ဝေးဝေးကြည့် နက်နက်တွေး

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ ကျွန်တော်တို့ရွှေမြန်မာများဟာ အဝေးကြီးကို မျှော်ကြည့်တတ်နေကြပါပြီ။ ဒါပေမယ့် အလေးအနက်တွေးတောခြင်း မရှိသလောက်ဖြစ်နေတယ်လို့ထင်ပါတယ်။ အဝေးကို မျှော်ကြည့်ဖို့အတွက်ဆိုရင် အရင်ဆုံး မြင့်တဲ့ နေရာတစ်ခုခုကို တက်ရမယ်မဟုတ်လား။ ကျွန်တော်အပါအ၀င် ရွှေမြန်မာအများစုက အဝေးကမြက်တွေကို ပိုစိမ်းနေတာကို မြင်နေပြီး အားကျစိတ်တွေတော့ ဖြစ်လာပါတယ်။ ကိုယ့်မြက်ကိုစိမ်းအောင်ဘယ်လိုလုပ်မလဲဆိုတာကိုတော့ မစဉ်းမိတာက များနေတယ်လို့ထင်ပါတယ်။ အားကျနေရုံနဲ့တော့ ဘာမှဖြစ်လာလိမ့်မယ်မဟုတ်ပါဘူး။ အခြားနိုင်ငံတွေမှာတော့ ဈေးကွက်စီးပွားရေးစနစ်ကို ဘယ်လိုနည်းတွေနဲ့ဖော်ဆောင်နေသလဲဆိုတာတော့ ဘယ်နိုင်ငံမှ မရောက်ဖူးသေးလို့ မသိပါဘူး။ ကျွန်တော် တို့ နိုင်ငံကဈေးကွက်စီးပွားရေးစနစ်ကတော့ ကံစမ်းမဲတွေ၊ လက်ဆောင်ဆိုတာတွေနဲ့ ဖော်ဆောင်နေကြတာကို မြင်ရပါတယ်။ ကျွန်တော်တို့ ရွှေမြန်မာအများစုကလည်း အလကား ဆိုတာရယ်၊ ကံစမ်းမဲဆိုတာရယ်၊ လက်ဆောင်ဆိုတာရယ်ကို အလွန်ပဲ စိတ်ဝင်စားကြသကိုးဗျ။ ကံစမ်းမဲပါသတဲ့ဆိုရင် ကိုယ်ဝယ်ရမယ့် ပစ္စည်းကို ကောင်း မကောင်း စိတ်မ၀င်စားတော့ပဲ ကံစမ်းမဲကိုပဲ စိတ်ဝင်စားတော့တယ်။ ဒီတော့ ဈေးကွက်စီးပွားရေးစနစ် အရ ပစ္စည်းကောင်းတာ မကောင်းတာကို မကြော်ငြာတော့ပဲ ကံစမ်းမဲကို အဓိကထားတော့တယ်။ ပေးရတဲ့ တန်ဖိုးထက် ပိုလိုချင်တဲ့စိတ် အားမနာတမ်းပြောရမယ်ဆိုရင် အလကားလိုချင်တဲ့စိတ်တွေက များနေတယ်။ ကံစမ်းမဲဆိုတာ အလကားရတယ်လို့ ထင်ကြတယ်။ လေးလေးနက်နက်စဉ်းစားကြည့်စေချင်တာပါ။ စီးပွားရေးလောကမှာ စေတနာ ဗလပွနဲ့ အလကားဝေတယ်ဆိုတာ ရှိမယ်လို့ ယုံကြည်နိုင်ဖို့ သိပ်ခက်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပရဟိတလုပ်ငန်း၊ လူမှုရေးလုပ်ငန်းမှ မဟုတ်ပဲ။ စီးပွားရေးလုပ်တယ်ဆိုတာ ငွေကြေး အရ အမြတ်အစွန်းလိုချင်တာကြောင့်ပဲဖြစ်ပါတယ်။ အရှုံးခံနေတဲ့ စီးပွားရေးလုပ်ငန်းဆိုတာ ရယ်စရာ ဟာသ တစ်ခုပဲဖြစ်ပါလိမ့်မယ်။


