ဘုရားသခင်ထံပေးစာ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လူ့တို့လောက လူ့ဘောင်အသိုင်းအ၀ိုင်းတွင် အရေးပါအရာရောက်လှသော အရာတစ်ခုမှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်မှု ပင်ဖြစ်ပါသည်။ ထိုယုံကြည်မှုအား ရရှိရန်အတွက် ကြိုးပမ်းရခြင်းသည် အလွန်ခက်ခဲ တတ်သကဲ့သို့ အလွယ်တကူယုံကြည်မှုကို ခံရတတ်သည်လည်း ရှိပါသည်။ သို့သော် အလွယ်တကူ ယုံကြည်မှု ကိုရရှိခြင်းသည် အလွန်နည်းပါးလှသော အရေအတွက်ပင်ဖြစ်ပါလိမ့်မည်။ လူတို့တွင် ယုံကြည်မှု အမျိုးမျိုးရှိနိုင် ပါသည်။ နတ်ကိုးကွယ်မှုတွင် ယုံကြည်မှု၊ ဗေဒင်လက္ခဏာအပေါ်ယုံကြည်မှု၊ ကိုးကွယ်ဆည်းကပ်ရာ ဘုရားရှင် အပေါ်တွင် ယုံကြည်မှုတို့အပြင် လူအချင်းချင်း အပြန်အလှန်ယုံကြည်မှုတို့ရှိနိုင်ပါသည်။ တချို့သောသူတို့သည် ထူးဆန်းသောအရာတို့ပေါ်တွင်ယုံကြည်မှုများ၊ စိတ်နယ်လွန်အဖြစ်အပျက်များကို ယုံကြည်သူများ စသည် စသည်ဖြင့် အမျိုးမျိုးသော ယုံကြည်မှုတို့ရှိပါသည်။ မယုံကြည်ပါနှင့်ဟုပြောလိုခြင်းမဟုတ်ပါ။ မိမိတို့၏ ဘ၀ကို မိမိတို့ပင် ပိုင်ဆိုင်ကြသည်ဖြစ်ရာ မိမိစိတ်ကြိုက်ဖန်တီးနိုင်ခွင့်ရှိသလို ကြိုက်နှစ်သက်ရာတွင် ယုံကြည်ခွင့်ရှိပါ သည်။ အခြားသော ယုံကြည်မှုများမှာ သီးသန့်တည်ဆောက်ယူရခြင်း မရှိသောလည်း လူအချင်းချင်းအပြန် အလှန်ယုံကြည်မှုကိုမူ သီးသန့်တည်ဆောက်ယူကြရပါသည်။ အချင်းချင်းအပြန်အလှန် အချိန်ယူဆက်ဆံ ကြရသည်။ ရင်းနှီးမှုကို အပြန်အလှန်ရယူရသကဲ့သို့ ယုံကြည်မှုကိုလည်း အချိန်ယူတည်ဆောက်ယူကြသည်။ ရပ်ကွက်ကထောက်ခံချက်တစ်ခုဖြင့် မည်သူမျှ အလွယ်တကူ ယုံကြည်နိုင်ကြလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် ယုံကြည်မှုရရန်အတွက် ရင်းနှီးမှုလိုအပ်မည်ဖြစ်ပြီး အချိန်ကာလတစ်ခုကြာအောင်စောင့်ဆိုင်းရတတ်ပါသည်။
ထို့ကြောင့် ယုံကြည်မှုတစ်ခုရရှိနိုင်ရန်အတွက် အချိန်အတိုင်းတာတစ်ခုစောင့်ဆိုင်းကြရတတ်ပါသည်။ တစ်နှစ်ကြာချင်လည်း ကြာမည်။ နှစ်နှစ်ကြာချင်လည်းကြာနိုင်သည်။ တစ်သက်လုံးသေဆုံးသည့်တိုင် ယုံကြည်မှုမရရှိပဲလည်း ဖြစ်ချင်ဖြစ်နိုင်ပါသည်။ ယုံကြည်မှုရရှိရန်အတွက်ခက်ခဲလှသော်လည်း ယုံကြည်မှု ပျက်စီးရန်အတွက်မူ အလွန်လွယ်ကူလှပါသည်။ ယုံကြည်မှုပျက်ပြယ်သွားခဲ့လျှင်လည်း ပြန်လည်တည်ဆောက် ရန်မလွယ်ကူနိုင်တော့သလို ယုံကြည်မှု ပြန်လည်ရရှိချင်မှလည်း ရရှိနိုင်တော့မည်ဖြစ်ပါသည်။ ထိုသို့သော အရင်းအနှီးများပေးဆပ်ကြရပါသည်။ ယုံကြည်မှုဆိုသည်မှာလည်း “ယုံလွန်းလျှင် မကောင်း သကဲ့သို့ မယုံလွန်းလျှင်လည်း မကောင်းပါ။” ကိုယ့်အသိဥာဏ်ပညာဖြင့် စဉ်းစားချင့်ချိန်ပြီး ယုံသင့် မယုံသင့် ဆုံးဖြတ် ကြရမည်သာဖြစ်ပါသည်။ ကိုယ်တိုင်မဆုံးဖြတ်နိုင်ခဲ့လျှင် အခြားသူများထံမှ အကူအညီရယူဆုံးဖြတ်ကြရမည် ဖြစ်ပါသည်။ လာသမျှ ပြောသမျှ မြင်သမျှ ကို အလွယ်တကူယုံကြည်လွန်းလျှင် မကောင်းသကဲ့သို့ တွေ့သမျှ မြင်သမျှကို မယုံပါဘူး လုပ်နေလျှင် အကျိုးကောင်းမရနိုင်ပါ။ မြတ်ဗုဒ္ဓက ကေသမုတ္တိသုတ် _ကာလာမသုတ်တော် တွင် “ယုံမှားခြင်းငှာ သင့်ပေ၏။ တွေးတောခြင်းငှာ သင့်ပေ၏။ သင်တို့အား ယုံမှားခြင်းငှာသင့်သောအရာ၌ ယုံမှားခြင်းဖြစ်၏” ဟုဟောကြားခဲ့ပါသည်။ ကေသမုတ္တိသုတ် သို့မဟုတ် ကာလမသုတ်တော် တွင် အဓိကဟောကြားထားခဲ့သည် မှာ ယုံကြည်မှုဆိုသောအကြောင်းအရာပင်ဖြစ်ပါသည်။ ယုံမှားသံသယ ရှိသင့်သောအရာကို ယုံမှားသံသယရှိ သင့်ပါသည်။ တွေးတောဆင်ခြင်သင့်သောအရာကို တွေးတောဆင်ခြင်သင့်ပါသည်။ သံသယဖြစ်သင့်သော အရာကို သံသယဖြစ်သင့်ပေသည်ဟု အဓိပ္ပာယ်ရလိမ့်မည်ဖြစ်ပါသည်။ ပိုမိုပြည့်စုံစွာသိလိုပါက အောက်ဖော်ပြပါလင့်မှတစ်ဆင့် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။
https://my.wikipedia.org/wiki/ကာလာမသုတ်
ယုံကြည်မှု၏ ဆန့်ကျင်ဘက်တရားသည် ယုံမှားသံသယပင်ဖြစ်ကြောင်း သိကြပြီးဖြစ်ပါသည်။ အလွယ်တကူ ယုံကြည်မှုကြောင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးစေနိုင်သကဲ့သို့ ယုံမှားသံသယအားကြီးလွန်းပါကလည်း ဥစ္စာပစ္စည်း များ မိတ်ဆွေများဆုံးရှုံးရတတ်ပါသည်။ “A Letter To God” ဆိုသောဘာသာပြန်လေးထဲမှယုံကြည်မှု အကြောင်းကို အနည်းငယ်ရေးသားဖော်ပြလိုပါသည်။ စာရေးဆရာပေးထားခေါင်းစဉ်သည်ပင်လျှင် အံ့သြဖွယ် တစ်ခုဖြစ်ပေသည်။ ဘုရားသခင်ထံစာရေးဆက်သွယ်သူ ဘယ်နှစ်ယောက်ရှိပါမည်လဲ။ ရှိရော ရှိပါရဲ့လား။ တကယ့်လက်တွေ့မှာတော့ ရှိမည်မထင်ပါ။ ယုံကြည်မှုအကြောင်းအရာတစ်ခုနှင့်အတူ ရယ်စရာဟာသလေးပါ ထည့်သွင်းရေးသွားခဲ့သော ၀တ္ထုတိုတစ်ပုဒ်ဖြစ်ပါသည်။ အကြောင်းအရာအား အတိုချုံ့ရေးသားပါမည်။ ဘုရားသခင်ကို အလွန်ယုံကြည်သောလယ်သမားကြီးတစ်ယောက်ရဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ တစ်နေ့မှာတော့ လယ်သမားကြီးရဲ့လယ်တွေဟာ မိုးအကြီးအကျယ်ရွာ၊ မိုးသီးတွေကျတဲ့အတွက် အကုန်ပျက်စီးကုန်ပါသည်။ ပြန်လည်စိုက်ပျိုးဖို့အတွက်လည်း ငွေမရှိရှာတော့ဘူး။ သူတို့မိသားစုစားဖို့ဝမ်းစာ တောင်မကျန်တော့တဲ့အဖြစ်နဲ့ကြုံရပါသည်။ ငတ်သေတဲ့မသာတော့မရှိဘူးလို့ကြိမ်းဝါးနေပေမယ့် ဘာလုပ်ရမှန်း မသိဖြစ်နေပါသည်။ နောက်ဆုံးမှာ သူရဲ့မျှော်လင့်ချက်က ဘုရားသခင်ရဲ့ ကြည့်ရှုစောင်မမှုကိုဖြစ်ပါသည်။ ဘုရားသခင်က မှိုင်းမစောင့်ရှောက်မည်ဟုလည်း ခိုင်ခိုင်မာမာယုံကြည်မှုဖြစ်တည်နေပါသည်။ နောက်တစ်နေ့ မနက်မှာ စာတစ်စောင်ကို ကြိုးစားပြီးရေးသားခဲ့ပါသည်။ “ရိုသေစွာ လျောက်ထားအပ်ပါသည်ဘုရား။ လယ်ခင်းများမှာ မိုးသီးဖျက်လို့ နောက်ထပ်ပြန်စိုက်ရန် နှင့် ကောက်သစ်မပေါ်မီ စားသောက်ရန်အတွက် ဒေါ်လာငွေ(၁၀၀)လောက်လိုပါသည်။” ဟုရေးပြီး စာအိတ်တွင်ထည့်ကာ် “ဘုရားသခင်ထံပေးရန်” ဟု စာအိတ်ပေါ်တွင်လိပ်စာတပ်လိုက်ပါသည်။ စာတိုက်ပုံးတွင်ထည့်ထားရာ မည်သူမျှ ဘုရားသခင်ကို လိပ်စာမတပ်၊ မရေးကြရာ စာပို့သမားမှတစ်ဆင့် စာတိုက်ဗိုလ်လက်သို့ရောက်ကာ သူ၏ ဘုရားသခင်အပေါ် ယုံကြည်မှုကို လေးစားသောအားဖြင့် စာတိုက်ဝန်ထမ်းများစုကာ သူ့ထံသို့ ဒေါ်လာငွေ(၇၀)ပို့လိုက်ပေသည်။ လယ်သမားကြီး၏ ဘုရားသခင်အပေါ်တွင် ယုံကြည်မှုကို ပိုမိုထက်သန်သွားစေကြောင်းရေးသားထားသည်ကို မှတ်သားခဲ့ဖူးပါသည်။ သို့သော်လည်း လယ်သမားကြီးသည် သူတောင်းသောငွေသည်(၁၀၀)ဖြစ်သော်လည်း (၇၀)သာပို့လိုက်သည့်အတွက် ထပ်မံစာရေးလိုက်သည်မှာကား “တောင်းဆိုထားသည့်ငွေများအနက် ငွေ (၇၀)သာလက်ထဲရောက်လာပါသည်။ ကျန်ငွေများအား ဆက်လက်ပို့ပေးပါဘုရား။ အသုံးအလွန်လိုအပ်လျှက်ရှိပါသည်။ နောက်တစ်ခေါက်ပို့လျှင် စာတိုက်မှမပို့ပါနှင့်။ စာတိုက်မှ အမှုထမ်းများသည် လူလိမ်များဖြစ်ကြပါသည်ဘုရား” ဟုရေးသားလိုက်လေတော့သည်။ ကျွန်တော်တို့ MSC Admin Team သည်လည်း ထိုသို့ဖြစ်နေလေသည်လားမသိပါ ☺
