ဘယ်သူက နားထောင်တာလဲ?
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ
လွန်ခဲ့သောရက်ကဖြစ်သည်။ မစဥ်းစားဖြစ်ခဲ့တာကြာပြီဖြစ်တဲ့ အပြင် အဖြေကိုလည်း သေသေချာချာ မသိပဲ အီးယောင်ဝါးဖြစ်နေဆဲ မေးခွန်းတစ်ခုက ခေါင်းထဲပြန်ရောက်လာခဲ့သည်။
သိနားလည်သူတွေ ဖြေပေးပါလား။
အထူးအဆန်းတော့မဟုတ်။ ငယ်စဥ်ကတည်းက ကြားဘူးခဲ့တဲ့ မေးခွန်းတစ်ခုပဲဖြစ်ပါသည်။
မိဘနှစ်ပါး၏ စကားကို အချို့သော သားသမီးများက မိဘများ၏ရှေ့တော်မှောက်တွင် ဟုတ်ကဲ့ ဟုတ်ကဲ့ မိုးမွှန်အောင် ပြောဆိုကာ မိဘစကားကို မြေဝယ်မကျ နားထောင်သယောင် မိဘစိတ်ချမ်းသာအောင် လုပ်နေသော်လည်း မိဘများနောက်ကွယ်တွင်မူ လုပ်ချင်ရာ လုပ်နေတတ်ကြပါတယ်။
ဒီလို သားသမီးမျိုးက မိဘစကားကို နားထောင်သည်ဟု ခေါ်ဆိုနိုင်ပါသလား?
နောက် သားသမီးတစ်မျိုးက မိဘပြောသမျှ မိဘရှေ့မှောက်တွင် မိဘစိတ်မချမ်းသာအောင် ပြန်လှန်ပြောဆို နှုတ်လှန်ထိုးတတ်သော်ငြားလည်း မိဘများနောက်ကွယ်တွင် မိဘများ၏ ဆိုဆုံးမစကားများကို လိုက်နာကျင့်သုံးနေထိုင် တတ်ကြပါသည်။
ဒီလိုသားသမီးမျိုးက မိဘစကားကို နားထောင်သည်ဟု ခေါ်ဆိုနိုင်ပါသလား?
အဘယ်သားသမီးက မိဘစကားကို နားထောင်တဲ့ သားသမီး ဖြစ်ပါမည်နည်း?
ထို့အတူတူပင် ကိုးကွယ်ရာမြတ်စွာဘုရားရှင်ရှေ့တွင် မြတ်ဘုရားဟောကြားထားခဲ့သော တရားများကို နှုတ်တက်ဆောင် ရွတ်ဖတ်ပူဇော်နေကြပါသော်လည်း ဘုရားစင်ကိုပင် သန့်ရှင်းရေးမလုပ်ဆွမ်းတော်မှမကပ် တရားများကို လက်တွေ့ကျင့်သုံး လိုက်နာကျင့်သုံးခြင်း မရှိသောသူများနှင့်
ဘုရားစာကို ဩကာသမျှသာ တတ်သော်ငြားလည်း ဆွမ်းတော်နေ့စဥ်ကပ် ဘုရားဟောကြားခဲ့သော တရားများအတိုင်း လိုက်နာကျင့်သုံးနေထိုင်သူ
မည်သူက ဘုရားစကားကို နားထောင်သူဖြစ်ပါသလဲ?
အတော်လေးစဥ်းစားရကြပ်နေပါတယ်။ အမြင်လေးတွေ ပြောသွားကြအုံးနော်။
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ 💖💖💖