ဘယ်လမ်းကသွားကြမလဲ?
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ…..
ကျွန်တော်တို့တစ်တွေစာတွေရေးလာခဲ့တာ နှစ်အနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုစာတွေရေးကြတဲ့အထဲ မှာ လူငယ်လူရွယ်တွေကအများစုပဲဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ အများအားဖြင့် လူငယ်လူရွယ်တွေကိုပဲ ရည်ရွယ်ပြီးတော့ စာအများစုကို ရေးသားခဲ့ပါတယ်။ ခုလည်း လူငယ်လူရွယ်တွေအတွက်ကိုပဲရည်ရွယ်ပြီးတော့ မျှဝေချင်တဲ့စကားစုလေးတွေရှိနေပါတယ်။ အရင်ရက်ပိုင်းက အလုပ်မအားမလပ်တဲ့အတွက် စာရေးမတင်နိုင်ခဲ့ဘူး။ ဒီနေ့လည်းအားလို့တော့မဟုတ်ပေမယ့် ရေးချင်စိတ်ကြောင့် အချိန်လုပြီးရေးလိုက်ပါတယ်။ မျှဝေချင်တဲ့ အကြောင်းအရာကလည်း အောင်မြင်မှုငွေကြေးရရှိမှုတို့အတွက်အချက်လေးတစ်ချက်ကို ဖော်ပြဆွေးနွေး သွားချင်ပါတယ်။ အောင်မြင်တာတွေ ချမ်းသာတာတွေ ငွေကြေးကြွယ်ဝတာတွေရဲ့နည်းစနစ်တွေကို ဖော်ထုတ်ရေးသားကြတာ အခြားနိုင်ငံများက ဖြစ်တဲ့အတွက် နိုင်ငံအခြေအနေပေါ် မူတည်ပြီးတော့ ယနေ့အချိန်ထိ အချို့အရာတွေကွဲလွဲနေနိုင်ပါတယ်။ အဓိကရေးလိုတာကတော့ ငွေကြေးများများရလိုတဲ့ သူတွေအတွက်လို့ဆိုရမယ် အဲ-မဟုတ်သေးဘူး။ ငွေဆိုတာကလည်းလူအများစုကလိုချင်ကြတာပဲဆိုတော့ လူတိုင်းလူတိုင်းအတွက် ငွေကြေးရဖို့အရေးပါတဲ့အချက် တစ်ခုပါပဲ။ ငွေဆိုတာကလည်း လူတွေဆီကနေ စီးဆင်းလာတာပဲမဟုတ်လား။ လူတွေရဲ့အကြောင်းကို သိနားလည်အောင်ကြိုးစားတာဟာလည်း အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ဒီတော့ လူတွေရဲ့သဘောကိုနားလည်အောင်ကြိုးစားပါလို့ အရင်ဆုံးတိုက်တွန်းပါတယ်။ “မြန်မြန်ချမ်းသာအောင်မြင်လိုရင် အမြန်လမ်းကနေမောင်းနှင်ပါ။” “အမြန်လမ်းဆိုတာက အလွယ်လမ်းမဟုတ်ပါ” အမြန်လမ်ူလို့ဆိုလိုက်တာနဲ့ အများစုက အလွယ်လမ်းလို့ထင်မှတ်တတ်ကြပါတယ်။ အမြန်လမ်းက အလွယ်တကူရတဲ့ လမ်းမဟုတ်ပါဘူး။ အောင်မြင်ဖို့ ချမ်းသာဖို့ဆိုတာတွေအတွက် နည်းလမ်းပေါင်းစုံရှိနေမှာဖြစ်ပါတယ်။ တူချင်လည်းတူနိုင်သလို မတူပဲလည်းဖြစ်နိုင်ပါတယ်။ မန္တလေး၊ ရန်ကုန်မြို့တွေကိုရောက်ဖို့အတွက် လမ်းပေါင်းစုံရှိနေသလိုပါပဲ။ ရောက်တော့ရောက်ကြမယ်လို့တော့ထင်ပါတယ်။
ခုရေးသားလိုတာက လမ်းကောင်းကောင်းနဲ့မြန်မြန်သွားနိုင်ပါ လိမ့်မယ်။ ချမ်းသာဖို့အောင်မြင်ဖို့အတွက် အမြန်လမ်းနဲ့အနှေးလမ်း ဘယ်လိုလမ်းကိုရွေးမလဲလို့မေးရင်တော့ အမြန်လမ်းကိုရွေးမယ့်သူကပိုများပါလိမ့်မယ်။ အမြန်လမ်းကိုရွေးပေမယ့် အမြန်လမ်းအတွက်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ကြတော့ အကြောင်းအမျိုးမျိုးပြပြီး ရှောင်ဖယ်နေကြတဲ့အတွက် အမြန်လမ်းပေါ်မရောက်ပဲနဲ့ အနှေးလမ်းပေါ်မှာတင်အချိန်ကုန်နေကြတာပဲဖြစ်ပါတယ်။ အရင်တုံးကရေးခဲ့ဘူးတဲ့ လုပ်ချင်တာနဲ့လုပ်သင့်တာ ကွဲပြားမှ အမြန်လမ်းနဲ့နီးစပ်ပါလိမ့်မယ်။ လုပ်ချင်တာတောကိုပဲအမြဲလုပ်နေသူဆိုရင်တော့ အနှေးလမ်းသွားနေတဲ့ လူတစ်ယောက်ပဲဖြစ်ပါလိမ့်မယ်။ လုပ်သင့်တာတွေကို သည်းခံပြီးလုပ်နေတဲ့သူကသာ အမြန်လမ်းပေါ်ခြေချနေတဲ့ သူလို့ဆိုရပါလိမ့်မယ်။ အနှေးလမ်းသမားတွေက ကိုယ့်ပတ်ဝန်းကျင်မှာ အလွန်များပြားပါတယ်။ လခစားဝန်ထမ်းများဟာ အနှေးလမ်းမှာသွားနေတဲ့ အနှေးလမ်းသမားများထဲကပါ။ စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ တစ်ပတ်မှာ (၅)ရက် အလုပ်ဆင်းနေကြရပြီး ကျန်တဲ့(၂)ရက်မှာ အိမ်အလုပ်တွေနဲ့ ချာလည်လိုက်ပြီး ပင်စင်ယူတဲ့အချိန်ထိ လုပ်အားနဲ့ဉာဏ်အားကို ငွေနည်းနည်းနဲ့ရောင်းစားနေခဲ့ကြတာ ဖြစ်ပါတယ်။ ဝန်ထမ်းတစ်ယောက်၊ သာမန်အရောင်းစာရေးတစ်ယောက်ဟာ အလုပ်ရှင်ဆီမှာ လခကို နှစ်ဆတိုးတောင်းဖို့မဖြစ်နိုင်ပါဘူး။ စွန့်စားပြီး ကိုယ့်အရည်အချင်းနဲ့ကို လုပ်ကိုင်ရတဲ့ အားကစားလောက အနုပညာလောက တွေဟာလည်းအောင်မြင်ဖို့ခဲယဉ်းသလို အသက်ကြီးတဲ့အချိန် ဒါမှမဟုတ် နာမည်ကျသွားတဲ့ အချိန်မှာ ကျရှုံးသွားဖို့ အလွန်လွယ်ကူပါတယ်။ သူတို့ဟာလည်း အမြန်လမ်းသမားများမဟုတ်ပါဘူး။ “လူတွေအတွက် များများအကူအညီရလေလေ လူတွေကိုများများအကျိုးပြုနိုင်လေလေ များများချမ်းသာလေ များများအောင်မြင်လေ”ဆိုတဲ့ဆောင်ပုဒ်ကို အမြဲလက်ကိုင်ထားသူတွေဖြစ်ပါလိမ့်မယ်။ လူအများစုအသုံးပြုနေကြတဲ့ Facebook, Google တို့ဟာ လူတွေအတွက် အကူအညီအများကြီးရတဲ့အတွက် တည်ထောင်သူတွေက အောင်လည်းအောင်မြင်ကြသလို အရမ်းလည်းချမ်းသာနေကြတာ ဘယ်သူမှငြင်းမရတဲ့ အချက်တစ်ခုပါပဲ။ အမြန်လမ်းသမားကတော့ သူ့ရဲ့အချိန် သူ့ရဲ့လုပ်အား ဉာဏ်အားကို ဈေးသတ်မှတ်ချက်နဲ့ မရောင်းစားပဲ လူတွေရဲ့လိုအပ်ချက်တွေကိုထုတ်ကုန်အဖြစ်ရောင်းချပေးတတ်ကြပါတယ်။ ကျောင်းနေစဉ်ကာလကတည်းက စာပေါင်းများစွာနဲ့အောင်မြင်ခဲ့သူတွေရဲ့နည်းလမ်းတွေကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးတီထွင်နေခဲ့သူတွေပဲဖြစ်ပါတယ်။ မျက်စိကိုဖွင့် နားကိုစွင့်ပြီးတော့ အခွင့်ရေးကောင်းတွေကို စောင့်နေတတ်ကြပါတယ်။ စာများများဖတ်ကြသူတွေလည်းဖြစ်သလို အကောင်းမြင်စိတ်ထားရှိကြသူတွေလည်း ဖြစ်ပါတယ်။ ဒီတော့ အောင်မြင်မှုပန်းတိုင်ကို သေသေချာချာနဲ့မြန်မြန်ဆန်ဆန် လှမ်းကိုင်ဖို့ဆိုရင် အမြန်လမ်းကနေသွားနိုင်အောင်ကြိုးစားသင့်ပါတယ်။ ကိုယ့်အလုပ် ကိုယ့်အရည်အချင်း ကိုယ့်ထုတ်ကုန်က လူတွေကိုအကူအညီများများပေးနိုင်တဲ့အရာ လူတွေကိုများများအကျိုးပြုနိုင်တဲ့အရာဖြစ်အောင် ကြိုးစားသင်ယူလေ့လာမှတ်သားပြီး ပတ်ဝန်းကျင်ကို မျက်စိဖွင့် နားစွင့်လို့ အခွင့်ကောင်းတွေကိုစောင့်မျှော် သင်ယူခြင်းတွေကိုအဆက်မပြတ်လုပ်နေကြမယ်ဆိုရင်ဖြင့် အမြန်လမ်းကနေသွားနိုင်သူတစ်ယောက် ဖြစ်လာနိုင်ပါကြောင်းရေးသားအကြံပြုရင်းနဲ့ပဲ ရပ်နားလိုက်ပါတယ်။