မိမိတို့ယုံကြည်ရာအမျိုးမျိုးရှိသည့်အနက် ဘုရားသခင်အား ယုံကြည်လွန်းခြင်းသည် ဘေးကင်းသော ယုံကြည်မှု ဖြစ်သည့်အပြင် ကောင်းမွန်သောဘ၀လမ်းခရီးကို ဖြတ်သန်းနိုင်ပေမည်။ ဘေးမကင်းသော အရာတို့အပေါ်တွင် ယုံကြည်မှုလွန်ကဲခြင်းသည် အန္တရာယ်ဖြစ်စေနိုင်ပါသည်။ တစ်ဦးအပေါ် တစ်ဦး မဖြစ်မနေဆက်ဆံကြရာတွင် အပြန်အလှန် ယုံကြည်မှုရှိရန်သည် လူမှုဆက်ဆံရေးနယ်ပယ်တွင် အလွန်အရေးကြီးသော၊ အလွန်အရေးပါ သော အရာတစ်ခုဖြစ်ပါသည်။ မယုံကြည်သင့်သောသူတို့အား မည်သူကမျှ အရေးလုပ် အရာသွင်းနေကြမည် မဟုတ်သလို မည်သည့်ကိစ္စနှင့်မျှ ပတ်သက်ချင်ကြလိမ့်မည်မဟုတ်ပါ။ ယုံကြည်ခြင်း မယုံကြည်ခြင်းသည် လူအချင်းချင်းဆက်ဆံပေါင်းသင်းရာတွင် အလွန်အရေးပါလှပါသည်။ မယုံကြည်သူတစ်ယောက်အား လက်ဖက်ရည်တစ်ခွက်ကိုပင် အလကားတိုက်ချင်မည်မဟုတ်ပါ။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပါက ပိုမို ဂရုပြုသင့်သော အရာမှာ ယုံကြည်မှု ပင်ဖြစ်ပါသည်။ ယုံကြည်မှု တည်ဆောက်ရန် အချိန်ကြာမြင့်စွာ တည်ဆောက်ရသော်လည်း ယုံကြည်မှုပျက်စီးရန်မူ အလွန်လွယ်ကူသည်ကို သတိပြုသင့်လှပါသည်။ ပျက်စီးသွားသော ယုံကြည်မှုတစ်ခုကို ပြန်လည်ရရှိရန်လည်း မလွယ်ကူတတ်ကြောင်းအား သတိပြု နိုင်ကြစေရန် ရည်ရွယ်ရေးသားလိုက်ခြင်းဖြစ်ပါသည်။ အခြားသူတစ်ယောက်က မိမိအား ယုံကြည်စေရန်မှာ မိမိကိုယ်တိုင်တွင် ယုံကြည်ထိုက်သော၊ ယုံကြည်လောက်သော အရည်အချင်းတစ်ခုခု ပိုင်ဆိုင်ထားရမည်ဖြစ်ပါသည်။ ယုံကြည်စရာ အရည်အချင်းမရှိလျှင် ယုံကြည်လောက်သော အကျင့်စာရိတ္တရှိ ရမည်ဖြစ်ပါသည်။ လူတို့သည် အဓိကအားဖြင့် အကျင့်စာရိတ္တကို ကြည့်ရှုခြင်းဖြင့် ယုံကြည်သင့် မယုံကြည်သင့် ကို အဆုံးအဖြတ်ပြုတတ်ကြကြောင်းကိုလည်း သတိပြုနိုင်ကြပါစေရန် ရေးသားရင်း ရပ်နားလိုက်ပါသည်။
အော်-ဒါနဲ့ ၂၀၁၉ မှာ Steem ဈေး ဘယ်လောက်ထိတက်သွားမယ်လို့ ယုံကြည်ထားကြသလဲ? ဖြေသွားကြဦး ☺ 1000$ လောက်ထိမှန်းထားသလား?
ရေးသားသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
6-Nov-2018 အင်္ဂါနေ့(Tuesday)