04.png


ဝေးဝေးကိုလှမ်းကြည့်နိုင်တာကောင်းပါတယ်။ လှမ်းကြည့်ပြီးရင် တိမ်တိမ်လေးမတွေးပဲနဲ့ နက်နက်တွေးသင့် တယ်လို့လည်း ယူဆမိပါတယ်။ ဘယ်စီးပွားရေးလုပ်ငန်းရှင်မှ အရှုံးခံပြီး ကံစမ်းမဲတွေ လက်ဆောင်တွေ ပေးနေနိုင်မှာမဟုတ်တာ သေချာပါတယ်။ ကံစမ်းမဲပေးဖို့ လက်ဆောင်ပေးဖို့အတွက် တနည်းနည်းနဲ့ သုံးစွဲသူတွေထံကနေ ရယူထားမှာဖြစ်ပါတယ်။ လက်ဆောင်သက်သက်ပေးချင်ရင်ပဲဖြစ်ဖြစ်၊ ကံစမ်းမဲတွေဖောက်ပေးချင်လို့ပဲဖြစ်ဖြစ် အလကားပေးချင်တယ်ဆို စီးပွားရေးလုပ်ငန်းဘယ်လုပ်နေပါ့မလဲ။ ပရဟိတလုပ်ငန်းထူထောင်ထားပြီး ကံစမ်းမဲတွေ လက်ဆောင်တွေ ပေးနေတော့မှာပေါ့။ စဉ်းစားလေ စဉ်းစားမရလေဆိုသလိုဖြစ်နေပြီထင်ပါတယ်။ ကံစမ်းမဲတွေ ဘာကြောင့်ပေးသလဲ? ရောင်းအား တွေ မြင့်တက်ဖို့ပေးနေကြတာပဲဖြစ်ပါတယ်။ ကုန်ပစ္စည်းတစ်ခုရောင်းချင်လို့ ရောင်းထွက်ချင်လို့ အရောင်းမြှင့်တင်တဲ့အနေနဲ့ ကံစမ်းမဲ၊ လက်ဆောင် စတာတွေကို ပေးပြီး အရောင်းမြှင့်တင်တတ်ကြပါတယ်။ ဒါပေမယ့် တစ်နှစ်လုံးလုံး ကံစမ်းမဲနဲ့လက်ဆောင်တွေ ဘာ့ကြောင့်ပေးနေသလဲဆိုတာကတော့ စဉ်းစားရတော့ မယ်ထင်ပါတယ်။ ပုံမှန် ထုတ်ကုန်ပစ္စည်းတစ်ခုရဲ့ အရည်အသွေးကို အနည်းငယ်လျော့ချလိုက်ရင် ဈေးနှုန်းလည်းလျော့ချနိုင်တဲ့အတွက် ကံစမ်းမဲတွေ လက်ဆောင်တွေကို ပေးနိုင်ပါလိမ့်မယ်။ အနည်းငယ်သော အရည်အသွေးလျော့ချမှုကို ကံစမ်းမဲတွေ လက်ဆောင်တွေနဲ့ ဖုံးကွယ်ထားလိုက်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံမှာက အရည်အသွေး စစ်ဆေးနိုင်ဖို့အတွက် မလွယ်ကူနိုင်သေးတာလည်းပါပါလိမ့်မယ်။ အခုတော့ စားသုံးသူကာကွယ်ရေးတွေဘာတွေဖွဲ့စည်းထားတယ်လို့တော့ ဖတ်ရကြားရပါတယ်။ အမှန်တကယ် အရေးယူ ဆောင်ရွက်ခြင်း ရှိမရှိကိုတော့ မသိပါဘူး။


