်ပါတာ မိခင်အပါအ၀င် သားသမီးအများစု မမြင်တွေ့နိုင်ပါဘူး။ သားသမီးကို ရိုက်နှက်ဆုံးမပြီးရည် ကွယ်ရာမှာ တစ်ယောက်တည်း မျက်ရည်ကျနေတတ်တာ ဖခင်တွေသာဖြစ်ပါတယ်။ ဖခင်အများစုဟာ သားသမီးများရဲ့ မေ့လျော့ထားတဲ့ နောက်ကွယ်က လက်တစ်စုံသာ ဖြစ်နေပါတယ်။
လောကကြီးမှာ ဆိုးရွားလှတဲ့ဖခင်တွေ ရှိနေနိုင်ပေမယ့် အများကြီးတော့ မရှိနိုင်ပါဘူး။ မိုက်မဲတဲ့ဖခင်တွေ ရှိနေတတ်တယ်ဆိုပေမယ့် အနည်းစုသာ ဖြစ်ပါလိမ့်မယ်။ အမေ့ပါးပြင်ကို အားရပါးရ နမ်းရှိုက်တတ်ကြပေမယ့် အဖေ့ပါးပြင်ကို အားရပါးရ နမ်းရှိုက်ဖူးသူ ဘယ်နှစ်ယောက်များရှိနိုင်မလဲ။ ဖခင်ရဲ့ ပါးပြင်ဆိုတာက ချွေးနံ့တွေ၊ အဆီပြန်နေတဲ့အသားအရေကို နမ်းချင်သူရှားပေမယ့် သနပ်ခါးအဖွေးသားရှိနေတဲ့ အမေ့ပါးပြင်ကိုတော့ မနမ်းရှိုက်ဖူးတဲ့ သားသမီး မရှိလောက်ပါဘူး။ ဘာသူတွေအတွက် ချွေးနံ့တွေနံပြီး၊ အဆီတွေပြန်နေရတာလဲဆိုတာ စဉ်းစားခဲ့မိရင်တော့ နမ်းရှိုက်ဖို့ ၀န်လေးနေမယ် မထင်ပါဘူး။ ရှိနေတဲ့အချိန်မှာ အလေးမထားတတ်သော လူတို့ရဲ့ သဘာဝကြောင့်ပဲဆိုရမလားတော့မသိပါဘူး။ သက်ရှိ ထင်ရှားရှိနေချိန်မှာလည်း အရေးမထားမိတဲ့သူတွေ လောကမှာများပြားလှပါတယ်။ ကွယ်ပျောက်သွားတဲ့အခါမှ ရှိရင်ကောင်းမှာပဲဆိုတဲ့အတွေးနောင်တတွေနဲ့ ရှင်သန်နေကြရတဲ့သူတွေ အများအပြားရှိတတ်ပါတယ်။ အိမ်ထောင်စုတစ်စုမှာ ယောက်ျားတစ်ယောက်ရှိခြင်း၊ မရှိခြင်းကလည်း ပတ်ဝန်းကျင်ရဲ့လေးစားမှု ကွာခြားတတ်တာကို သတိမပြုမိတတ်ကြပါဘူး။ ဖခင်မရှိတော့တဲ့ မိသားစုတစ်စုဟာ ယိုင်နဲ့နဲ့တဲအိုတစ်လုံးလိုဖြစ်သွားတတ်သလို ပတ်ဝန်းကျင်ရဲ့ မထိတထိတိုက်ခိုက်မှုတွေ ကိုလည်း ခံရတတ်ပါတယ်။ မမေ့သင့်တဲ့ နောက်ကွယ်က လက်တစ်စုံကို အလေးထားကြစေချင်ပါတယ်။ အိမ်ထောင်စုတစ်ခုမှာ မိခင် က နွေးထွေးမှုကို ပေးပြီး ဖခင်က လုံခြုံမှုကို ပေးတယ်ဆိုတာကိုတော့ မမေ့ပါနဲ့။ အမေ့ရဲ့ ရင်ခွင်ဟာ နွေးထွေးစေပြီး အဖေ့ရဲ့ ရင်ခွင်က လုံခြုံစေတာကို သတိရနိုင်ကြပါစေ။ အ၀တ်အစားဝတ်ဆင်ပေးတဲ့လက်တစ်စုံရဲ့ နောက်ကွယ်မှာ အ၀တ်စား ဖြစ်အောင် ဖန်တီးပေးနေတဲ့ လက်တစ်စုံ၊ အစားအစာခွံ့ကျွေးနေတဲ့ လက်တစ်စုံရဲ့ နောက်ကွယ်မှာ အစားအစာ ဖြစ်အောင်ကြိုးပမ်းပေး နေတဲ့ လက်တစ်စုံ၊ သနပ်ခါးလူးပေးနေတဲ့ လက်တစ်စုံရဲ့ နောက်ကွယ်မှာ သနပ်ခါးတုံး ဖြစ်အောင် ဖန်တီးပေးနေတဲ့လက်တစ်စုံ၊ လောကဓံရိုက်ချက်တွေကို အားပေးစကားပြောပေးနေတဲ့ နှုတ်ခမ်းတစ်စုံ ရဲ့နောက်ကွယ်မှာ ကာရံထားတဲ့ တံတိုင်းတစ်ခုရှိနေသေးတယ်ဆိုတာကို မမေ့လျော့စေလိုပါကြောင်း ရေးသားရင်းဖြင့် ရပ်နားလိုက်ပါတယ်။
ရေးသားသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
5-Nov-2018 တနင်္လာနေ့(Monday)