02.png


အရည်အသွေးကို ဘယ်လိုလျော့ချသလဲဆိုတာလေးကို သိစေချင်လို့ ထည့်ရေးလိုက်ပါဦးမယ်။ အဲဒီလိုလုပ်ရင် ဘယ်လိုအမြတ် ထွက်နိုင်ပြီး အရည်အသွေးလျော့သွားတာကို သုံးစွဲသူ သတိမထားမိတာလေးကို ဥပမာအနေနဲ့ပြောပြတာဖြစ်ပါတယ်။ လက်ဖက်ရည်ဇွန်းလို စတီးဇွန်းတွေကို ထုတ်လုပ်တဲ့လုပ်ငန်းရှင် တစ်ယောက်ဆိုကြပါစို့။ ပုံမှန်နေနဲ့ လက်ဖက်ရည်ဇွန်း တစ်ချောင်းကို စတီးအလေးချိန်(၂၅)ဂရမ်နဲ့ ထုတ်လုပ်တယ်ဆိုပါစို့။ ကံစမ်းမဲနဲ့လက်ဆောင် ပေးမယ်ဆိုတဲ့ မြူဆွယ်ချက်အတွက် အလေးချိန်(၂၃)ဂရမ်နဲ့ ထုတ်လိုက်တယ်။ ဈေးနှုန်းကလည်း အရင်ဈေးနှုန်းအတိုင်းထားမယ်။ ဒါဆိုရင် (၂)ဂရမ်လျော့ချလိုက်တာကို သုံးစွဲသူအနေနဲ့တော့ ရုတ်တရက်မသိနိုင်တော့ပါဘူး။ သူ့အတွက်ကတော့ ဟင်းစားဇွန်းတစ်ချောင်း ထုတ်တိုင်း(၂)ဂရမ် သက်သာနေပြီဖြစ်လို့ ဇွန်းအချောင်းတစ်သိန်း ထုတ်မယ်ဆိုရင် စတီးဂရမ်ပေါင်း (၂၀၀,၀၀၀)ဂရမ် သက်သာသွားပြီဖြစ်သလို အမြတ်အစွန်းကလည်း အဆများစွာ တိုးတက်သွားမှာ ဖြစ်ပါတယ်။ ဇွန်းရဲ့ပုံသဏ္ဍာန်ကအားလုံးအတူတူ ဖြစ်နေပြီး အထူ အပါးပဲ ကွာအောင် ထုတ်လုပ်လိုက်တယ်ဆိုရင် သုံးစွဲသူ အများစုကတော့ ဘယ်လိုမှ မသိနိုင်ပါဘူး။ နောက်တစ်ခုက လက်ဖက်ရည်ဇွန်းဆိုတာမျိုးကလည်း တစ်ချောင်းချင်းဝယ်တဲ့ကုန်ပစ္စည်းမျိုး မဟုတ်ပဲ ဒါဇင်လိုက် ၀ယ်ယူကြရတာလေ။ တွက်ကြည့်မယ်ဆိုရင် နည်းတဲ့အမြတ်အစွန်းမဟုတ်လောက်ဘူးဗျို့။ အခြားကုန်ပစ္စည်းများမှာလည်း ထို့အတူတူ အနည်းငယ်စီ လျော့ချပြီး ထုတ်လုပ်လိုက်မယ်ဆိုရင် ဈေးနှုန်းကတော့ မူရင်းအတိုင်းဖြစ်နေပြီး ပစ္စည်းအရည်အသွေးကသာ မသိမသာ လျော့ကျနေမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရွှေမြန်မာများကလည်း ကံစမ်းမဲလေးတွေ လက်ဆောင်လေးတွေ ပြပြပြီးလိမ်ရင် အတော်ပဲ အလိမ်ခံချင်ကြတာ တွေ့မြင်နေရပါတယ်။ ကံစမ်းတာကလည်း အလွန်ပဲဝါသနာပါ တတ်ကြပါသေးတယ်။ ကံစမ်းတာကို ၀ါသနာပါလွန်းတော့ နတ်မတာတောင်လက်မခံပဲ ကိုယ်တိုင် ကံစမ်းတဲ့ စာတစ်ပုဒ်ကို မှတ်မိသလောက်လေး မှတ်သားနိုင်အောင် ရေးပေးလိုက်ပါတယ်။ “ကံစမ်းမဲ လား ကံစမ်းမွဲလား ဆိုတာ လေးလေးနက်နက်စဉ်းစားသင့်ပါတယ်”


03.png


ဆင်းရဲလွန်းတဲ့ လူတစ်ယောက်ကိုကြည့်ပြီး သနားလွန်းလို့ နတ်သားတစ်ပါးက ကိုယ်ထင်ပြပြီးတော့ “အသင်လူသား သင့်ဘ၀မှာ ဘာလိုချင်သလဲ၊ လိုအပ်တာကို ဆုတောင်းပါ၊ အချိန်မဆိုင်းဆုတောင်းပြည့်စေရပါ မယ်လို့ပြောသတဲ့” ဒီတော့ ဆင်းရဲသားက တကယ်ပေးမှာလားလို့ မေးပြီးတော့ “ငွေ ၅၀၀ ပဲ ပေးပါ” လို့တောင်းသတဲ့။ မဟုတ်သေးပါဘူးလို့ နတ်သားက “လိုချင်တာကိုသာပြောပါ ရရပါစေမယ်” လို့ထပ်ပြောတယ်။ ဆင်းရဲသားကလည်း “ငွေ ၅၀၀ ပဲ ပေးပါ” လို့ပဲ ထပ်ပြောတယ်။ နောက်ထပ် နတ်သားကလည်း နောက်ဆုံးသုံးကြိမ်မြောက်အနေနဲ့ “အသင်လူသား တိုက် လိုချင်သလား? အိမ်လိုချင်သလား? ကားလိုချင်သလား? ရတနာရွေငွေ ကျောက်သံပတ္တမြား ဘာလိုချင်သလဲ? လိုချင်တာကိုသေချာတောင်းပါ။ ဒါနောက်ဆုံးအခွင့်အရေးပဲ” လို့ နတ်သားက ပြောလိုက်တယ်။ ဆင်းရဲသား ကလည်း မဆိုင်းမတွပဲ “ငွေ ၅၀၀ ပဲပေးပါ” လို့ ထပ်တောင်းတာပါပဲ။ ဒီတော့ နတ်သားလည်း လက်လျော့ပြီး “အင်မတန် လောဘနည်းတဲ့ လူသားပဲကိုး” လို့ မှတ်ချက်ပြုပြီးတော့ ဆင်းရဲသားတောင်းတဲ့ ငွေ ၅၀၀ ကိုထုတ်ပေးလိုက်တယ်။ ဆင်းရဲသားဟာ ငွေ ၅၀၀ ရတယ်ဆိုရင်ပဲ အပြေးအလွှားထွက်ခွာသွားသတဲ့။ နတ်သားလည်း ဘယ်ကိုသွားပြီး ဘာလုပ်မလဲဆိုတာသိချင်လို့ နောက်ကလိုက်ကြည့်တယ်။ ဆင်းရဲသားအပြေးအလွှား လုပ်တဲ့အလုပ်ကို တွေ့ရတဲ့ နတ်သားမှာတော့ လူတွေလိုဆို နဖူးရိုက် ပက်လက်လန်လဲသွားတော့တယ်လို့ဆိုရမှာပဲ။ ဆင်းရဲသား က ငွေ ၅၀၀ ရပြီးတော့ တန်းပြေးတဲ့နေရာက “အောင်ဘာလေထီဆိုင်” ဖြစ်ပြီးတော့ ရေးလိုက်တဲ့အတိတ်ကတော့ “အိမ်ဝယ်ရန်” ပါတဲ့ခင်ဗျာ။ အဲဒါလောက်ထိ ကံစမ်းတာကို ၀ါသနာပါတဲ့ ကျွန်တော်တို့ ရွှေမြန်မာများဖြစ်ပါတယ်ခင်ဗျာ။ လက်ဆောင်ဆိုတဲ့စကားလုံးလေးတွေကမှ နားထောင်လို့ ကောင်းသေးတယ်ထင်ပါတယ်။ ကံစမ်းမဲဆိုတာကို အကြောင်းပြပြီး လူသားတို့၏လောဘကို ဆွကာ မိမိအကျိုးစီးပွားအတွက် အရည်အသွေးမမီထုတ်လုပ်သော ပစ္စည်းများဘေးမှ ကင်းဝေးကြပါစေလို့ ဆုမွန်တောင်းရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author)___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

9-Nov-2018 သောကြာနေ့(Friday)

#myanmar #life #thinking